ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Showing posts with label ကား နှင့် လမ်း. Show all posts
Showing posts with label ကား နှင့် လမ်း. Show all posts

Tuesday, June 2, 2020

ဒေါ်လာ ၂.၇ သန်းတန် ကားအစီး ၇ဝ

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
တနင်္ဂနွေနေ့ညတုန်းက အိမ်အနီးနားက Dodge ကားကိုယ်စားလှယ်ရုံးမှာ ကားအစီး ၇ဝ ကျော် လုယက်ခံရပါတယ်။ လုယက်သူတွေဟာ ရဲကား နဲ့ မီးသတ်ကားတွေအလုပ်ရှုတ်အောင် ၂ လမ်းပဲခြားတဲ့ Walmart ကို မီးလောင်တိုက်သွင်းတာ၊ မျက်နှာချင်းဆိုင်ကားလမ်းရှေ့ရှော့ပင်းမောက Nike က ဖိနပ်တွေကိုဝင်လုတာအပြင် အားလုံးကိုအချိန်ကိုက်လုပ်လိုက်ကြတော့ ကားတွေမောင်းထွက်ဖို့အချိန် ၅ နာရီလောက်ရသွားပါတယ်။ ကားကိုယ်စားလှယ်ပိုင်ရှင် ကားလို့စ်-Carlos က သတင်းရုပ်သံနဲ့ပြောတဲ့အထဲမှာ

"သူတို့မှာ မျက်ရည်ယိုဗုံးတွေပါလာတယ်။ ဖောက်ခွဲလိုက်တဲ့မီးခိုးတွေကြားမှာ လူအုပ်ကြီးဟာ ကားသော့မီးခံသေတ္တာကိုရသွားပြီး NIKE စတိုးကလူတွေပါ လမ်းကူးပြီးအကုန်ဝင်လုကြတယ်"

"ထွက်ပေါက်ကိုပိတ်ရပ်ထားတဲ့ကားတွေကို တစ်စီးနဲ့တစ်စီးတိုက်ပစ်ပြီးလမ်းပေါက်ဖွင့်ပေးလိုက်တဲ့နောက်မှာ ပါကင်လော့မှာရှိတဲ့ ကားအကုန်လုံးနီးပါး ပါသွားပါတယ်။ ကားတာယာတွေမီးရှို့ပြီးလမ်းပိတ်ထားတယ်"
"ကားအမျိုးအစားတွေက ဒေါ့ဂျ်ထရပ်၊ ဂျစ်ကား၊ ချာဂျာ နဲ့ ဈေးကြီးတဲ့ Dodge Challenger Hellcats တွေကားအားလုံးပေါင်းလိုက်ရင် ဒေါ်လာ ၂.၇ သန်း တန်ပါတယ်။ အားလုံးအသစ်ချည်းချည်း"

"သန့်ရှင်းတဲ့လူ့ဘဝတစ်ခုဆိုတာပျက်စီးသွားပြီးရင် အကောင်းအတိုင်းပြန်ယူချင်လို့မရပါဘူး။ ကားတွေက ပြန်အစားထိုးလို့ရပါတယ်။ ကားတွေနဲ့လုပ်ငန်းက အလုံးစုံအာမခံတင်ထားတော့ပြန်ရပေမယ့် ဝန်ထမ်းအယောက် ၇ဝ ရဲ့ ဘဝတွေဟာ မျှော်လင့်ချက်မဲ့စေပါတယ်"

Monday, May 25, 2020

ဖယ်ရားရီကြောင့်လမ်ဘိုဂီးနီဖြစ်ပေါ်လာပုံအီတလီသမိုင်း


ဟိုးရှေးရှေးတုန်းက အင်မတန်အပြေးမြန်တဲ့မြင်းတစ်အုပ်ရှိတယ်။ အပြေးမြန်တဲ့မြင်းတွေကို တစ်ခြားသတ္တဝါတွေကအားကျရတဲ့အထဲမှာ နွားသိုးရိုင်းကြီးတစ်ကောင်လည်းပါသတဲ့။

တစ်နေ့တော့ နွားသိုးရိုင်းကြီးက ပြိုင်မြင်းတစ်ကောင်ကို သူ့ခွာသံကကြမ်းလွန်းပြီး အသံဆူလွန်းရုံမက မြေကြီးနဲ့အကြိမ်အများကြီးထောက်ရတဲ့စတီးခွာက ခဏခဏလဲပေးနေရတယ်လို့အကြံပြုမိတော့ ပြိုင်မြင်းကစိတ်ဆိုးသွားလေတော့တယ်။

ဒီအခါမှာ ပြိုင်မြင်းက မောက်မောက်မာမာပဲ "မင်းက ခန္ဓာကိုယ်ကြီးတော့ တုတ်တုတ်ခိုင်ခိုင်နဲ့ဆိုတော့ ပြိုင်မြင်းကောင်းတွေလိုဘယ်လိုလုပ်ကောင်းကောင်းပြေးနိုင်မလဲကွာ" ဆိုပြီး သူ့ရဲ့အကြံပြုချက်ကိုပျက်ရယ်ပြုခဲ့သတဲ့ကွယ်။

ကလေးတွေဆိုရင်တော့ ပုံပြင်က ဒီမှာတင်ပြီးသွားမှာပါ။ ဒါပေမဲ့ ပြိုင်ကားဝါသနာအိုးတွေအတွက်ဆက်ရှင်းပြစရာရှိနေပါသေးတယ်။ ဒီအဖြစ်အပျက်က ပုံပြင်မဟုတ်ဘဲ အီတလီနိုင်ငံမြောက်ပိုင်းမှာတစ်ကယ်ဖြစ်ခဲ့တာပါ။

စပျစ်ခြံလုပ်သားဇနီးမောင်နှံကမွေးဖွားခဲ့တဲ့ ဖယ်ရူးချိုလမ်ဘိုဂီးနီ-Ferruccio Lamborghini (https://www.youtube.com/watch?v=9SspgG2uynI) ဟာ စိုက်ပျိုးရေးဝါသနာမပါခဲ့ပါဘူး။ အဲဒီ့အစား စက်မှုယန္တရားဆိုင်ရာတွေကိုစိတ်ဝင်စားရင်း ဒုတိယကမ္ဘာစစ်မှာ လေတပ်ကနေပါဝင်ထမ်းဆောင်ခဲ့သူပါ။



တကုတ်ကုတ်နဲ့စက်အစုတ်တွေကိုလိုက်ပေါင်းစပ်ရင်း စစ်ဘက်ဆိုင်ရာမော်တာအဟောင်းတွေဟာ လမ်ဘိုဂီးနီအတွက် ထွန်စက်တွေ၊ ကိုယ်ပိုင်ထွင်ထားတဲ့လယ်ယာသုံးစက်ကြီးတွေဖြစ်လာပါတယ်။ ချမ်းသာလာတဲ့ လမ်ဘိုဂီးနီဟာ ပြိုင်ကားတွေစိတ်ဝင်စားလို့ ဝယ်ရင်း စီးရင်းနဲ့ ဖယ်ရားရီ-Ferrari (https://www.youtube.com/watch?v=NuHyQ_oRnzo) တစ်စီးပါဝင်ခဲ့တယ်။

ကားအကြောင်းနားလည်တဲ့ လမ်ဘိုဂီးနီဟာ သူတန်ဖိုးထားရတဲ့ ဖယ်ရားရီမှာ ပြင်ဆင်စရာတစ်ချို့ရှိနေတာကို စိတ်တိုင်းမကျဖြစ်လာမိတယ်။ ပြိုင်ကားကိုမောင်းတဲ့အခါအသံဆူလွန်းရုံမက ကားရဲ့ရုန်းကန်မှုဟာ လမ်းတွေပေါ်မှာကြမ်းတမ်းလွန်းတာကိုသတိပြုမိလာတယ်။ ဒါတင်ပဲလားဆိုတော့မဟုတ်သေးဘူး ဖယ်ရားရီပြိုင်ကားရဲ့ လက်ထိုးဂီယာ-Stick Shift Gear နဲ့တွဲနင်းရတဲ့ ကလပ်-Clutch ကိုလည်း မကြာမကြာလဲပေးနေရတာကို သူစိတ်ပျက်လာတယ်။