ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Friday, August 6, 2021

ဆရာကြီးဆိုသူများသို့

ကျွန်တော်ဘဝတလျှောက်မှာ ဆရာတွေအများကြီး ရှိပေမဲ့ ဆရာကြီးဆိုသူတွေထဲမှာ ကျောင်းအုပ်ဆရာကြီးတစ်ယောက်ပဲ ကျွန်တော်လေးစားတယ်။ ဒါတောင် အမျိုးသမီး။ အ.လ.က ၅ က ကျောင်းအုပ်ဆရာမကြီး။ အခု အင်တာနက်ပေါ်မှာက ဆရာကြီးလို့သုံးလိုက်ရင် အဲဒါ ရွဲ့စောင်းပြောတာ၊ ချိတ်တာ၊ ဖဲ့တာ၊ အထင်သေးလို့ပြောတာ၊ ငယ်ငယ် ကျောင်းတုန်းက စကားနဲ့ပြောရင် အကြီးကြီးလုပ်တာ။ မူလစာလုံးဟာ လူတွေရဲ့ တလွဲယူမှု ခေတ်ရေစီးကြောင်းကြောင့် အဓိပ္ပာယ်ပြောင်းလာရတယ်။


ကျွန်တော်ဟာ ဆရာကြီးတစ်ယောက် မဟုတ်ပါ။ ဘာဘွဲ့မှ မရထားပါ။ သာမန်ဘဝကနေ အခက်အခဲများစွာကို ကျော်ဖြတ်ပြီး အခုလိုအချိန်မှာ "ပြည်လည်အသိပညာမျှဝေသူ" အဆင့်ထိရောက်ဖို့ တဖြည်းဖြည်းတက်လှမ်းခဲ့သူ ဖြစ်ပါတယ်။ စာအုပ်ထုတ်တယ်ဆိုတာလည်း ကိုယ်ရေးထားတာတွေဟာ တချိန်ချိန် အင်တာနက်ကြီး မည်းမှောင်ကျသွားရင် နောက်လူတွေ အမေရိကားအကြောင်း လေ့လာနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်ခဲ့တာ ဖြစ်ပါတယ်။ စုစုပေါင်း ၂ အုပ်ထုတ်ထားပြီ။ မသေခင်အထိ ၇ အုပ်ပြည့်အောင် ထုတ်အုံးမယ်။ စာတွေက အဆင်သင့်။

နေရာသစ်မှာ ခြေလာချတာက အဓိက သားသမီးပညာရေးကောင်းဖို့။ ကျန်တာတွေက သာမညတွေ။ ဖြစ်လည်း ရတယ်။ မဖြစ်လည်း ရတယ်။ ဒီလိုစိတ်မျိုး ထားထားတာ ဘာကြောင့် ဆရာကြီး ဖြစ်ချင်ရမှာလဲ။ ကျွန်တော့ဘဝမှာ တက္ကသိုလ်ပညာ သင်ရင်းတန်းလန်း ငွေစက္ကူ တရားမဝင်ဘူး ကြေငြာတယ်။ အဲဒါတောင် ဒုတိယတစ်ကြိမ်။ အဝေးသင်ရောက်သွားလည်း ကျောင်းက တက်လို့မရတော့ဘူး။ ဒီလို ခါးကျိုးခဲ့ကတည်းက အသေမှတ်ထားတာ "ငါ့သားသမီးအလှည့်ကျရင် ဒီလို မဖြစ်စေရဘူး"

လိုရင်းကို ပြန်ကောက်ရရင် အင်တာနက်မှာ စာရေးရင်းနဲ့ အမေရိကားနဲ့ ပတ်သက်ရင် ကိုညီညီ (တောင်ကြီး) ရေးတာကို ဖတ်ကြမယ်ဆိုပြီး ဖြစ်လာတယ်။ နာမည်ကြီးတာကို ကျွန်တော် စိတ်မဝင်စားဘူး။ အလုပ်ရှုတ်တယ်။ ဒါကလည်း ကျွန်တော်ဖြစ်ချင်လို့ လုပ်ထားတဲ့ဘဝ မဟုတ်ဘူး။ ကျွန်တော် လုပ်ချင်တာကို ရွေးလုပ်ရင်း ဖြစ်လာတဲ့ဘဝ။ ဒါကို ဘာကြောင့် ဆရာကြီး ဖြစ်ချင်ရမှာလဲ။ ကျွန်‌တော့ခေါင်းပေါ်မှာ ဆရာကြီးဆိုတာ မရှိဘူး။ ကျွန်တော့ခေါင်းပေါ်မှာ အမှိုက်ပုံး မရှိဘူး။ လာသွန်လို့ မရဘူး။ လက်မခံထားဘူး။
အလည်ဗီဆာ၊ ကျောင်းသားဗီဆာ၊ ဆွေမျိုးခေါ်ဗီဆာတွေကို စိတ်ဝင်စားတယ်။ ကျွန်တော်လာတုန်းက ၂ဝဝ၉ မှာ။ ၂ဝဝ၈ တစ်နှစ်လုံး အမေရိကားကအစ်မ ဖြည့်ပေးသမျှ ဆွေမျိုး ၂၂ ယောက်ရဲ့ ဖောင်တွေကို မြန်မာနိုင်ငံကနေ ကျွန်တော်တစ်ယောက်တည်း ဒိုင်ခံဖြည့်ပြီး သံရုံးကို တင်ပေးခဲ့တာ။ စီးပွားရေးကို ပစ်ထားခဲ့တာ မလာခင် ၁ နှစ်ခွဲတိတိ။ ဒီလိုရင်းနှီးမြှုပ်နှံမှုကြောင့်ပဲ ပြည်ဝင်ခွင့်အကြောင်းဆိုရင် သာမန်လူထက် မဆိုစလောက် သိတယ်ပေါ့။ ဒီလိုနဲ့ Immigration အကြောင်းကို ကိုယ့်ထမင်းကိုယ်စားပြီး လေ့လာခဲ့တယ်။

အလည်ဗီဆာနဲ့လာပြီး အလုပ်လုပ်တာကို တရားမဝင်ဘူးလို့ တရားသေမှတ်ခဲ့တာ ၇ နှစ်။ တကယ်လည်း အလည်နဲ့လာရင် တရားဝင် အလုပ်ခန့်လို့ မရပါဘူး။ ဒါပေမဲ့ အလည်၊ ‌ကျောင်းသားဗီဆာနဲ့လာပြီး ဂရင်းကတ်ရတဲ့အထိ ကိုယ့်လမ်းကိုယ်ဖောက်ပြီး ကိုယ့်လမ်းကိုယ်လျှောက်ခဲ့သူတွေဟာ အမေရိကားရောက် မြန်မာတွေရဲ့ တစ်ဝက်ရှိတယ်ဆိုတာ သိလာတဲ့နောက် ပြန်သုံးသပ်ကြည့်တယ်။

အမေရိကားဟာ ဒီလိုလူတွေကို လိုနေတယ်။ သမ္မတပေါ်မူတည်ပြီး ပြောင်းသမျှပေါ်လစီတွေကြား အပြည်ပြည်ဆိုင်ရာက သံရုံးများဟာ ယိမ်းထိုးနွဲ့ကာ ဗီဆာထုတ်ပေးကြတယ်။ ဒီကြားထဲ အရူးတွေက အာဏာထသိမ်းတော့ ကျွန်‌တော်ဆုံးဖြတ်တယ် "အလည်ဗီဆာနဲ့လာသင့်သလား" ဆိုတာ ကျွန်တော်ဆွေးနွေးမယ်။

ဒါတောင် ပွဲဆူမှာစိုးလို့ ကျွန်တော့ Timeline မှာ မရေးဘူး။ အဖွဲ့တစ်ခုထဲမှာပဲ သွားတင်ပေးတာ။ ဒါကို ကျွန်တော်ရေးတာကို လက်ရှိအခြေအနေနဲ့ သေသေချာချာ မသုံးသပ်ပဲ ကျွန်တော် ၇ နှစ်ကြာအောင် အမြင်သေးသိမ်ခဲ့တဲ့ ဆင်တူတဲ့အမှားကို ရင်မှာပိုက်ပြီး‌ ခေါင်းပေါ်မှာ အမှိုက်ပုံးဖွင့်ထားတဲ့သူတွေက "အလည်ဗီတာနဲ့ ဒီမှာ ရက်လွန်နေခိုင်းတာဟာ ဆရာကြီးလုပ်တာ" ဆိုပြီး ပြောလာတယ်။ တကယ် ဆရာကြီးက ဘယ်သူလဲ။ ဘယ်သူက မှန်သလဲ ဘယ်သူက မှားသလဲဆိုတာ ဘယ်သူက ဆုံးဖြတ်ပေးတာလဲ။

အမေရိကားဆိုတာ ဘာမဆို အကုန် ကိုယ့်ဟာကိုယ် လုပ်ရတဲ့တိုင်းပြည်။ ကျွန်တော်ပြောသမျှ လိုက်လုပ်တဲ့တိုင်းပြည် မဟုတ်ဘူး။ ‌အ‌မေရိကန်သမ္မတ တတွတ်တွတ်ပြောလည်း လုပ်သင့်တယ်ဆိုမှ လုပ်တဲ့သူတွေနဲ့ ဖွဲ့စည်းထားတဲ့ တိုင်းပြည်လေ။ ဘယ်တုန်းက ဆရာကြီးလုပ်တယ် ဖြစ်သွားရတာလဲ။

ကျွန်တော်သိပြီး ပြန်ရေးပြလို့မရတဲ့ လျှို့ဝှက်ချက်တွေ၊ ရေးထားပြီး လူရှေ့ထုတ်ပြလို့မရတဲ့ ဆောင်းပါးတွေ အများကြီး ရှိပါ့။ ဘာလို့လည်းဆိုတော့ အများကို အသိပညာပေးချင်တာလေ။ အသိပညာကြွယ်ဝဖို့သာ အလုပ်လုပ်နေတာလေ။ တပည့်တပန်းတွေ အများကြီးမွေးပြီး ဆရာကြီးလုပ်ချင်မှာတော့ မြန်မာပြည် ဖက်ဆစ်တပ်ထဲဝင်ပြီး ဗိုလ်ချုပ်လုပ်နေလိုက်တော့မှာပေါ့။

ပြောပြနေတာက အရှင်းကြီး။ လျှောက်ထားသူက ဘယ်လောက်ပီပြင်နေ ပီပြင်နေ သံမှူးကချရင် ဗီဆာမရတာက မရတာပဲ။ ဒီလိုပဲ ဘယ်လောက်ပဲလိမ်ထား လိမ်ထား သံမှူးမျက်စိမှောက်ရင် ဗီဆာ ရချင်ရရင် ရတာပဲ။ ဒါကို အချိန်အကြာကြီး ကျွန်‌တော့်လေ့လာခဲ့တယ်။ အခုပြောတာက အလည်နဲ့လာလာ ကျောင်းသားနဲ့လာလာ၊ အာဏာရှင်ကို အပြင်ကနေတိုက်ဖို့ပဲလာလာ၊ အာဏာရှင်လက်က လွတ်အောင်ပဲလာလာ ၂ဝ၂၁ မှာ ဒီဘက်မြေကိုရောက်ရင် ကိစ္စ ဝိစ္စတွေက ရှင်းလို့ရတယ် "ဒီလိုရေးထားတာ" "ဒီလိုရေးပြထားတာ" အလည်နဲ့လာပြီး အိုဗာစတေးနေလိုက်တော့လို့ တစ်ခါမှ မရေးခဲ့ဘူး။ မပြောခဲ့ဘူး။ အင်တာဗျူးမဖြေခဲ့ဘူး။ Live မလွှင့်ခဲ့ဘူး။

ဒီတော့ ဖော်မြူလာက ရှင်းရှင်းလေး။ သက်တမ်းရှိသလောက်နေ။ သက်တမ်းနဲ့ပါလာတဲ့ ဗီတာကို အသုံးချ။ သက်တမ်းကုန်ခါနီးမှာ Legal Status ပြောင်း။ ကတ်ပြား ၁ ခုကနေ ၂ ခု ၃ ခု ရအောင် တစ်ဆင့်ချင်းသွား။ #ဒါမျိုးမပြောပြရတော့ဘူးလား။ ကိုယ့်မြန်မာတွေကို #ဒါမျိုးမကူညီရတော့ဘူးလား။ ကျောင်းလာတက်မယ့်သူ‌တွေ ကြိုက်သလောက် အများကြီး အမေရိကားလာပါစေ #ဒါမျိုးလမ်းမညွှန်ပေးရတော့ဘူးလား။

အမေရိကန်အစိုးရကိုယ်တိုင်က ဒီလိုရေးထားတယ် "Asylees do not enter the United States as refugees. They may enter as students, tourists, businessmen, or even in undocumented status" တဲ့။

မြန်မာလို အဓိပ္ပာယ်က Asylum-Seekers တွေဟာ နိုင်ငံထဲကို ကြိုရောက်နေသူတွေ ဖြစ်တာကြောင့် State Department ရဲ့ တရားဝင်ဖော်ပြမှုထဲမှာ ကျောင်းသားဗီဆာနဲ့ ဝင်လာသူ၊ နယ်လှည့်ခရီးသွားဗီဆာနဲ့ ဝင်လာသူ၊ စီးပွားရေး အကြောင်းပြချက်နဲ့ ဝင်လာသူအပြင် ဘာစာရွက်စာတမ်းမှမရှိဘဲ ဝင်လာသူ၊ နယ်စပ်အပေါက်ဝ (လေ‌ဆိပ်/ရေဆိပ်/နယ်စပ်ခိုးဝင်) ကနေ ဝင်လာသူတွေကို ခေါ်ပါတယ်တဲ့။ ကဲ မပြောဘူးလား။ ဒီအတွက်လည်း ‌ဘောင်ဝင်ရင် ခိုလှုံခွင့်ကို လျှောက်ခွင့်ပေးထားတယ်နော် သေချာဖတ်အုံး။

အမေရိကားရောက်လို့မှ အမေရိကန်အစိုးရက ချမှတ်ထားတဲ့ ဥပ‌ဒေကို လိုက်နာနေသမျှ တရားဝင်နေတာချည်းပဲ။ အလည်နဲ့လာတယ် သံရုံးက တရားဝင်ဗီတာပေးလိုက်တာ။ ကျောင်းသားနဲ့လာတယ် သံရုံးက ကျောင်းသားကို တရားဝင်ကျောင်းပေးသွားတက်တာ။ အလုပ်နဲ့လာတယ် တရားဝင်တယ်။ တရားမဝင်ဘဲ လာဖို့ဆိုရင် အမေရိကားဟာ မြန်မာနိုင်ငံနဲ့ နယ်စပ်ခြံစည်းရိုး ကပ်နေမှပဲ ရမယ်။

တဆက်တည်း ခိုလှုံခွင့်လျှောက်တယ်နော် ကိုက်ညီရင် ပေးလျှောက်တယ် တရားဝင်။ မကိုက်ညီရင် အမှုမအောင်ဘူး တရားဝင် ကျတယ်။ ပြန်ပြင်ဆင် ပြန်လျှောက်ခွင့်ပေးတယ် တရားဝင်။ ရှေ့နေငှားတယ် တရားဝင်။ ငွေသွင်းတယ် ဘဏ်က ဒေါ်လာကို ထုတ်ပြီး အစိုးရအကောင့်ထဲသွင်းတယ် တရားဝင်။ အားလုံး တရားဝင်။ အမေရိကားမှာ တရားမဝင်တာ . . . ဒါပဲ ရှိတယ်။ တော်ပြီ မပြောတော့ဘူး။ ဒါကို ဘယ်နေရာက ဆရာကြီး လုပ်မိလို့လဲ။ လမ်းမှာနှုတ်ဆက်တဲ့ မြန်မာတစ်ယောက်က ခိုလှုံသူနဲ့ ဝင်လာတယ်လို့ဆိုရင် ချက်ချင်းကြီး အထင်သေးမလို့လား။ ဒါဟာ သေးသိမ်တာပဲ။

ကျွန်တော် နှစ်အကြာကြီး မှားခဲ့တာကို အမှားပြင်ခဲ့တယ်။ အထင်သေးတဲ့ စိတ်ဓာတ်ကို ပြင်ခဲ့တယ်။ မှန်ကန်တဲ့စိတ်ဓာတ်ကိုမွေးပြီးမှ ၇ နှစ်အကြာမှ ဒါတွေကို စရေးခဲ့တယ်။ သံရုံးက ဗီဆာပေးတာ မပေးတာက သူတို့ကိစ္စ။ ကျွန်‌တော် သံရုံးမှာ အလုပ်မလုပ်ဘူး။ UNHCR မှာ အလုပ်မလုပ်ဘူး။ အမေရိကန်အစိုးရဆီမှာ အလုပ်မလုပ်ဘူး။ ဒီနေရာမှာ ကျွန်တော့ အကျိုးစီးပွားမရှိဘူး၊ မသိဘူး။ အမေရိကားကို မြန်မာတွေ အများကြီး တရားဝင် လာလွတ်မြောက်နိုင်ဖို့ပဲ ကျွန်တော်သိတယ်။ ဆရာကြီးတွေတော့ မပြောတတ်ဘူး။ ကျွန်တော်ဟာ ဆရာကြီး မဟုတ်ဘူး။ ကျွန်တော့ခေါင်းပေါ်မှာ အမှိုက်ပုံးမရှိဘူး။

#KNNTgi
08-06-2021

No comments: