အမေရိကားကိုပြောင်းရွှေ့နေထိုင်သူတစ်ယောက်ရဲ့ရုန်းကန်ရပ်တည်မှုနဲ့ကုန်ကျစားရိတ်တွေကို ခံစားမျှဝေချင်ပါတယ်
![]() |
| ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး) |
နေရာသစ်တစ်ခုကိုရောက်ပြီဆိုတာနဲ့ထိပ်ဆုံးရင်ဆိုင်ရမယ့်စိမ်ခေါ်မှုတွေကတော့ မတူညီတဲ့ဘာသာစကားအခက်အခဲ နဲ့ စားဝတ်နေရေးရပ်တည်မှုတွေပါပဲ။
ကိုယ်နေ့စဉ်ပြောနေကျစကားကိုသူများနားမလည်တာ၊ တစ်ပါးသူပြောတာကိုကိုယ်ကနားလည်ပေမယ့်ချက်ချင်းမတုံ့ပြန်နိုင်တာတွေဟာကြည့်တော့လွယ်မလိုနဲ့တော်တော်ခံစားရခက်ပါတယ်။ အမေရိကားကိုမလာခင်အင်္ဂလိပ်စကားပြောသင်တန်းတွေတက်ခဲ့တုန်းက
ဆရာအများစုက “အင်္ဂလိပ်စာကိုမြန်မာလိုမတွေးနဲ့၊ အင်္ဂလိပ်လိုတွေး” လို့ သင်ပေးတာကိုသတိရမိပါတယ်။ တကယ်ရင်ဆိုင်ရတဲ့အခါ ဘယ်စိတ်ကူးကို မြန်မာလိုတွေး၊ ဘယ်အကြောင်းအရာကိုတော့ အင်္ဂလိပ်လိုစဉ်းစားဖို့အချိန်ဆိုတာက
မရနိုင်ခဲ့ဘူး။ ကိုယ်ပြောချင်တာကိုသာ စိတ်ထဲကမြန်မာလိုကြိတ်ပြီးဘာသာပြန်နေမိတာလည်းအကြိမ်ကြိမ်ပါ။
ဒီလိုဘာသာစကားအခက်အခဲတွေကို ဖြေရှင်းဖို့လူမျိုးအထွေထွေပေါင်းစည်းနေထိုင်တဲ့အမေရိကားမှာ ဒုတိယဘာသာစကားပြောသူ (Second Language Speaker) တွေအတွက် လူကြီးကျောင်း (Adult School) ဖွင့်လှစ်သင်ကြားပေးတဲ့အစီအစဉ်တွေရှိပါတယ်။ ကျောင်းချိန်က မနက်ရော၊ ညပိုင်းရော ရှိကြတယ်။ ကျောင်းဝင်ကြေးက ဆန်ဖရန်စစ္စကိုပင်လယ်အော်ဒေသဘက်မှာ (၂၅) ဒေါ်လာပါ။