![]() |
ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး) |
အခု တဟုန်ထိုး တိုးတက်လာတဲ့တိုင်းပြည်တွေကလုပ်ငန်းရှင်တွေလို ထစ်ကနဲနေငွေပိုလို့ L.A မှာ အိမ်သွားဝယ်လိုက်၊ ဆီလီကွန်လွင်ပြင်မှာ အိမ်ခြံမြေရင်းနှီးမြုပ်နှံထားလိုက်၊ (အိမ်ဈေးတက်တာနဲ့အချိန်ကိုက်) သားသမီးတွေကိုကျောင်းပို့၊ အလုပ်လျှောက်ခိုင်း၊ ဗီဆာ Status ပြောင်းခိုင်း၊ အိမ်ခန်းကဝယ်ပြီးသား၊ ကျောင်းသားကအလုပ်လုပ်ခွင့်လျှောက်၊ ဒါမှမဟုတ် ဒီဘက်နိုင်ငံကတစ်ယောက်ယောက်နဲ့လက်ထပ် . . အဲဒီလိုမျိုးလာခဲ့ရတာမဟုတ်ပေဘူး။
တကယ့် တကယ်ကို မောင်နှမချင်းခေါ်လို့ ရိုးရိုးတန်းတန်းသမရိုးကျ စီစဉ်ကျန ပြောင်းရွှေ့လာခဲ့ရတော့ မောင်သုံညဟာ အောက်ခြေကနေပြန်စရတာပေါ့။ အစပိုင်းက အလုပ် ၁ ခု၊ နောက်ထပ်လုပ်တာက အချိန်ပိုင်းအလုပ် ၂ ခု၊ ဒီလိုနဲ့ ရုန်းရင်းကန်ရင်း ကျောင်းမှန်းကန်မှန်းသိသွားတဲ့တောင်ပေါ်သားလေးဟာတိုတိုနဲ့လိုရင်းပြောရရင် ၅ နှစ်လောက်အကြာမှာအခြေကျခဲ့တယ်ပေါ့ဗျာ။
ဒီအခါမှ မမျှဝေလို့မနေနိုင်တဲ့စိတ်က ဇာတ်လမ်းစတော့တာပါပဲ။ ကျွန်တော်စာစရေးတုန်းက Facebook က ရှိပေမယ့် News Feed တောင် မထွင်ရသေးဘူး။ တစ်ခုခုကြည့်ချင်ရင် ရှာတဲ့အကွက်ထဲမှာ လူနာမည်နဲ့လိုက်ရှာရတယ်။ ကျွန်တော့ထက်အရင် အမေရိကားအကြောင်းရေးနေသူတစ်ချို့ ကျွန်တော်လိုက်ဖတ်ကြည့်တယ်။ အင်မတန်အရေးအသားကောင်းကြတာပဲ။ ဒီအတိုင်းဆိုရင် ကျွန်တော်စာရေးသူတစ်ယောက်မဖြစ်နိုင်ဘူးဆိုတာသိလာတယ်။