ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ
My Blog List
Showing posts with label ဝေဖန်ရေး. Show all posts
Showing posts with label ဝေဖန်ရေး. Show all posts
Monday, February 1, 2021
ကိုယ်ပေးမှသူရတဲ့ အာဏာ
ဆောင်းပါးရှင် - ကိုညီညီ (‌တောင်ကြီး)
အင်္ဂလိပ်စာရေးဆရာကြီး ဂျော့အော်ဝဲ (၁၉ဝ၃-၁၉၅ဝ) က "ဘယ်သူတစ်ဦးတစ်ယောက်ကမှ ပြန်လည်စွန့်လွှတ်ဖို့ ရည်ရွယ်ချက်နဲ့ တိုင်းပြည်တစ်ခုရဲ့ အချုပ်အချာအာဏာကို မသိမ်းယူဘူး" လို့ ပြောခဲ့ပါတယ်။ သူပြောခဲ့တဲ့အတိုင်းပါပဲ ၁၉ဝဝ ခုနှစ်နဲ့ ၂ဝဝဝ ခုနှစ်ကြားမှာ အာဏာသိမ်းမှု ၂၆၁ ကြိမ်ဟာ ကမ္ဘာတဝှမ်းမှာ ဖြစ်ပွားခဲ့တယ်။ အဲဒီအထဲမှာ အောင်မြင်တဲ့ အာဏာသိမ်းမှုရော မအောင်မြင်တာရောပါပေမဲ့ ဘယ်သူမှ အာဏာလက်မလွတ်ခဲ့ကြပါဘူး။
အာဏာသိမ်းတယ်ဆိုတာ တစ်တိုင်းပြည်က နောက်တစ်တိုင်းပြည်ကို နယ်ချဲ့တဲ့ မနော်ပလီ-Monopoly နဲ့ မတူပါဘူး။ တစ်ခေတ်နဲ့တစ်ခေတ် အာဏာရှင်တွေဟာ ပြည်သူတွေထိခိုက်ခိုက် မခိုက်ခိုက် လုပ်ပိုင်ခွင့်အတွက်၊ စည်းစိမ်အတွက်၊ သြဇာအတွက် ပိုမိုကြမ်းတမ်းစွာ အာဏာသိမ်းခဲ့ကြတယ်။
မြန်မာနိုင်ငံနဲ့တစ်နှစ်ထဲ ပျော်ပျော်ကြီး အာဏာသိမ်းခဲ့ကြတဲ့ စစ်ခေါင်းဆောင်တွေရှိတဲ့ တိုင်းပြည်တွေက ၁၉၆၂ မှာ အာဂျင်တီးနား၊ မြောက်ပိုင်းယီမင် (သို့) ယီမင် နဲ့ သီရီလင်္ကာနိုင်ငံတို့ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်မှာ မြန်မာနိုင်ငံနဲ့အတူ အာဏာသိမ်းခဲ့ကြတဲ့ အာဏာသိမ်းမှု ဖြစ်စဉ် ၆ ခုမှာ ၄ ကြိမ်ဖြစ်တဲ့ ပနားမား ၊ မော်လ်ဒိုက်နဲ့ အာဂျင်တီးနား ၂ ကြိမ် တို့က ကျရှုံးခဲ့ပါတယ်။ အောင်မြင်သွားတဲ့ ၂ ခုကလည်း ဟေတီတစ်နိုင်ငံထဲကဖြစ်ပြီး အာဏာသိမ်းတဲ့ စစ်တပ်ကို ၃ လအကြာမှာ နောက်စစ်တပ်က ဝင်သိမ်းခဲ့တာဖြစ်ပါတယ်။ (ကိုးကား List of coups and coup attempts: Wiki)
အာဏာသိမ်းဖို့အကြောင်းရင်းဟာ အောက်ကအချက် ၅ ချက်အပေါ်မှာ မီးစာဖွဲ့လေ့ရှိကြတယ်။
အချက် ၁။ အာဏာသိမ်းမှုမှာ အတိတ်ကအကြောင်း အမြဲရှိတယ်။
ကျွန်‌တော်တို့ မြန်မာလူမျိုးတွေမှာ လူမျိုးကွဲတွေက ခပ်များများ၊ တစ်ယောက်က အရှေ့ဆိုရင် တစ်ယောက်က အနောက်၊ လိုချင်တဲ့အတ္တတွေက ခပ်ထွားထွား၊ လက်နက်ရှိသူက ခပ်ကြွားကြွားနဲ့ တိုင်းပြည်ဆိုတော့ အတိတ်ရဲ့ မကျေလည်မှုဟာ ၂၁ ရာစုအထိလိုက်ပါလာတယ်ဆိုတာ ဆက်တွေးကြည့်နိုင်ပါတယ်။
အချက် ၂။ အာဏာသိမ်းမှုဟာ ဆင်းရဲတဲ့တိုင်းပြည်မှာ အဖြစ်များတယ်။
ဒီအချက်ကို အကျယ်ဖွင့်ဖို့ လိုမယ်မထင်ပါဘူး။ ထောင်းမယ့်ထောင်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရမှာဖြစ်လို့ စာဖတ်သူသာ ဆက်စပ်တွေးတောလိုက်ကြပါ။
Tuesday, September 15, 2020
အသံစာအုပ်ဖတ်ကြားသူတွေလိုက်နာသင့်သည်များ
မမေသဇင်လတ်-Audiobook by ZAP ရေ
အသံစာအုပ်ဖတ်တာနဲ့ပတ်သက်ပြီးပိုပြီးပညာရှင်ဆန်အောင် (ဆရာလုပ်တာမဟုတ်ပါ) အကြံပေးစရာတစ်ချို့ရှိပါတယ်။ You got to be more confident to be more professional. 
၁။ အသံစာအုပ်ဖတ်ရှုတိုင်း အသံစာအုပ်ရဲ့အသံဖိုင်ခွဲတွေကိုမိမိချန်နယ်ရဲ့ကိုယ်ပိုင်နံပါတ်တွေပေးထားသင့်ပါတယ်။ စာအုပ်တစ်အုပ်ချင်းစီအတွက် ခွဲခြားခေါင်းစဉ်-Subtitle တွေကိုအပိုင်းထပ်ခွဲထားသင့်ပါတယ်။ ဉပမာ #ABbyZAP-985 မွန်ဟော်စီ_မင်္ဂလာပါဆရာမ အပိုင်း (၇)_Episode #7
၂။ အသံစာအုပ်ရဲ့အသံဖိုင်တစ်ပိုင်းစလိုက်တိုင်း ကိုယ်ပိုင်ဖြစ်မယ့်တီးလုံး-Theme Music နဲ့မိတ်ဆက်သင့်ပါတယ်။ အဝင်-Intro တီးလုံးက ၆ စက္ကန့်ထက်မကြာသင့်ပါ။ အသံစာအုပ်ရဲ့ခေါင်းစဉ်ခွဲတစ်ခုပြောင်းတိုင်း ၃-၄ စက္ကန့်ထက်ပိုမကြာတဲ့ (မတူညီတဲ့) တီးလုံးနဲ့ခြားပေးသင့်ပါတယ်။ ဒါက နားထောင်သူကိုနောက်အပိုင်းခွဲတစ်ပုဒ်ဖတ်ပြတော့မယ်လို့အသိပေးလိုက်တာဖြစ်ပါတယ်။ (တီးလုံးဟာသိပ်ကျယ်လောင်တာ၊ သိပ်ရှည်တာ၊ သိပ်ဆူ‌တာတွေဟာ မိမိချန်နယ်ရဲ့တိုးတက်မှုကိုအနှောက်အယှက်ပေးတာကိုသတိပြုပါ)
၃။ English စာလုံးတွေဖတ်တဲ့အခါ မဖတ်ခင်အသံထွက်ကိုကြိုလေ့လာထားပါ။ YouTube မှာ “How to pronounce . . .?”  လို့အစချီပြီး ကိုယ်ဖတ်စေချင်တဲ့စာလုံးကိုရိုက်သွင်းလိုက်ရင် ဖတ်ပေးထားတဲ့အသံထွက်တွေအများကြီးကျလာမှဖြစ်ပါတယ်။ အဲဒီထဲကမှ Emma Saying Channel က အမေရိကန်အသံအမှန်ဆုံးလို့လေ့လာမိပါတယ်။ (တစ်ချို့ချန်နယ်တွေက ဗြိတိသျှအသံနဲ့စပိန်အသံထွက်တွေရောထွေးနေတတ်ပါတယ်)
၄။ English စာလုံးကိုဖတ်ပြီးရင် အဲဒီစာလုံးကိုစာလုံးမပေါင်းပြပါနဲ့ (စာလုံးပေါင်းပြတာက အသံစာအုပ်ဖတ်ရှုသူဟာမိမိဖတ်တဲ့အသံကိုမယုံကြည်တာကို ရိုက်မစစ်ရပါဘဲနဲ့ဖော်ပြနေတာနဲ့တူနေပါတယ်) နားထောင်သူတွေဟာ သူတို့သေချာမကြားရင်၊ အသံမသဲကွဲရင်ပြန်နားထောင်လိမ့်မယ်။ ဒါကိုမှ သေသေချာချာသိချင်နေသေးတယ်ဆိုရင်စာအုပ်ဝယ်ဖတ်ပါလိမ့်မယ်။
၅။ စာဖတ်ပြီးတာနဲ့နောက်ဆုံးမှာအသံထွက်အမှားတွေ၊ စကားထစ်တာတွေ၊ ကိုယ်မကျွမ်းကျင်တဲ့အသံထွက်တွေနဲ့ဖတ်ရခက်တဲ့စာသားတွေအတွက်ဖြေရှင်းချက်ထည့်ပြောပေးစရာလိုတယ်လို့မယူဆပါ။ နားထောင်သူက စာအုပ်တစ်အုပ်လုံးကိုပြီးဆုံးအောင်ဖတ်ပြသူရှိတာကို အထူးကျေးဇူးတင်နေရဦးမှာဖြစ်ပါတယ်။ (သီးသန့်တစ်ဦးတည်းအမြင်သာဖြစ်ပါကြောင်း)
၆။ စာလုံးတစ်လုံး၊ စာပိုဒ်တစ်ခုကိုမှားဖတ်မိရင်၊ စကားထစ်မိရင်၊ ဖတ်ရင်းနဲ့ဆက်မဖတ်တတ်လို့ရပ်သွားပြီးပြန်ဖတ်တဲ့အခါကျရင် “သည်းခံပါရှင်/သည်းခံပါခင်ဗျာ” လို့ ‌ပြောပေးသင့်တယ်။ (အသံဖိုင်ကိုဆော့ဝဲလ်သုံးပြီးပြန်သွင်း၊ ပြန်အစားထိုးတာကို Audiobook Channel တွေပြုလုပ်ကြတယ်) 
၇။ မာတိကာဖတ်တဲ့အခါမှာ စာအုပ်ထဲမှာခေါင်းစဉ်ဘယ်နှစ်ခုပါတယ်ဆိုတာပြောပြသင့်တယ်။ ဒါမှ နားထောင်သူက သူစိတ်ဝင်စားတဲ့ခေါင်းစဉ်ကဘယ်အပိုင်းအခြားလောက်မှာပါတယ်ဆိုတာစိတ်ထဲစွဲပြီးကုန်စင်အောင်နားထောင်ဖို့အားထုတ်လိမ့်မယ်။
Sunday, July 19, 2020
ပြောင်းလဲလာတဲ့ Review ဈေးရောင်းနည်းပုံစံ
ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
လူတွေအိမ်ထဲမှာအနေများလို့ အွန်လိုင်းရောင်းအားတွေတဟုန်ထိုးတိုးတက်လာတဲ့ကုမ္ပဏီကြီးတွေရဲ့ နောက်ကွယ်မှာ သူတို့ရဲ့ပလက်ဖောင်းပေါ်မှာတက်ရောင်းပေမဲ့ ရောင်းပန်းမလှတဲ့တနိုင်တပိုင်လုပ်ငန်းငယ်လေးတွေဟာ အွန်လိုင်းဈေးရောင်းတဲ့ပုံစံပြောင်းလဲလုပ်ကိုင်လာတာကို ဒီဆောင်းပါးနဲ့ဗဟုသုတမျှဝေချင်ပါတယ်။ 
          အများသိကြတဲ့အတိုင်း ကပ်ရောဂါကြောင့် ကမ္ဘာ့လူထုတော်တော်များများဟာ အိမ်မှာနေရင်းဈေးဝယ်ကြပါတယ်။
အသားစို၊ အသားခြောက်၊ လတ်လတ်ဆတ်ဆတ်သစ်သီးဝလံ နဲ့ ဆရာဝန်ညွန်ကြားမှဝယ်လို့ရတဲ့
ဆေးခန်းပေးဆေး-Prescription တွေကလွဲပြီး လိုတာမှန်သမျှ ဝယ်ကြ ခြမ်းကြပါတယ်။
ဒါကြောင့်ပဲ ဝေါမတ်၊ တားဂက်၊ ကော်စကို၊ ဟုမ်းဒီပို့ လို ကပ်ရောဂါအချိန်အတွင်းဖွင့်ခွင့်ရတဲ့စတိုးဆိုင်တွေသာမက
အမ်မဇွန်ဆိုတဲ့အွန်လိုင်းဈေးရောင်းပလက်ဖောင်း ကုန်သည်သောင်းပြောင်းဟာ
ဘဏ်အကောင့်တွေမှာ ငွေချောင်းစီးခဲ့ကြပါတယ်။
သူတို့အဆင်ပြေပေမဲ့ တကယ်မရောင်းရတဲ့၊ ရောင်းရဖို့ကြိုးစားနေတဲ့၊ ကုန်ပစ္စည်းတူပေမဲ့ နာမည်ရတံဆိပ်မဟုတ်တဲ့
လုပ်ငန်းငယ်တွေဟာ အရောင်းမြှင့်တင်ရေးတစ်မျိုးနဲ့ လူတွေအသုံးများတဲ့ Facebook ၊ Amazon နဲ့
အွန်လိုင်းငွေပေးချေမှုကုမ္ပဏီ-PayPal တို့ကိုသုံးပြီး သူတို့ပစ္စည်းအသစ်ကိုလူသုံးများအောင်လုပ်ပုံအဆင့်ဆင့်က
ဒီလိုပါ။
၁. Facebook မှာပေါ်လာတဲ့ကြော်ငြာကိုနှိပ်ပါ 
၂. Messenger မှာ စိတ်ဝင်စားတယ်-Interested လို့ မက်ဆေ့ပို့ပါ
၃. သတ်မှတ်ထားတဲ့ပစ္စည်းကို Amazon အကောင့်သုံးပြီးဝယ်ပါ
၄. အော်ဒါအတည်ဖြစ်ကြောင်းကိုအကြောင်းကြားပါ
၅. အိမ်ရောက်လာတဲ့ပစ္စည်းကို စမ်းသပ်သုံးစွဲကြည့်ပါ
၆. Review ကိုချောမွေ့အောင်ရေးပြီး 5 Stars ပေးပါ
၇. Screenshot ရိုက်ပြီး ရောင်းသူ-Vendor ကို မက်ဆင်ဂျာကနေပြန်ပို့ပါ
၈. ငွေပြန်လွဲပေးရမယ့် မိတ်ဆွေရဲ့ PayPal အကောင့် (အီးမေးလ်) ကို ပေးလိုက်ပါ
၉. Review အတည်ပြုကြောင်း (၇၂ နာရီအတွင်း) Amazon က အီးမေးလ်ပြန်လာရင်ငွေပြန်လွှဲဖို့သတိပေးပါ
၁ဝ. Vendor ပေါ်မူတည်ပြီး ၂-၅ ရက်အတွင်း PayPal ကို ငွေပြန်ဝင်လာပါမယ်
(မှတ်ချက်။  ။ ငွေပြန်ရပြီးရင် ပစ္စည်းကိုပြန် Return မလုပ်သင့်ပါ)
          ဒီဆောင်းပါးဟာ Amazon Payment ရှိသူ နဲ့ PayPal Online Bank Account
ရှိသူတွေသာဝယ်ယူနိုင်မှာဖြစ်ပြီး စိတ်ပါဝင်စားသူတွေ “စမ်းသပ်ကြဖို့တိုက်တွန်းတဲ့စာစုမဟုတ်ပါ”
Monday, July 6, 2020
အွန်လိုင်းကျောင်းသားတွေအတွက် ICE ရဲ့ ထုတ်ပြန်ချက်
ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
ICE-US Immigration and Customs Enforcement-ရေခဲ လို့ လူသိများတဲ့ (လူပိုတွေကိုပြန်ပို့နေကျ) ဝန်ကြီးဌာနအောက်မှာ ကျောင်းသားရေးရာကိုကိုင်တွယ်တဲ့ SEVP-The Student and Exchange Visitor Program ရှိပါတယ်။
SEVP ရဲ့ ၂ဝ၂ဝ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ တနင်္လာနေ့ကြေငြာချက်အရ F-1 နဲ့ M-1 ဗီဆာတွေနဲ့ အမေရိကားကိုကျောင်းတက်ဖို့ရောက်နေတဲ့ကျောင်းသားတွေဟာလူကိုယ်တိုင်တက်ရမယ့်အတန်းတွေကိုစာရင်းမပေးသွင်းထားဘဲ အင်တာနက်ကနေသာအတန်းတက်မယ်ဆိုရင် အမေရိကန်နိုင်ငံကနေထွက်ခွာရမယ်လို့ဆိုထားပါတယ်။ (Fall 2020 online ချည်းချည်းကျောင်းလျှောက်ရင် ဗီဆာမပေးတော့ပါ)
F အုပ်စုဗီဆာထဲမှာ
  1. University or college
  2. High School
  3. Private elementary school
  4. Seminary (A college that prepares students to be priests, ministers, or rabbis)
  5. Conservatory (A college for the study of classical music or other arts)
  6. Another academic institution, including a language training program စတာတွေပါဝင်တယ်။
M ဗီဆာက Vocational or other recognized nonacademic institution, other than a language training program အတွက်ဖြစ်တယ်ဆိုတာအရင်မှတ်ထားပေးစေလိုပါတယ်။
Saturday, June 27, 2020
ရွှေပြည်တော်ဘယ်လိုပြန်ရပါ့
ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
        ဒီနိုင်ငံမှာ Q ၊ ဟိုနိုင်ငံမှာလည်း Q ၊ မတူတာက ရွှေမြန်မာပြည်တော်ကြီးရဲ့ Q ၊ စေတနာပါသလောက် အလှူရှင်တွေမလောက်တဲ့ Q ။ Q=Quarantine ကာလကိုပြောတာပါ။ စိတ်ညစ်လွန်းလို့ မိမိရောက်နေတဲ့ဒေသကနေကင်းကွာအောင် ပင်လယ်ရပ်ခြားကိုပျံသန်းထွက်သွားရင်တောင် နောက်ထပ်တိုင်းပြည်တစ်ခုမှာ ဒီရောဂါအကြောင်းကို မကြားရ မနေရလောက်အောင် ကြီးစိုးလွန်းလှတဲ့ကပ်ရောဂါကမ္ဘာမှာကျွန်တော်တို့နေထိုင်ကြပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံပြင်ပရောက်နေသူတွေ ချစ်ရတဲ့မြန်မာနိုင်ငံကိုပြန်ခွင့်ရဖို့ဘယ်လိုကြိုးစားရမလဲဆိုတာတွေးမိတိုင်းရင်လေးမိတယ်။ တလောကဆိုရင် အသိ မြန်မာမိတ်ဆွေညီမတစ်ယောက် “သူ့မိခင်တိမ်းပါးလို့ ရန်ကုန်ကိုဘယ်လိုသွားရမလဲ?” ဆိုတဲ့မေးခွန်းကို သူ့ရဲ့ဆုံးရှုံးမှုအတွက်ကျေနပ်လောက်တဲ့အဖြေမပေးနိုင်လို့ ကျွန်တော်စိတ်မကောင်းဖြစ်မိတယ်။ (သူ့အမေရဲ့အသုဘကိုမှီအောင် မပြန်လိုက်နိုင်ပါ)
ဒီကနေ မြန်မာနိုင်ငံကိုပြည်ဝင်ဖို့
. Tourist Visa/ $40/ 28 Days
. Business Visa(Single)/ $50/ 70 Days
. Social Visa(Multiple)/ $150/ 3 Months စတဲ့ရက်အကန့်အသတ်နဲ့ရတဲ့လည်ပတ်ခွင့်တွေဟာ ဘုန်းကြီးကျောင်းမှာ၊ စင်တာတွေမှာ၊ ခန်းမဆောင်တွေမှာ၊ အားကစားရုံတွေမှာကုန်ဆုံးရမယ့် Quarantine ၂၁ ရက်ကိုနှုတ်လိုက်ရင်ဘာမှမကျန်တော့တာ ဝမ်းနည်းစရာကောင်းပါတယ်။ (Information from Myanmar Consulate-General, Los Angeles)
နောက်တစ်ချက်ကျတော့ Shock ရှိပေမဲ့ ရေးဖို့ဆန္ဒရှိနေတာကြာပြီဖြစ်လို့ရေးပါရစေဦး။ လူတွေတစ်ဦးနဲ့တစ်ဦးအကွာအဝေးတစ်ခုကနေပြောဆိုဆက်ဆံဖို့ဒီအချိန်မှာလိုအပ်နေတာ တစ်ကမ္ဘာလုံးသိပါတယ်။ ကိုဗစ်-၁၉ စဖြစ်ခဲ့တာ မြန်မာနိုင်ငံသားတွေဆီကမဟုတ်သလို ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့အပြစ်လည်းမဟုတ်ပါဘူး။ တာဝန်က နိုင်ငံသားမခွဲခြား၊ ဘာသာရေးမခွဲခြား၊ အသားအရောင်မခွဲခြား၊ ကျားမမခွဲခြား၊ အသက်အရွယ်မခွဲခြားတဲ့ တန်းတူညီမျှမှုရှိတဲ့ “တာဝန်ယူမှု နဲ့ တာဝန်ခံမှု” တို့သာဖြစ်ပါတယ်။ ရောဂါပြန့်ပွားကူးစက်မှုမရှိစေရေးဟာ သက်ရှိလူသားအားလုံးရဲ့တာဝန်ဖြစ်ပါတယ်။
သူများတွေတော့မသိဘူး . . ကျွန်တော်ကတော့ ကမ္ဘာမြေရဲ့ဘယ်နေရာပဲရောက်နေနေ “အိမ်ပြန်မလား?” လို့မေးရင်အမြဲပြန်ချင်တဲ့တိုင်းပြည်ဟာ “အမိမြန်မာနိုင်ငံ” ပါ။ (တစ်ချိန်က) နာမည်ကြီးအလည်အပတ်ခရီးစဉ်အတွဲ-Package တွေဟာ မြန်မာနိုင်ငံကိုပြန်ဖို့လေယာဉ်လက်မှတ်ထက် ဈေးနှုန်းသက်သာပါတယ်။ ဉပမာအနေနဲ့ပြောပြရရင် အမေရိကားကနေ မြန်မာနိုင်ငံပြန်ဖို့ အရင်နှစ်ဈေးအကြီးဆုံးလေယာဉ်လက်မှတ် (အသွားအပြန်) ဒေါ်လာ ၁၃ဝဝ ဆိုတာ အောက်ကခရီးစဉ်တွေကို ပျော်ပျော်ပါးပါးကြီးလှေလှော်သွားနိုင်တဲ့အနေအထားပါ။
.. တရုတ်နိုင်ငံ+၃ နိုင်ငံ ၇ ရက်/တည်းခို/စားသောက် ပါပြီး
.. ဟာဝိုင်ယီ ၅ ရက်/တည်းခို/စားသောက် ပါပြီး
.. မက္ကဆီကို/သင်္ဘော ၇ ရက်/ကမ်းကပ်/စားသောက် ပါပြီး
အခုများကျတော့ လေယာဉ်တွေမထွက်တဲ့ကာလနဲ့တိုက်ဆိုင်၊ တိုင်းပြည်တွေကအကျယ်ချုပ်ချထားချိန်နဲ့လည်းတိုက်ဆိုင်နေတဲ့အပြင် အမေရိကားနဲ့မြန်မာနိုင်ငံကိုလေယာဉ်တစ်စီးတည်းတိုက်ရိုက်မရပ်မနားစီးလို့မရတော့ ခဏနားမယ့် Transit လေဆိပ်က Layover မပေးတာနဲ့တိုက်ဆိုင်နေလေတော့ ရွှေပြည်ကြီးကိုဘယ်လိုလုပ်ပြန်ဝင်နိုင်ပါတော့မလဲ။
နိုင်ငံတော်အစိုးရက ကယ်ဆယ်ရေးလေယာဉ်-Relief Flight တွေလုပ်ပေးထားပေမဲ့ လေယာဉ်လက်မှတ်ဈေးနှုန်းကိုစစ်ဆေးကြည့်လိုက်တော့ ကြားနိုင်ငံမှာတစ်ဆင့်သွားစီးရမယ့်ဈေးတောင် တစ်စောင်ကို ဒေါ်လာ ၁၂ဝဝ ရှိနေပါတယ်။
လူတွေရဲ့ဘဝရပ်တည်ချက်တွေမှာ မတူကွဲပြားမှုအကြောင်းရင်းတွေအများကြီးရှိကြတယ်။ ကိုယ်နဲ့တူမှ ကိုယ့်လူဖြစ်မယ်ဆိုရင် ကိုယ်နဲ့မတူရင် ကိုယ့်ရန်သူအလိုလိုဖြစ်သွားကြတာမဆန်းပါ။ လူသားတစ်ယောက်ရဲ့အဓိကအနှစ်သာရဟာ “အသက်ရှင်နေခြင်း-Being Alive” ဖြစ်တဲ့အပြင် “ကျန်းမာစွာနေထိုင်နိုင်ခြင်း-Staying Healthy” က ဘဝရဲ့တန်ဖိုးဖြစ်ပါတယ်။
ပြည်ချစ်သား၊ ပြည်ချစ်သမီးတွေအားလုံးဟာ မြန်မာပြည်တွင်းမှာပဲရှိနေကြတာမဟုတ်ပါ။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကြုံရာဒုက္ခကိုခံရင်း၊ လောကဓံရဲ့ခပ်ပြင်းပြင်းရိုက်ချက်တွေကိုပြုံးရွှင်စွာရှောင်ရှားရင်း၊ မြန်မာနိုင်ငံအတွင်းမှာကျန်ခဲ့တဲ့ အဖိုးအို၊ အဖွားအို၊ အဖေအို၊ အမေအို၊ ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမ၊ တူလေး၊ တူမလေး၊ မောင်လေး၊ ညီလေး၊ ညီမလေး နဲ့ သူငယ်ချင်းရောင်းရင်းတွေဆီငွေပို့ထောက်ပံ့နေတာဟာ နောက်ပိုင်းမြန်မာနိုင်ငံရဲ့စီးပွားရေးကို အင်မတန်အထောက်အကူပြုတဲ့ ပြည်ပပို့ဝင်ငွေဖြစ်လာတာငြင်းလို့မရပါဘူး။
ဒါကြောင့် ဘယ်သူပဲပြန်လာပြန်လာ ဘာဖြစ်လို့အပြစ်တင်နေတော့မလဲ? လူသားအချင်းချင်းပဲ။ မြန်မာနိုင်ငံသားအချင်းချင်းပဲ။ သွေးရင်း သားရင်းတွေပဲ။ တစ်မြို့တည်းသားတွေပဲ။ တစ်နိုင်ငံတည်းသားတွေပဲ။ ခံယူချက်မတူတာ၊ အလုပ်မတူတာ၊ ဝင်ငွေမတူတာအသာထား လူတစ်ယောက်ချင်းတစ်ယောက်ချင်းဆီမှာ အသက်ရှုသံချင်းက တူမှမတူပဲလေ။
Comment မှာ စာလေးတစ်ကြောင်းရေးလိုက်ရတာကလွယ်တယ်။ တကယ်ခံစားရတဲ့သူမဟုတ်သ၍ တကယ်ခံစားလို့မရနိုင်တာက Facebook ပေါ်ကစာတွေကသက်သေခံနေပါတယ်။ တကယ်ပါ။ မြန်မာနိုင်ငံကိုတဖန်ပြန်လည်ကျန်းမာစေချင်ပါတယ်။ မြန်မာနိုင်ငံကိုရောဂါကင်းစေချင်ပါတယ်။ မြန်မာနိုင်ငံကို စီးပွားရေးတွေအမြန်ဆုံးတိုးတက်စေချင်ပါတယ်။ မြန်မာနိုင်ငံကိုချစ်တဲ့သူတွေ မြန်မာနိုင်ငံကိုတကယ်ပြန်လာချင်နေပါတယ်။
အောက်မှာ Quora က ဘဝနဲ့ပတ်သက်တဲ့စာသားလေးတစ်ကြောင်းကိုကြိုက်လို့ပြန်လည်မျှဝေပါရစေ။ သူ့ရဲ့မူရင်းရေးသူကိုမသိတော့ပေမဲ့ Mar 5, 2018 မှာရေးခဲ့တယ်ဆိုတာမှတ်တမ်းတင်ပါတယ်။
Being alive means to achieve, accomplish whatever you can in the lifetime you have. Being alive is to do what is right, not only for yourself but for others as well (for the ones you love the most). Being alive is to be grateful each and every day. Stay happy with what you have and do not complain.
ခင်လျက်
ကိုညီညီ (တောင်ကြီး)
06-27-2020
<Zawgyi>
Wednesday, June 24, 2020
ပြောင်းလဲမှုမှာသာ တန်ဖိုးကငြိတွယ်
ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
ကျွန်တော်နေတဲ့အိမ်က ပင်လယ်ကမ်းခြေနဲ့နီးသလို လေဆိပ် ၁ ခုနဲ့လည်းနီးတယ် (SFO မဟုတ်ပါ)။ လမ်းလျှောက်ရင် ကမ်းစပ်ကို ၆ မိနစ်နဲ့ရောက်တယ်။ ကမ်းခြေကနေမျက်နှာချင်းဆိုင်ကိုကြည့်လိုက်ရင် လေယာဉ်ပျံအတက်အဆင်းတွေကို ရှင်းရှင်းကြီးမြင်‌နေရသလို ဟိုးနောက်ခံမြူနှင်းတိမ်ပုပုအိုက်အိုက်လေးအောက်မှာတော့ အေးလို့ခိုက်ခိုက်တုန်နေတဲ့ ဆန်ဖရန်စစ္စကိုမြို့ကို‌တွေ့နိုင်ပါတယ်။
အိမ်တွင်းအောင်းကာလနောက်ပိုင်း မိသားစုနဲ့ပထမဦးဆုံးဒီနေ့ အပြင်ထွက်လမ်းလျှောက်ကြည့်တော့အသွားအပြန် ၅၅ မိနစ်အတွင်းမှာ OAK လေဆိပ်ကိုဆင်းတာ လေယာဉ် ၁ဝ စင်း ရှိတယ်(ကိုယ်တိုင်လိုက်ရေထားတာ)။ အရင်တွေ့နေကျထက် တစ်ဝက်လျော့နည်းနေတာ ကိုဗစ်-၁၉ ကာလကြောင့်ဆိုတာ ရှင်းပြဖို့တောင်လိုမယ်မထင်ပါဘူး။
အဲဒီ လေယာဉ်ပျံ ၁ဝ စင်းမှာ အားလုံးကလူစီးလေယာဉ်တွေလို့ထင်ပါသလား? မဟုတ်ပါ။ လူစီးက ၇ စင်း (Southwest လေကြောင်းလိုင်းချည်းချည်း ၆ စင်း နဲ့ Alaska လေကြောင်းက ၁ စင်း) နဲ့ ကုန်တင်လေယာဉ်က ၃ စင်း(FedEx ၂ စင်း နဲ့ UPS ၁ စင်း)။ အဲဒီထဲမှာ ကုန်တင်လေယာဉ် ၃ စင်း . . အဲဒါက ထူးဆန်းတာ။
ရောဂါပြန့်ပွားမှုထိန်းချုပ်ရေးအစီအစဉ်ကြောင့် လူတွေကိုအိမ်ထဲနေခိုင်းပေမယ့် ကုန်ပစ္စည်း၊ လေယာဉ်ပိုင်းလော့ နဲ့ ကုန်ပို့သမားတွေက အိမ်ထဲမှာနေလို့မရဘူး။ အဆပေါင်းများစွာတိုးလာတဲ့အလုပ်တွေကြောင့် အွန်လိုင်းဈေးရောင်းတဲ့အလုပ် နဲ့ သူနဲ့ဆက်နွယ်တဲ့သယ်ယူပို့ဆောင်ရေးနယ်ပယ်မှာ အင်မတန်အလုပ်များကြတာကိုပြောပြချင်တာပါ။
Wednesday, June 17, 2020
အချိန်ပိုဆိုတာ ဂျို(ချို) နဲ့လား?
၁ ရက်ကို ၈ နာရီ။ ၁ ပတ်ကို နာရီ ၄ဝ။ ၁ လကို နာရီ ၁၆ဝ။ ၁ နှစ်ကို နာရီ ၁၉၂ဝ။ ဒီလိုတွက်ရင် မမှန်ပါ။
၁ ရက်ကို ၈ နာရီ။ ၁ ပတ်ကို နာရီ ၄ဝ။ ၁ နှစ်မှာ သီတင်း ၅၂ ပတ်။ ဒါကြောင့် ၁ နှစ်ကိုအလုပ်ချိန်ပေါင်း နာရီ ၄ဝX၅၂ ပတ်=၂ဝ၈ဝ နာရီ။ ၁ နာရီကို ၁၅ ဒေါ်လာစားနဲ့အလုပ်လုပ်ရင် ၁ နှစ်ကို ဒေါ်လာ ၃၁၂ဝဝ ရမယ်။
အစိုးရကို အခွန်ဆောင်ဖို့ ၂ဝ%=၆၂၄ဝ နှုတ်။ နေထိုင်တဲ့ပြည်နယ်ပေါ်မူတည်ပြီး ဖယ်ဒရယ်ကိုဆောင်ဖို့က ၁၇%=၅၃ဝ၄ ဒေါ်လာ နှုတ်။ ၃၁၂ဝဝ-၆၂၄ဝ-၅၃ဝ၄=၁၉၆၅၆ ဒေါ်လာ။ ဒါက ၁ နာရီကို အခြေခံလစာနာရီစား ၁၅ ဒေါ်လာနဲ့ ၁ နှစ်လုံး အလုပ်တက်ရက်မပျက် နာရီစားအပြည့်ခံစားခွင့်ရတဲ့ အမေရိကားမှာ တရားဝင်အလုပ်လုပ်ခွင့်ရှိသူ ၁ ယောက်ရဲ့ အခြေမပျက် ၁ နှစ်စာဝင်ငွေကိုတွက်ပြတာဖြစ်ပါတယ်။
ဒီအပေါ်မှာ
နေဖို့ ထိုင်ဖို့
စားဖို့ သောက်ဖို့
သွားဖို့ လာဖို့
ဝယ်ဖို့ ခြမ်းဖို့
စုဖို့ ဆောင်းဖို့
သုံးဖို့ ဖြုံးဖို့ မပါသေးပါနော်။
နောက်ပိုင်းမှာဆက်ရေးပြထားတဲ့ "ဖို့ . .ဖို့ . .ဖို့" အသုံးစားရိတ်တွေအတွက် လူတွေဟာ အချိန်ပိုလုပ်ချင်ကြတယ်။ မတူညီတဲ့အလုပ်တက်ချိန်-Different Shifts တွေမှာအလုပ်လုပ်ပြီးအပိုဝင်ငွေရှာကြတယ်။
ဒီတော့ဗျာ . . ၁ ရက်ကို ၈ နာရီတက်တာက ၁ နာရီ ၁၅ ဒေါ်လာဆိုတော့ ၁၂ဝ ဒေါ်လာ။ အလုပ်များလို့အလုပ်ရှင်က အချိန်ပို ၂ နာရီဆင်းခိုင်းတယ်ဆိုရင် ၁၅X၁.၅=၂၂.၅ဝ ဒေါ်လာနှုန်းနဲ့ဆိုတော့ ၄၅ ဒေါ်လာထပ်ပေါင်းရင် ၁ ရက် ၁ဝ နာရီလုပ်ခအပြီးအစီး (အခွန်မနှုတ်ရသေး) ၁၆၅ ဒေါ်လာ ရမယ်။ ဒီလိုမြိုးမြိုးမြတ်မြတ်လေးရမှ သုံးစရာ စွဲစရာ အပိုငွေယားလေးထွက်လာမှာ အမေရိကားမှာပါ။
ဒါကြောင့် အလုပ်ခွင်တွေမှာ အချိန်ပိုလိုချင်သူတွေစာရင်းပေးဆိုရင် စီးပွားရေးအကြောင်းသူများထက်သိတဲ့အာရှတိုက်သားတွေထိပ်ဆုံးကတန်းစီနေတာမဆန်းပါ။ ရှိသေးတယ် စနေနေ့အချိန်ပိုဆင်းရတဲ့အပိုဝင်ငွေ။
၁ ပတ်ကို နာရီ ၄ဝ . . ဒါက ၅ ရက်စာ။ စနေနေ့ကို ၁ ဆခွဲဈေးနှုန်းနဲ့အချိန်ပိုဆင်းရရင် လေတဟူးဟူး ငွေတရူးရူး နဲ့ ဂုန်းဆင်းရတာ အင်မတန်ပျော်ကြတယ်။ ၁ နာရီ ၂၂.၅ဝ‌ ဒေါ်လာ နဲ့ ၈ နာရီဆိုတော့ ဒေါ်လာ ၁၈ဝ အေးဆေး။ အချိန်ပိုအတွက် အခွန်ပိုဆောင်ရတာ ဘာ . . ညာ ဒါကို နောက်ထား . . ပျော်ကြတာ ပျော်ကြတာ။
ဒီလိုအပျော်တွေဟာ ရေရှည်ခံသလားဆိုတော့ အမေရိကားမှာ၂ဝ၁၉ အထိ ခံတယ်လို့ပြောရလိမ့်မယ်။ အချိန်ပိုရသူတွေက အချိန်ပိုလုပ်။ အချိန်ပိုမရသူတွေက အားတဲ့အချိန်မှာ Uber လေး၊ Lyft လေး မောင်း အပိုဝင်ငွေရှာ အဆင်ကိုချောလို့။ ဒါပေမဲ့ ဒီ ချောမွေ့တဲ့အပျော်ဟာ ၂ဝ၂ဝ ကို ဒရွတ်တိုက်ပြီးဝင်လာတဲ့ COVID-19 ကြောင့် ကြာကြာမခံလိုက်ဘူး။
စီးပွားရေးတွေကပျက်၊ အလုပ်တွေကဖျက်၊ ရောဂါပိုးကဝင်စွက် နဲ့ မရှိမဖြစ်အလုပ်ခွင်တွေကိုပဲ ဖွင့်ခွင့်ပေးလာကြတယ်။ ဒီလိုနဲ့ အစပိုင်းကပြောခဲ့သလို ၁ ရက်ကို ၈ နာရီ။ ၁ ပတ်ကို နာရီ ၄ဝ။ ၁ နှစ်မှာ သီတင်း ၅၂ ပတ်။ ဒါကြောင့် ၁ နှစ်ကိုအလုပ်ချိန်ပေါင်း နာရီ ၄ဝX၅၂ ပတ်=၂ဝ၈ဝ နာရီ ဘာမှမရှိတော့ဘဲ အစိုးရကပေးတဲ့ အလုပ်ပြုတ်တဲ့အခါခဏကျွေးထားတဲ့ EDD-Employment Development Department ကို လျှောက်ထားကြတယ်။
အလုပ်မလုပ်လည်းပိုက်ဆံရတဲ့အပြင် ကပ်ရောဂါကြောင့်ထိခိုက်နစ်နာရပါတယ်ဆိုပြီး ဘောင်ဝင်အောင်လျှောက်ထားသူတွေကို ၁ ပတ် ဒေါ်လာ ၆ဝဝ အပိုဆောင်းပေးလိုက်သေးတယ်။ ဒီကြားထဲ အမေရိကန်သမ္မတက အားဆေးထိုးပေးတဲ့ချက်လက်မှတ်-Stimulus Check ဆိုပြီး ပြည်သူတစ်ယောက်တိုင်း/အိမ်ထောင်စုတိုင်း (နီးပါး) ကို ဒေါ်လာ ၁၂ဝဝ ပေးလိုက်သေးတယ် ဆိုတော့ကာ အမေရိကားမှာ အလုပ်မလုပ်ဘဲနေတာ ဘယ်ထူးဆန်းတော့မတုန်း။
အထက်ကပြောခဲ့တာက ရပ်ဆိုင်းသွားတဲ့အလုပ်တွေအကြောင်း။ ပြောချင်တာက အခုမှလာမှာ။ ဒီလိုပျက်စီးသွားတဲ့လုပ်ငန်းခွင်တွေရဲ့အခြားတစ်ဖက်မှာ ကုန်ပစ္စည်းရောင်းကောင်းနေသလောက် လူချဲနေပါဆိုတဲ့ ဖယ်ဒရယ်ရဲ့ Social Distancing ကြောင့် အလုပ်သမားအကုန်လုံးကိုတစ်ပြိုင်တည်းအလုပ်တက်ခိုင်းလို့မရလို့ ရက်ခြား၊ သီတင်းပတ်ခြား၊ စနေ တနင်္ဂနွေအဆိုင်းတွေအပြင် ညနေဆိုင်း-Swing Shift ၊ သန်းခေါင်ယံဆိုင်း-Graveyard Shift တို့ကိုမဖြစ်မနေစီစဉ်လာကြတယ်။
Sunday, June 14, 2020
How do you overcome this pandemic?
Question: In this pandemic, how do you sacrifice yourself?
How do you overcome this pandemic?
မေး။ အခု ကပ်ရောဂါကာလမှာ သားက ဘယ်အရာတွေကိုအနစ်နာခံရပါသလဲ? ဒါကို ဘယ်လိုနည်းနဲ့ကျော်လွှားပါသလဲ?
Answer: I think this is something that I think about a lot where the pandemic feels bigger than all of us. It's not really up to any individual person to find a solution to this pandemic right? But it is up to all of us to follow the guidelines that our governments set for social distancing.
ဖြေ။ အခုအချိန်မှာ ခရိုနာဗိုင်းရပ်စ်ကပ်ရောဂါဘေးဟာလူတိုင်းရဲ့စိတ်ထဲမှာကြီးစိုးနေပါတယ်။ ဒီကိစ္စဟာ လူတစ်ဦးတစ်ယောက်ထဲကဖြေရှင်းရုံနဲ့ပြေလည်သွားမှာမှမဟုတ်တာ။ ဒါပေမဲ့ အစိုးရရဲ့ "လူချဲနေခြင်း" ဆိုတဲ့လမ်းညွှန်မှုကိုလိုက်နာမယ့် ကျွန်တော်တို့အားလုံးအပေါ်မှာမူတည်နေပါတယ်။
Everybody has a role to play in making sure this pandemic poses as little of a danger as it can. The most important thing for us is to do our own job and to support the people that are doing more than us.
လူတစ်ဦးတစ်ယောက်တိုင်း ကပ်ရောဂါရဲ့အန္တရာယ်ကို အနည်းနဲ့အများဆိုသလိုကာကွယ်ဖို့တာဝန်ရှိပါတယ်။ တကယ်လုပ်ရမယ့်လုပ်ငန်းဆောင်တာကတော့ ကျွန်တော်တို့အလုပ် ကျွန်တော်တို့လုပ်ရင်း ကျွန်တော်တို့ထက်ပိုမိုလုပ်ဆောင်နေရသူတွေကိုအကူအညီပေးနိုင်ဖို့ဖြစ်ပါတယ်။
Tuesday, June 9, 2020
လေယာဉ်အကြောင်း၊ လက်မှတ်အကြောင်း
ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
           မြန်မာနိုင်ငံမှာလို လေယာဉ်လက်မှတ်ထိုင်ရောင်းတဲ့ရုံးတွေများများစားစားမရှိတဲ့နိုင်ငံတွေထဲမှာ အမေရိကားက ထူးခြားပါတယ်။ လူကိုယ်တိုင်သွားဝယ်လို့ရတဲ့ အေးဂျင့်ရုံးတွေရှိပေမယ့် လုပ်နေကျ ကိုင်နေကျ၊ သွားနေကျ လာနေကျ လူထုက အွန်လိုင်းကနေ ဝယ်ကြတယ်။ ပလပ်စတစ်ကဒ်ဟာ ငွေသား၊ ငွေသားဟာ ကိန်းဂဏန်း၊ ကိန်းဂဏန်းဟာ အွန်လိုင်းဘဏ် ကဲ့သို့ချိတ်ဆက်နေတဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေအားကောင်းတဲ့အတွက် လူတွေကို အချိန်ကုန်သက်သာစေပါတယ်။
.
. မြန်မာနိုင်ငံပြန်ဖို့ တရုတ်လေကြောင်းလိုင်း - China Airlines (သို့) စင်္ကာပူလေကြောင်းလိုင်း - Singapore Airlines နဲ့ လက်မှတ်ဝယ်တယ်ဆိုပါစို့ . .။ လူကိုယ်တိုင်လေယာဉ်ကွင်းရောက်တဲ့အခါ လက်မှတ်ဝယ်ပြီးကြောင်း လက်ခံအီးမေးလ် နဲ့ ဝယ်ထားတဲ့ဘဏ်ကဒ်တို့ဟာ စီးနင်းသူအစစ်အမှန်ဖြစ်ကြောင်း သက်သေခံနိုင်ပါတယ်။ Online Receipt လက်မှတ်ကို ပရင်တာရှာပြီး တကူးတက ပရင့်ထုတ်စရာမလိုတော့တာက အခုနောက်ပိုင်း သိပ်ကောင်းတဲ့အချက်ပါ။
.
.
. သို့သော်လည်း တယ်လီဖုန်းနဲ့စကားမပြောလိုသူမြန်မာတစ်ချို့ကတော့ လူကိုယ်တိုင်ဖုန်းပြောပြီးထိုင်ရောင်းတဲ့ မြန်မာစကားပြောကိုယ်စားလှယ်တွေနားက ဝယ်ယူခရီးသွားနေကြတုန်းပါပဲ။ မြန်မာအချင်းချင်းအားပေးတာ ကောင်းပါတယ်။ ဒါပေမယ့် နည်းပညာတစ်ခုကို မှားမှာစိုးလို့၊ အခက်အခဲရှိလို့၊ ရင်မဆိုင်ချင်လို့ ကျော် - Skip လိုက်ရင် နောက်တစ်ခါ ဒီလိုပြန်ကြုံရတဲ့အခါ ပိုပြီးမလုပ်တတ်တာကလွဲလို့ တိုးတက်မှုတစ်စုံတစ်ရာတွေ့ရဖို့ခက်ပါတယ်။
.
. နောက်တစ်ခါ လူချင်းမတွေ့ရတဲ့ အွန်လိုင်းရောက်ရှိသတင်းပို့ - Online Check-In နဲ့ မတ်တပ်သတင်းပို့စက် - Check-In Kiosk တို့ သုံးတတ်ရင် အလုပ်သက်သာတာနဲ့အမျှ နည်းပညာကိုစိတ်ညစ်ပြီး နောက်ကျနေရစ်ဖို့သိပ်မလွယ်တော့ပါဘူး။ အဓိက က ပြထားတဲ့မျက်နှာပြင် (အွန်လိုင်းစာမျက်နှာ / တက်ဘလက်ဖန်သားပြင်) ပေါ်မှာ ပေးထားတဲ့နှိပ်စရာခလုပ်တွေကို ဘယ်လိုခိုင်းစေရမယ်ဆိုတာသိရင် အစပိုင်းပဲခက်နိုင်ပေမယ့် နောက်ကျတော့ ကျင့်သားရသွားပြီး ကျွမ်းကျင်လာနိုင်ပါတယ်။
.
.
. အခုဆောင်းပါးမှာ လေယာဉ်လက်မှတ်ကိုသက်သာအောင်ဘယ်လိုဝယ်မလဲဆိုတာ ပြောပြချင်တယ်။ လေကြောင်းလိုင်းစာမျက်နှာတစ်ခုကိုဖွင့်လိုက်ရင် Book , Buy, Flight ဆိုတဲ့ခလုပ်ကိုနှိပ်လိုက်ရင် အသွားအပြန် - Roundtrip နဲ့ တစ်ကြောင်းတည်းသွား - One-Way အပြင် မြို့ကြုံဝင် - Multicity တို့ကိုရွေးပြီးတဲ့အခါ ထွက်ခွာမယ့်မြို့ နဲ့ သွားရောက်မယ့်မြို့တွေကို From နဲ့ To မှာ ရွေးပေးရပါတယ်။ ထို့အတူပဲ ထွက်ခွာမယ့်နေ့ နဲ့ ပြန်လာမယ့်နေ့တွေကျပြန်တော့ Depart Date နဲ့ Return Date တို့မှာထည့်ပြီး ကျသင့်တဲ့စျေးနှုန်းကိုရှာကြည့်လို့ရပါတယ်။
မျက်နှာသစ်ဆပ်ပြာရည်၊ (၄) မိနစ် နဲ့ ဝင်ပေါက် စီ-၂၆
ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
          . မမှတ်တာ . . ကျွန်တော်ကိုက မှတ်ကိုမမှတ်တာ။ ဒီလိုထည့်လိုက်ရင် ဒီလိုအစစ်ခံရမယ်မှန်းသိရဲ့သားနဲ့ လျှမ်းပြီးတော့ကို ဖြစ်တာ။ ဒီတစ်ခါတော့ တစ်ကယ်ကွိုင်ပြီ။ ပစ္စည်းတစ်ခြား လူတစ်ခြားဖြစ်ပြီ။ တော်သေးတာပေါ့ . . “ စွမ်း ” ပြောသလို အဖေ နဲ့ အမေ လေယာဉ်ပေါ်တက်တဲ့ဂိတ်ပေါက်ကိုအရင်သွားမိလိုက်လို့ကတော့ ကလေးတစ်ယောက်တည်း လေဆိပ်မှာ၊ ကျွန်တော်တို့လူကြီး (၂) ယောက်က ဝေဟင်မှာ . . တစ်ကယ်ခက်နေလောက်ပြီ။
.
. ကိုယ်က မနေ့တစ်နေ့ကရောက်တဲ့သူဆိုရင်လည်း ထားလိုက်တော့ . . ဒီအမှားမျိုးက အပြစ်မဆိုသာဘူး။ တရုတ်လေကြောင်း - China Airlines စီးပြီး မြန်မာပြည်ကိုပြန်နေတာလည်း အနည်းဆုံး (၁) နှစ် (၂) ကြိမ်လောက်။ အခုလောက် ဘဝပျက်တာ တစ်ခါမှမကြုံခဲ့ရဘူး။ အခုတော့ ဘယ်သူ့ကိုမှအပြစ်မမြင်ပါဘူးလို့ပြောပေမယ့် အပြစ်ရှိသူက ကျွန်တော်ပါ။
.
.
. ဘော်စတန်လေယာဉ်ကွင်းကိုသွားဖို့ မိသားစုတစ်တွေ ပြင်ကြဆင်ကြလုပ်နေတဲ့ ညနေပိုင်းလေးတစ်ခုမှာ တစ်ယောက်တစ်လှည့်ရေချိုးကြရင်း ပစ္စည်းတွေသိမ်းဖို့က နောက်ဆုံးရေချိုးတဲ့ ကျွန်တော့တာဝန်ဖြစ်လာခဲ့တာက စခဲ့တာပါ။
.
. ရေချိုးပြီးတာနဲ့ ဟိုဟာသိမ်း၊ ဒီဟာသိမ်း နဲ့ လေယာဉ်ပေါ်အပ်မယ့်ပေါင် (၅ဝ) အိတ်အကြီးထဲထည့်မယ့်ရေချိုးပြီးတဲ့သဘက်ကိုအာရုံစိုက်နေရင်း နောက်ဆုံးမှထည့်ရမယ့် ရေချိုးခန်းသုံးအလှပြင်ပစ္စည်းတွေကို Ziplock အိပ်ထဲကိုထည့်ပြီး လက်ဆွဲကယ်ရီအိတ်ပေါ်မှာတင်ထားလိုက်မိတယ်။ အချိန်နီးကပ်လာတာနဲ့အမျှ သိမ်းသမျှက မပြီး၊ စိတ်က လော၊ အမြန်ထုတ်၊ အမြန်ပိတ်၊ ကားငှားတာမှီအောင် ဘာမဆိုအမြန်လုပ်ရင်း အဆိုပါ တစ်ကိုယ်ရေသုံးအလှကုန်ပစ္စည်းပလပ်စတစ်အထုတ်ကလေးဟာ လုံခြုံရေးစက်ကိုလူနဲ့အတူဖြတ်မယ့် လက်ဆွဲထဲပါလာတာကို ကျွန်တော်သတိမထားမိခဲ့ဘူး။
Tuesday, June 2, 2020
ဒေါ်လာ ၂.၇ သန်းတန် ကားအစီး ၇ဝ
ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
တနင်္ဂနွေနေ့ညတုန်းက အိမ်အနီးနားက Dodge ကားကိုယ်စားလှယ်ရုံးမှာ ကားအစီး ၇ဝ ကျော် လုယက်ခံရပါတယ်။ လုယက်သူတွေဟာ ရဲကား နဲ့ မီးသတ်ကားတွေအလုပ်ရှုတ်အောင် ၂ လမ်းပဲခြားတဲ့ Walmart ကို မီးလောင်တိုက်သွင်းတာ၊ မျက်နှာချင်းဆိုင်ကားလမ်းရှေ့ရှော့ပင်းမောက Nike က ဖိနပ်တွေကိုဝင်လုတာအပြင် အားလုံးကိုအချိန်ကိုက်လုပ်လိုက်ကြတော့ ကားတွေမောင်းထွက်ဖို့အချိန် ၅ နာရီလောက်ရသွားပါတယ်။ ကားကိုယ်စားလှယ်ပိုင်ရှင် ကားလို့စ်-Carlos က သတင်းရုပ်သံနဲ့ပြောတဲ့အထဲမှာ
"သူတို့မှာ မျက်ရည်ယိုဗုံးတွေပါလာတယ်။ ဖောက်ခွဲလိုက်တဲ့မီးခိုးတွေကြားမှာ လူအုပ်ကြီးဟာ ကားသော့မီးခံသေတ္တာကိုရသွားပြီး NIKE စတိုးကလူတွေပါ လမ်းကူးပြီးအကုန်ဝင်လုကြတယ်"
"ထွက်ပေါက်ကိုပိတ်ရပ်ထားတဲ့ကားတွေကို တစ်စီးနဲ့တစ်စီးတိုက်ပစ်ပြီးလမ်းပေါက်ဖွင့်ပေးလိုက်တဲ့နောက်မှာ ပါကင်လော့မှာရှိတဲ့ ကားအကုန်လုံးနီးပါး ပါသွားပါတယ်။ ကားတာယာတွေမီးရှို့ပြီးလမ်းပိတ်ထားတယ်"
"ကားအမျိုးအစားတွေက ဒေါ့ဂျ်ထရပ်၊ ဂျစ်ကား၊ ချာဂျာ နဲ့ ဈေးကြီးတဲ့ Dodge Challenger Hellcats တွေကားအားလုံးပေါင်းလိုက်ရင် ဒေါ်လာ ၂.၇ သန်း တန်ပါတယ်။ အားလုံးအသစ်ချည်းချည်း"
"သန့်ရှင်းတဲ့လူ့ဘဝတစ်ခုဆိုတာပျက်စီးသွားပြီးရင် အကောင်းအတိုင်းပြန်ယူချင်လို့မရပါဘူး။ ကားတွေက ပြန်အစားထိုးလို့ရပါတယ်။ ကားတွေနဲ့လုပ်ငန်းက အလုံးစုံအာမခံတင်ထားတော့ပြန်ရပေမယ့် ဝန်ထမ်းအယောက် ၇ဝ ရဲ့ ဘဝတွေဟာ မျှော်လင့်ချက်မဲ့စေပါတယ်"