ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး) |
အမေရိကားအကြောင်းပဲ ပြောတာပါနော်။ Student Loan ဆိုတာက အမေရိကားမှာ Green Card သမားနဲ့ နိုင်ငံသားတွေသာ ချေးခွင့်ရပါတယ်။ Green Card သမားဆိုတာက ဆွေမျိုးပဲ ခေါ်ခေါ်၊ Refugee နဲ့ပဲ လာလာ၊ ဒီနိုင်ငံထဲရောက်လို့ Asylum ခံထားသူပဲ ဖြစ်ဖြစ် Green Card ပိုင်ဆိုင်ထားသူ အားလုံးကို ဆိုလိုပါတယ်။ ခိုလှုံခွင့်အောင်ထားပြီး လက်ထဲကို ကတ်ပြားမရောက်သေးပေမဲ့ #A Number ရထားပြီးသူ ဆိုတာက Green Card ရဖို့ နံပါတ်ကြိုထုတ်ပေးထားတာနဲ့ အတူတူပါပဲ။
Green Card ရဲ့ ရုံးစာအကျယ်ဖွင့်ဟာ #A Number-Alien Registration Number လို့ ရေးပါတယ်။ ဆိုလိုတာက အမေရိကန်နိုင်ငံအပြင်ဘက်က ဂြိုဟ်သားတစ်ယောက်ရဲ့စာရင်းနံပါတ်လို့ ရီစရာအနေနဲ့ မှတ်ထားမိတာကို သတိရမိတယ်။ LPR- Lawful Permanent Resident ဆိုတာလည်း "ဥပဒေကိုလိုက်နာသောအမြဲတမ်းနေထိုင်သူ" လို့ မှတ်သားမိတာကိုပါ တခါတည်း အမှတ်ရမိပြန်ပါတယ်။
ဒီအရည်အသွေးတွေကြောင့် အမေရိကား အဖွဲ့အစည်းအသီးသီးက "အမြတ်ရဖို့" ငွေချေးတာ ဖြစ်ပါတယ်။ ဒါကို ကျောင်းသားက ချေးတဲ့ငွေဖြစ်လို့ Student Loan လို့ ခေါ်တာပါ။ ကျောင်းသားတိုင်း ငွေချေးခွင့်မရပါ။ အပြည်ပြည်ဆိုင်ရာ ကျောင်းသားက ပိုဆိုး။ ငွေမရှိရင် ကျောင်းလာတက်လို့ မရပါ။
ဒီနေရာမှာ စောဒကတက်ကြမယ် စာသင်ဆု ရှိတယ်လေ၊ စကောလား ပေးတယ်လေ၊ ဂရင့်-Grant ရှိတယ်လေ။ ဟုတ်ပါတယ် ရှိကြပါတယ်။ ဒီဟာတွေက Student Loan မဟုတ်ပါဘူး။ စကောလားရှစ်ပေးတယ်ဆိုတာ ကျောင်းက ငွေချေးပေးတာ မဟုတ်ပါဘူး။ ကျောင်းလခထဲက စကောလားငွေကို နှုတ်ပေးသွားတာ မဟုတ်ပါဘူး။ ကျောင်းသားက သူပေးရမယ့်ဟာ ပေးရပါတယ်။ ကျောင်းက အပြည့်ရပါတယ်။ မရှုတ်သွားပါနဲ့။
စကောလားပေးတဲ့သူက ကျောင်းသား ကျောင်းတက်ပြီ၊ ကျောင်းလခသွင်းပြီ၊ သွင်းခွင့်ရှိပြီဆိုတော့မှ အထောက်အထားမျိုးစုံနဲ့ တိုက်ဆိုင်စစ်ဆေးပြီးမှ ကျောင်းကို ချက်လက်မှတ်ပို့ပေးတာ ဖြစ်တယ်။ ကျောင်းသားက သူ့ဘဏ်စာရင်းထဲကို တိုက်ရိုက်သွင်းတဲ့ငွေစံနစ်-Direct Deposit ဆင်ထားပေးတယ်ဆိုရင်တော့ စကောလားငွေဟာ ကျောင်းသားအကောင့်ထဲဝင်၊ ကျောင်းသားရဲ့ ပေးရမယ့်ငွေနဲ့ပေါင်း၊ ပြီးတာနဲ့ ကျောင်းကို အပြည့်သွင်း- ဒီလိုစံနစ်နဲ့ သွားတာပါ။
ဟုတ်ပါပြီ ဟုတ်ပါပြီ။ ရှမ်းချေ ချေနည်း နဲ့ ရှင်းပြပါမယ်။ ကျောင်းလခက ဒေါ်လာ ၂ဝဝဝဝ၊ စကောလားက ၄ဝဝဝ ဆိုပါစို့။ ကျောင်းသားက ၁၆ဝဝဝ ပေးရမှာပေါ့။ ကျောင်းသားက ကျောင်းလခ ၁၆ဝဝဝ သွင်းတဲ့အခါ သူဌေးကြီးတစ်ယောက်ဆီက ၄ဝဝဝ တန်တဲ့ ချက်လက်မှတ်က ကျောင်းကို သွားနေမှာ ဖြစ်ပါတယ်။
ဒါကြောင့် စကောလားပေးတယ်ဆိုတာ ကျောင်းက ကျောင်းလခလျှော့ယူလိုက်တာ မဟုတ်ပါဘူး။ ကျောင်းက ၂ဝဝဝဝ ရမှာက ရမှာပါပဲ။ တစ်ချို့ကိစ္စမှာတော့ ကျောင်းတွေကိုယ်တိုင်ပေးတဲ့ စကောလားဆိုရင်တော့ ကျောင်းကြေး လျှော့ပေးတာ ဖြစ်သွားပါတယ်။
ဒါပေမဲ့ ကျောင်းသားက ကျောင်းမတက်ဘဲ အဲဒီစကောလား ၄ဝဝဝ တန် ချက်လက်မှတ်ကို ကျွန်တော် ကျွန်မဆီကို ပို့ပေးပါဆိုရင် မရပါဘူး။ သူက ဘယ်ကျောင်းအတွက်၊ ညာကျောင်းအတွက်ပေးတဲ့ စကောလားဖြစ်လို့ ဒီစကောလားကို အောင်ထားတဲ့ ကျောင်းသား ကျောင်းလာတက်ရင် ငါပို့ပေးလိုက်မယ်ဆိုတဲ့ စနစ်နဲ့ အသက်ဝင် ပေးချေတာ ဖြစ်ပါတယ်။
ခေါင်းစဉ်ကို ပြန်ဆက်ရရင် အပြည်ပြည်ဆိုင်ရာကျောင်းသားဟာ ငွေမရှိဘဲ အမေရိကန်အစိုးရဆီက ငွေချေးတက်လို့ မရပါဘူး။ ချေးချင်ရင် မြန်မာဆိုရင်ပေါ့ မြန်မာနိုင်ငံကတည်းက တခါတည်း ချေးယူခဲ့ရမှာဖြစ်ပြီး ကျောင်းကတော့ ၂ဝဝဝဝ မပေးရင် ကျောင်းပေးမတက်ပါဘူး။ ဒါပေမဲ့ သူ့ Semester နဲ့သူ ခွဲပေး၊ ခွဲသွင်းလို့ရတော့ အသက်ရှူချောင်ပါသေးတယ်။
ဒါကြောင့် အပြည်ပြည်ဆိုင်ရာ ကျောင်းသားတွေဟာ ကျောင်းသားချေးငွေနဲ့ ကင်းလွတ်ကြတယ်ဆိုသော်ငြားလည်း ကိုယ့်မြေ ကိုယ့်ရွာမှာ လယ်ရောင်း၊ မြေရောင်း၊ ဆိုင်ခန်းပေါင်၊ ကွန်ဒို အလဲအထပ်ရိုက် ဆိုတဲ့ ဇာတ်လမ်းတွေကတော့ နောက်ကွယ်မှာ ရှိနေကြအုံးမှာပါပဲ။
ဒါပေမဲ့ အပြည်ပြည်ဆိုင်ရာကျောင်းသားက တစ်ခုကောင်းတာက ချည်နှောင်မှု-Attachment ကင်းတယ်။ ဘာကတ်မှ မရှိ၊ ဘာဆိုရှယ်မှ မရှိ၊ ဘာ Work Permit မှ မရှိပေမဲ့ ဘဝကို အသစ်က ပြန်စလို့ရတယ်။ အခွင့်အရေးနယ်မြေလေ၊ အကျအဆုံးနယ်မြေ (နေပြည်တော်ကြပ်ပြေးဒေသ) မှ မဟုတ်တာပဲ။
အဲ . . ဒီဘက်နိုင်ငံသားတွေ Student Loan ချေးပြီးတက်တာကျပြန်တော့ ပြန်ဆပ်တာ ခါးကိုကိုင်းရော ခင်ဗျ။ ကားတစ်စီးကို အကြွေးနဲ့ဝယ်စီးလို့ ၅ နှစ်ဆပ်တယ်၊ ၃ နှစ်ဆပ်ရတယ်ပေါ့။ ကိုယ်စီးနေတဲ့ကား ကိုယ်က မြင်နေရသေးတယ်။ တန်ဖိုးကျသွားတဲ့ကားနဲ့ နေ့တိုင်းအလုပ်တက်လို့ရတယ်။ ဈေးသွားဝယ်လို့ ရသေးတယ်။
ဒါပေမဲ့ Student Loan က မမြင်ရဘဲ ပေးနေရတော့ ကိုရွှေအမေရိကန်တွေက စိတ်မဖြောင့်တော့ဘူး။ မတရားကြီး ပေးနေရတယ်လို့ မြင်ကြတယ်။ တက္ကသိုလ်ဘွဲ့နှင်းသဘင် တံခါးဝကထွက်တာနဲ့ ဒေါ်လာ သိန်းချီတဲ့ 6 Figure အလုပ်ရမယ်လို့ မှန်းထားတဲ့သူတွေ ကိုယ်အလုံးနဲ့ကိုယ် ခို့လို့ခုလု ဖြစ်ကြတာပါပဲ။
အမှန် အမေရိကားကျောင်းစနစ်က ငွေသိပ်ကုန်တယ်။ ဆရာတွေကို ငှားရတာ ဈေးကြီးတယ်။ အဆောက်အအုံတွေ ထိန်းသိမ်းရတာ ငွေကုန်ကြေးကျများတယ်။ ဈေးသက်သာတဲ့ကျောင်းဆိုတာ မအောင်မြင်တဲ့ "ဝင်းသူဇာ" စတိုးလိုပဲ ရောင်းမကောင်းလို့ "ဈေးလျှော့ရောင်းတာ" ကို ကြည့်တတ်ရင် မြင်နိုင်ပါတယ်။
ဆိုလိုတာက နာမည်ကြီး အိုင်ဖုန်းသုံးချင်ရင် သိန်း ၂ဝ ကျော်ပေးရမယ်။ တစ်ရက်စုတ် တရုတ်စက် ဖုန်းသုံးမယ်ဆိုရင် ၂ သိန်းပဲ ပေးရမယ်။ ဒါပေမဲ့ ဖုန်းခေါ်လို့ရတာချင်း မတူဘူးလားလို့မေးရင်တော့ ၂ မျိုးလုံးက ဖုန်းပြောလို့ရတာချည်းပဲ။
ကျောင်းတွေဟာလည်း ဒီလိုပဲဗျ။ ဘယ်ကျောင်းထွက်က အလုပ်တန်းရတာတို့၊ ဘယ်မေဂျာက ငွေဘယ်လောက်ရတာတို့ဆိုတာကို Duolingo ၇၅ မှတ်နဲ့တော့ မှန်းလို့မရပေဘူး။
နောက်ဆုံးအနေနဲ့ လျို့ဝှက်ချက်တွေကို ပြောပြမယ်။ အမေရိကန်စစ်ရင် အကြွေးမကြောက်သလို အမေရိကန်ကျောင်းသားစစ်ရင် Student Loan ကို မကြောက်ဘူး။ သူတို့မှာ ဘယ်လိုနည်းနဲ့ ပြန်ဆပ်မယ်ဆိုတဲ့ Plan ရှိတယ်။
ဥပမာဗျာ Student Loan ၄ဝဝဝဝ ကို ၅ နှစ်ဆပ်ရတာ ငွေတိုးက APR ၄% ဆိုရင် တစ်လကို ၇၃၇ ဒေါ်လာ ဆပ်ရမယ်။ ဒါကို လက်ခံနိုင်မှ ချေးတက်လေ။ လက်မခံနိုင်ရင် မချေးနဲ့ပေါ့။ ချေးငွေဆိုကတည်းက ပြန်ဆပ်ရမှာတော့ ကြွေးရှင်ရော မြီရှင်ရော သိပြီးသားပဲလေ။
ဒါကို အမေရိကန်ကျောင်းသားတွေက သူတို့တက်တဲ့မေဂျာနဲ့ နီးစပ်တဲ့ အချိန်ပိုင်းအလုပ်တွေနဲ့ ငွေတချို့ရှာကြတယ်။ မိဘကလည်း ဒါကို တောက်လျှောက်ကြည့်နေပါတယ်။ တကယ်စမတ်ကျတဲ့ ကျောင်းသားဟာ သူနားခွင့်ရတဲ့ နွေရာသီမျိုးမှာ အချိန်ပိုင်းအလုပ်ထက်စာရင် ငွေမရတဲ့ အလုပ်သင်-Apprentice ဝင်ကြတယ်။ နှစ်တိုင်းကို အလုပ်သင်တယ်။ ဦးတည်ရာ ဘာသာရပ်ကို ဦးတည်ရာ အလုပ်သင်နဲ့ ဦးတည်ရာ ကုမ္ပဏီဆီကို တူညီတဲ့ ပစ်မှတ်တစ်ခုတည်းကိုသာ ပစ်ကြတယ်။
ဒါကြောင့် ဘွဲ့ရပြီး ၆ လ အကြွေးမဆပ်ရသေးတဲ့ကာလ-Grace Period မှာ အလုပ်သင်ထားတဲ့ ကုမ္ပဏီကိုသွား . . "ဟေ့ သူဌေး ငါဘွဲ့ရပြီ။ မင်း ငါ့ကို ဘယ်လောက်နဲ့ဝယ်မလဲ" ဆိုပြီး ကိုယ်ဟာကိုယ် ရောင်းနိုင်သွားပြီပေါ့။ ဒါဟာ အမေရိကန်ကျောင်းသားရဲ့ လျို့ဝှက်ချက်ပဲ။
အာရှတိုက် ကျောင်းသားရဲ့ လျို့ဝှက်ချက်ကလည်း ရှိသေးတယ်။ ဘယ်တော့မှ ချေးငွေယူပြီး ကျောင်းမတက်ဘူး။ မရှိ ရှိတာ ရောင်းချပြီး ပေးတာပဲ။ ဦးညီဆိုရင် သားသမီးတွေရဲ့ ကျောင်းလခကို အကုန်ရှင်းပစ်တယ်။ မချေးဘူး။ အခုရှုတ်မှ နောင်ရှင်း။ ဒါကြောင့် အိမ်ကို ၂ဝ၁၉ မှ အေးအေးဆေးဆေး စောင့်ဝယ်တယ်။ အိမ်စျေးတက်သွားတဲ့ အကျိုးဆက်ကိုတော့ ရင်ဆိုင်ရတာပေါ့။
အပြည်ပြည်ဆိုင်ရာ မြန်မာကျောင်းသားရဲ့ လျို့ဝှက်ချက်ကျတော့ တစ်မျိုး။ အကြောင်းအမျိုးမျိုးပြပြီး ဘယ်တော့မှ ကျောင်းပြီးအောင် မတက်ဘူး။ အဲဒါက ခက်နေတာ။
07-16-2021
No comments:
Post a Comment