ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Showing posts with label တက်ကြွ စကားသင်. Show all posts
Showing posts with label တက်ကြွ စကားသင်. Show all posts

Sunday, August 8, 2021

နှ‌မြောမိတဲ့အင်္ဂလိပ်စာ

 

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

အင်္ဂလိပ်စာကို ချစ်မြတ်နိုးသူ တစ်ယောက်အတွက် အပျော်ဆုံးအချိန်ဟာ အင်္ဂလိပ်စာကို လက်တွေ့အသုံးချသူတွေ ရှိတဲ့နေရာကို ရောက်သွားတဲ့အချိန်ပါပဲ။ ဒါ့ထက်ပို ကြည်နူးဖို့ကောင်းတာက အင်္ဂလိပ်စကားကို မွေးကတည်းကပြောတဲ့ မိခင်ဘာသာစကား တိုင်းပြည်မှာ လေ့လာခွင့် ရနေတာပါ။

တကယ် လေ့လာချင်သူတွေကတော့ အသက်အရွယ်ကိုလိုက်ပြီး မိမိဘဝကို နောက်တဆင့်မြှင့်တက်စေမယ့် ကျောင်းတက်တာတို့၊ လေ့လာမှုတစ်ခုကို ဆက်လက်လုပ်ဆောင်နေတာတို့ကို တွေ့ရတော့ အင်မတန် အားတက်မိတယ်။

ဒါတွေက ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် အင်္ဂလိပ်စကား အဓိကမပြော၊ မသုံး၊ မရေးတဲ့ တိုင်းပြည်ကလာသူတွေအတွက် အထူးအခွင့်ရေးလို ဖြစ်နေပေမဲ့ ဒီဘက်မြေမှာမွေးပြီး အင်္ဂလိပ်စကားကို ဘာမှသင်စရာမလိုတဲ့ အိမ်မွေးခြံပေါက် ဘိုလိုပေါက်ရောက်နေသူတွေ အတွက်က ဘာမှ အရေးမကြီးသလို ခံစားရတယ်။

သူတို့နဲ့ ရင်ဆိုင်လိုက်ရင် ESL Speaker သမားဟာ အလိုလို အားငယ်နေရသလို ဒီဘိုတွေကလည်း ကြိမ်ဖန်များစွာ (လူအကုန်လုံးကို မဆိုလိုပါ) အထင်သေးကြလေ့ရှိတယ်။ ဒါပေမဲ့ ၂၁ ရာစုရောက်လာတဲ့နောက်ပိုင်း ဒီလို နှိမ့်ချဆက်ဆံမှုတွေဟာ မမြင်ရသလောက် ကွယ်ပျောက်လာပါတယ်။

ဒီလို ကျွန်တော်တန်ဖိုးထားတဲ့ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားကို အသုံးမကျအောင်လုပ်ပစ်တဲ့ လူတစ်ယောက်အကြောင်း ပြောပြချင်တယ်။ သူပြောတာ ဆိုတာကိုနားထောင်ပြီး သူတတ်ထားတဲ့ အင်္ဂလိပ်စာကို နှမြောတယ်။ သူသွားလာလှုပ်ရှားနေတာကိုကြည့်ပြီး သူကျင်လည်တဲ့နေရာတွေမှာ ကျွန်တော် မတတ်သေးတဲ့ အင်္ဂလိပ်စာတွေကို နှမြောတယ်။ ကျွန်တော် နားလည်နိုင်စွမ်းမရှိတဲ့ သူအမြဲနားထောင်နေတဲ့ Rap ၊ R&B သီချင်းတွေကိုကြားမိတိုင်း သူ့အင်္ဂလိပ်စာတွေကို နှမြောမိတယ်။

Friday, May 26, 2017

မျှော်လင့်ချက်အရောင်တက်တဲ့တစ်နေ့ 

.
. မျှော်လင့်ချက်မဲ့နေတဲ့ လူငယ်လေးတွေ မကြာခဏ ကျွန်တော်တွေ့ ဖူးတယ်။ မျှော်လင့်ချက်မဲ့နေတဲ့ လူကြီးသူမတွေလည်း မကြာမကြာ ကျွန်တော်ဆုံဖူးတယ်။ အခုနောက်ပိုင်း အွန်လိုင်းပေါ်မှာ လူငယ်တစ်ယောက်၊ လူကြီးတစ်ယောက်၊ မိန်းမ/ယောက်ျားဆိုပြီးခွဲခြားစရာတောင်မလိုဘူး . . မျှော်လင့်ချက်မဲ့နေသူတွေ ဒုနဲ့ဒေး (ဒူတာတေး မဟုတ်ပါ) မြင်နေရတယ်။
.
. ယောက်ျား(ကြီး) တွေကို စပြောရရင် သူတို့က သူတို့ရဲ့သား/သမီး၊ ဆွေမျိုးမိတ်ဆွေအသိုင်းအဝိုင်းရဲ့လုပ်ဆောင်ရန်ဗာဟီရကိစ္စများမြောင်ကို မနိုင်ဝန်ထမ်းထားရတော့ တစ်နေ့တစ်ရက် အလုပ်အကြွေးမပိစေဖို့ အမြန်လုပ်ဆောင်ရင်း မျှော်လင့်ချက်မဲ့နေတယ်။
.
.
. သိပ်မကွာပါဘူး။ မိန်းမ(ကြီး) တွေလည်း သားရေး/သမီးရေး ဆွေးနွေးဖို့နေနေသာသာ ကလေးသူငယ်လည်း ကလေးသူငယ်အလျောက်၊ အရွယ်ရောက်သူလည်း အရွယ်ရောက်သူအလျောက် မနက်မိုးလင်းကနေလုပ်လိုက်ရတဲ့ မပြီးဆုံးနိုင်တဲ့ မာတာမိခင်တို့ရဲ့ဝတ္တရားကနေ တစ်ချို့ဆိုစီးပွားရှာရင်း၊ မိသားစုကိုစောင့်ရှောက်ရင်း မျှော်လင့်ချက်တွေ ကင်းမဲ့နေကြတယ်။
.
. လူလတ်ပိုင်းတွေကိုတွေ့ပြန်တော့ ရတဲ့အလုပ်နဲ့တတ်ထားတဲ့ပညာမကိုက်ညီတာ . . ဒါက ကျောင်းမပြီးပဲလုပ်ငန်းခွင်အတွေ့အကြုံကျွမ်းကျင်လာသူကိုပြောတာ၊ ကျောင်းပြီးတာနှစ်အနည်းငယ်ကြာသူတွေကျတော့ ကျောင်းကသင်ပေးလိုက်ပြီး ဖြေခဲ့တဲ့စာမေးပွဲရဲ့အချက်အလက်တွေကို မမှတ်မိတာကတစ်မျိုး၊ လက်တွေ့မှာအသုံးမတည့်တာက တစ်ဖုံ အစုံစုံ မျှော်လင့်ချက်ကင်းမဲ့နေကြတယ်။

Monday, July 11, 2016

သူငယ်ချင်း ရေ .. ( ၃ ) + ( ၄ )

သူငယ်ချင်း ရေ .. ( ၃ )

သူငယ်ချင်းတို့ရေ ..
မင်းတို့ဆီကို စာမရေးရတာကြာတော့ ရေးချင်လာတယ်
ဒါပေမယ့် ရေးမယ်ကြံလိုက်တိုင်း ဒီအင်္ဂလိပ်စာကပဲ ခေါင်းထဲမှာ လာလာကြပ်နေတယ်
ဒါကို ထပ်ရေးပြီးပြောရင် မင်းတို့ငါ့ကိုသတ်ချင်နေမလား ပဲ ..။

မတတ်နိုင်ဘူးလေ ပြောသင့်တာတော့ ပြောရမှာပဲ .. မဟုတ်ဘူးလား?
ဒီတစ်ခေါက် ငါ ရန်ကုန်ရောက်တုန်းကပြောခဲ့သလို
မင်းတို့ ရန်ကုန်မှာနေနေ .. နယ်မှာနေနေ .. မြန်မာနိုင်ငံတွင်းမှာနေနေ .. ဟိုနားဒီနားသွားသွား ..ပြသနာမရှိဘူး။
ငါတို့ရဲ့အင်္ဂလိပ်စာက ပြည်ပနိုင်ငံမထွက်မချင်း ပြသနာမရှိသေးဘူး။

အေး .. ကမ္ဘာ့အနောက်ဘက်ခြမ်းဘက် ခြေတစ်လှမ်းခွာပြီဆိုတာနဲ့ ထိုင်ဝမ်လေဆိပ်က ဇာတ်လမ်းစပြီ။ တစ်ဆက်တည်း မင်းတို့သွားချင်တဲ့၊ သွားမယ်လို့ရည်ရွယ်ထားတဲ့
အနောက်ဘက် အင်္ဂလိပ်စကားပြောတဲ့နိုင်ငံတစ်ခုခုရောက်ပြီဆိုရင် နည်းနည်းတော့ ပြင်ရတော့တာပဲကွ..။

အခုပဲကြည့် ..
ငါ့မှာ ငယ်ငယ်လေးကတည်းက ငါ့လို အင်္ဂလိပ်စာ အရမ်းရူးတဲ့တူတစ်ယောက်ရှိတယ်ကွ..။ အခု သူ ဒီဘက်နိုင်ငံရောက်တော့ သိတယ်နော် .. တတ်တယ်နော် .. ပြောဖို့စိတ်ထဲမှာ ရှိတယ်နော် .. တစ်ကယ်တန်း လူချင်းတွေ့တော့ စကားက မထွက်ဘူး။ ဖုန်းထဲမှာ ဘယ်လိုပြောရမှန်းကို မသိဘူး .. အဲဒါ ငါ့ရှေ့တင်..။

Sunday, April 3, 2016

စာလည်းသင်ပါ .. P.E လည်းလုပ်ပါ

ဒီနေ့ ကျွန်တော် ရဲစခန်းရောက်ခဲ့တယ်။ ရဲစခန်းဆိုလို့ ကြောက်လန့်သွားစရာမရှိသလို ကျွန်တော်လည်း ဘာမှမဖြစ်ပါဘူး။ ဒီနိုင်ငံမှာ ရဲက လူတွေကိုကူညီဖို့ အဓိကဖွဲ့စည်းထားတာပါ။ လူ့အဖွဲ့အစည်းအတွက် ဝန်းရံပေးတဲ့ အသိုက်အမြုံတံတိုင်းတစ်ခုဆိုရင် ပိုမှန်ပါလိမ့်မယ်။ ကျွန်တော် ပညာရေးအကြောင်းရေးရင်  “ စွမ်း ” က ဇာတ်လိုက်နေရာက ပါနေကျ။ အခုလည်း သူ့ရဲ့ကျောင်းသားလှုပ်ရှားမှု - Interact လုပ်အားပေးအဖွဲ့ရဲ့ အစည်းအဝေးတစ်ခုကိုတက်ဖို့ ( ၂၈ ) မိနစ်မောင်းယူရတဲ့ မဲလ်ပိတပ်စ် - Milpitas မြို့ ကို ရောက်နေတာပါ။ အဲဒီလူငယ်တွေ့ဆုံပွဲ - Open District Council Meeting ကို မဲလ်ပိတပ်စ် ရဲစခန်းရဲ့ ခန်းမ - Community Room ထဲမှာလုပ်တာ .. ကဲ .. မဆန်းဘူးလား..။
.
“ စွမ်း ” က ကျောင်းမှာ P.E – Physical Education ကို ဖိဖိစီးစီးလုပ်တယ်။ တစ်နှစ်မှာ ရာသီ - Season အရ အားကစားအမျိုးအစားပြောင်းလဲမှုရှိပေမယ့် နှစ်စကနေ စာသင်နှစ်ကုန်းဆုံးတဲ့အထိ အမြဲပါဝင်ခဲ့တယ်။ လူကျန်းမာသလို သူငယ်ချင်းတွေနဲ့တွေ့ဆုံချိန်ပိုများလို့ သူအင်မတန်နှစ်သက်တဲ့ ကျောင်းသင်ခန်းစာလို့တောင် ပြောလို့ရတယ်။ တစ်ခါတစ်ခါများဆို အပြေးလေ့ကျင့်ပြီးပြန်လာလိုက်ရင် အိမ်ရောက်တော့ မဟန်နိုင်ပဲ မောပန်းနေလိုက်တာ။
.
ကြက်တောင်ရိုက်ရာသီဆိုလည်း ဒီအတိုင်းပဲ .. ကျောင်းလွှတ်တော့ သူ့အမေသွားကြိုပြီး အိမ်ပြန်ခဏနား၊ အစားနည်းနည်းစား၊ ပြန်ပို့..။ ကျွန်တော်အလုပ်ကပြန်လာမှ သူ့ကိုတစ်ခေါက်ပြန်သွားကြို။ အိမ်ပြန်ရောက်၊ ညစာစား၊ အိမ်စာလုပ်၊ ပရောဂျက်လုပ် နဲ့ နောက်တစ်ရက်မနက်စောစောအလုပ်သွားဖို့ ကျွန်တော်အိပ်သွားပေမယ့် သူမအိပ်ရသေးဘူး။
.
.
ဒါနဲ့  ကလေးပင်ပန်းတာကိုမကြည့်ရက်တဲ့ အမေလုပ်တဲ့သူက အားကစားမလုပ်လို့ရရင်လည်းမလုပ်နဲ့လေ .. နားနားနေနေ အိမ်စာလုပ်ဆိုတာကို သူက မရဘူး။ ဒါက ကျောင်းသားတိုင်းလုပ်ရမှာ .. ကောလိပ်တက်တဲ့အခါ အင်မတန်အထောက်အကူရတယ်လို့ ပြန်ရှင်းပြတယ်လေ။ ဒီနေ့ သူ့ကိုလိုက်ပို့ရင်း ကားပေါ်မှာရှင်းပြသွားတာက နိုင်ငံခြားမှာ အလယ်တန်း၊ အထက်တန်းကျောင်းတက်မယ့် သားသမီးတွေပါလာမယ့် ပြောင်းရွှေ့မြန်မာမိဘတွေအတွက် အများကြီးအကျိုးရှိနိုင်လို့ ပြန်လည်မျှဝေပေးချင်ပါတယ်။

Thursday, January 14, 2016

မြန်မာလူငယ်များမေး၍ ကိုညီညီဖြေသည်

“ မြန်မာလူငယ်များမေး၍ ကိုညီညီဖြေသည်။ ( ၁ ) ”
.
ကျွန်တော်ဟာ စာရေးရင်း စာဖတ်၊ စာဖတ်ရင်းစာရေးရာကနေ အင်္ဂလိပ်စာသင်ဖို့လုပ်ကြည့်လိုက်ပါသေးတယ်။ လွယ်လှတဲ့အလုပ်တော့မဟုတ်ပါ။ ဆရာမဟုတ်တဲ့အတွက် တစ်ချို့နေရာတွေမှာ ပိုမိုခက်ခဲပါတယ်။ ဒီနေရာမှာ ကျွန်တော့ကို တစ်ချို့ကမေးကြမယ် .. “ မင်း က ဘယ်လောက်တတ်လို့ စာသင်ရတာတုန်း ” လို့ပေါ့..။ ဟုတ်ကဲ့ပါခင်မျာ .. ကျွန်တော်ဘာမှမတတ်ပါဘူး။ ဝန်ခံပါတယ်။
.
ဒါပေမယ့် လူသူမရောက်တဲ့တောလို့ပြောပြော၊ လူရောက်သူရောက်ပေါပြီး မြန်မာနိုင်ငံကလူတွေကို ( ကြွားဖို့ကလွဲရင် ) ဘာမှ ပြည်လည် မမျှဝေ၊ မပို့ချတတ်သူတွေ များလာလို့လားမသိဘူး .. ကွာဟချက် ကွက်လပ်ကြီးကိုတွေ့လာခဲ့တယ်။ ဒါကြောင့် စာမသင်တတ်ပေမယ့် ဘဝအသိပညာတွေပြောပြချင်စိတ် ကို စေတနာအရင်းခံပြီး မချွင်းမချန်ဖြေပြထားတဲ့ မြန်မာလူငယ်တွေမေးထားတဲ့မေးခွန်းတွေကို အပိုင်းလိုက်တင်ပေးချင်ပါတယ်။
.
.
.
TS2 Question  - ဈေးဆစ်ရင် ဘယ်လိုပြောရမလဲ။
.
.
TS2 Answer - ဈေးဆစ်ရင် Can you give me ( ဈေးနှုန်း )? နဲ့ ပြောပါတယ်။ ဈေးဆစ်နေကျနိုင်ငံကလာရင်တော့ ဒါမျိုးတွေမေးကြတယ်။ သိပ်မကွာပါဘူး။ အရှေ့တိုင်းနဲ့အတူတူပါပဲ။ အနောက်တိုင်းမှာ ( အမေရိကန် ) မှာက ဈေးကို ကွက်တိကပ်ပြီး - Fixed Price ဖြစ်ပြီးသားပါ။ ဈေးဆစ်လို့မရပါဘူး။
.
ဒါပေမယ့် ဈေးဆစ်လို့ရတဲ့ ( အခွန်လွတ်ဈေးလို့ခေါ်မလား ) ရန်ကုန်လေဟာပြင်ဈေးလိုမျိုးဈေးတွေရှိပါတယ်။ အထူးသဖြင့် မက္ကဆီကိုယဉ်ကျေးမှုထွန်းကားပြီး နယ်စပ်နဲ့နီးတဲ့မြို့တွေမှာပါ - ဥပမာ ( L.A ) ဆန်ထီးဈေး
.
အဲဒီဈေးတွေထဲဝင်သွားရင် ဟိုလူကလည်းဝယ်ပါဦး၊ ဒီလူကလည်းဝယ်ပါဦးဆိုပြီးခေါ်တတ်တယ်။ တစ်ခုပဲရှိတယ် .. ဒီလိုဈေးတွေမှာ အကြွေးဝယ်ကဒ်ပြားနဲ့ဝယ်လို့မရဘူး။ ငွေသား - Cash ထုတ်ဝယ်ရတယ်။ လက်ငင်းပဲ။ ဈေးလည်းဆစ်လို့ရတယ်။ လျှော့ပေးတယ်။ အရည်အသွေးက အစစ်နဲ့အနီးဆုံးတူတဲ့ တန်ဖိုးနည်းအဝတ်အစား၊ ပိုက်ဆံအိတ် များတယ်။

Sunday, August 30, 2015

ပြောပြချင်တဲ့ စွမ်း တက်မယ့် AP Calculus (AB) အတန်းအကြောင်း

.
ဒီစာစုလေးမှာ ဆောင်းပါးရေးတာထက် မြန်မာနိုင်ငံကနေ မိမိသားသမီးကို နိုင်ငံခြားကျောင်း အဆင့်မြင့်မြင့်ထားချင်သူ မိဘများကိုပြောပြချင်တဲ့ စေတနာ နဲ့ ပရဟိတသုတ ပေါင်းစပ်ပြီး သတင်းစကားပါးချင်တယ်ဆိုရင် ပိုမှန်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ငယ်ငယ်က မြန်မာဘာသာပြန်ထားတဲ့သချာင်္ဘာသာရပ်ကိုသင်ခဲ့ရပြီး လက်ရှိကျောင်းပညာရေးနဲ့ အနှစ် ( ၃ဝ ) လောက်ဝေးလာခဲ့ပြီမို့ ဘာသာရပ်အခေါ်အဝေါ်တွေငှားယူသုံးစွဲရာမှာ အခက်အခဲရှိလာပါတယ်။ အထူးသဖြင့် ဒီဘက်နိုင်ငံရောက်မှတက်ခဲ့တဲ့ အင်္ဂလိပ်လိုသင်ရတဲ့သချာင်္အခြေခံအနည်းငယ်ရှိရင်းစွဲဖြစ်လို့သာ ကိုယ်ရေးကိုယ်တာရှေ့မထားပဲ ရေးပြပါရစေ။
.
.
အမေရိကားရောက်ပြီး ( ၁ ) နှစ်ပြည့်ပြီး ( ၁ ) ပတ်ကျော်တာနဲ့ ကွန်မြူနတီကောလိပ်ကို ကျွန်တော် စတက်ပါတယ်။ ဘာယူရမယ်ဆိုတာထက် အခြေခံယူနစ်ဖြည့်ဖို့ အင်္ဂလိပ် နဲ့ သချာင်္တော့ မဖြစ်မနေယူရတယ်။ ဒီ ( ၂ ) မျိုးသင်ရတာနဲ့တင် အခုလိုအမေရိကားရောက်တာတန်တယ်လို့ ခပ်ကဲကဲပြောနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီလိုအင်္ဂလိပ်စာ နဲ့ အင်္ဂလိပ်လိုသင်တဲ့သင်္ချာကို သင်ယူဖို့ စိတ်ကူးယဉ်ခဲ့တာ ကျွန်တော် ( ၁၃ ) နှစ်သားကတည်းကပါ။ ဒီလိုနဲ့ ..
.
စကော့တလန်လူမျိုး သချာင်္ပါမောက္ခသင်တဲ့ သချာင်္အတန်းမှာ အထက်တန်းကျောင်းက ( ၁၄ ) နှစ်သားကျောင်းသားလေးတစ်ယောက် လာတက်တော့ ကျွန်တော်အံ့သြမိတယ်။ ကျွန်တော်တို့သင်သလိုသူလိုက်သင်တယ်။ အိမ်စာလည်း ကျွန်တော်တို့နဲ့အတူတူလိုက်လုပ်တယ်။ စဉ်းစားကြည့်တယ် .. သူ့အရွယ်နဲ့ကောလိပ်ကျောင်းနဲ့ဘာဆိုင်လို့လဲပေါ့။ ညပိုင်းမှောင်လောက်ကျမှစတဲ့အတန်းကို သူ့အဖေကလာပို့တယ်။ အတန်းပြီးတဲ့ ည ( ၉ ) နာရီလောက်ဆိုလည်း စိတ်ရှည်ရှည်လာကြိုတာပါပဲ။
.
.
နောက်မှသိရတာက အထက်တန်းပြီးရင်ယူရမယ့် သချာင်္သင်တန်းတွေကို စာလိုက်နိုင်တဲ့ကလေးကိုခုန်တက်ခွင့်ပေးတဲ့ AP – Advanced Placement Test အောင်လို့ရောက်လာတာဖြစ်တယ်။ ဆိုလိုတာက ဥပမာ - သူက ( ၁၂ ) တန်းမှာသင်ရတဲ့အတန်းဘာသာရပ်အားလုံးက သူ့သူငယ်ချင်းတွေနဲ့တူချင်တူမယ် .. ဒါပေမယ့် သချာင်္ကျတော့ ကောလိပ်အဆင့်ကို သူလိုက်နိုင်လို့ ကျောင်းကသချာင်္အချိန်မှာ အတန်းကြီးကိုသွားတက်ရတဲ့ပုံစံမျိုးပါ။ ( ၁ဝ ) တန်း၊ ( ၁၁ ) တန်း မှာ အမြင့်သချာင်္ ( ၁၂ ) တန်းက ရှိပေမယ့် ( ၁၂ ) တန်းရောက်လာတဲ့ဒီကျောင်းသားကတော့ ကောလိပ်မှာသင်္ချာဆက်သင်ရတော့တာပေါ့။

Sunday, June 28, 2015

ကောလိပ်တက်မလို့လား .. လိုက်ပို့ပေးမယ်လေ

.
.
ရဲမင်း ။         ။ မင်း ငါ့ကိုအကူအညီတောင်းစရာရှိတယ်ဆို ဘာများလဲ ရဲသွေး ရ..။
.
ရဲသွေး ။          ။ အေး .. ဟုတ်တယ်။ ငါက ဒီရောက်တာမကြာသေးတော့ မသွားတတ် မလာတတ်ဖြစ်နေလို့ မင်းကိုကျောင်းအပ်ခိုင်းမလို့ပါ။
.
.
ရဲမင်း ။         ။ ကောလိပ်ကျောင်းလား? တက္ကသိုလ်တစ်ခါတည်းတက်မှာလား?
.
ရဲသွေး ။          ။ ငါ့မိဘတွေကတော့ အကုန်အကျသက်သာအောင် နဲ့ ကျောင်းမြန်မြန်ပြီးအောင် တက္ကသိုလ်တက်ခိုင်းတယ်။ ငါ့အထင် တက္ကသိုလ်တက်ရင် စာနိုင်မယ်မထင်ဘူးကွ။
.
.
ရဲမင်း ။         ။ ဟင် .. ဟုတ်ပါ့မလား။ မင်းက ဒီ အမေရိကားမလာခင်လေးကပဲ ( ၁ဝ ) တန်းမှာ ဂုဏ်ထူး ( ၅ ) ခု ထွက်ခဲ့တာဆို။ မင်းလုပ်နိုင်မှာပါ။
.
ရဲသွေး ။          ။ ဒါက မင်းထင်တာကိုးကွ။ ငါ့အတွက်က ဒီနေရာမှာ ယဉ်ကျေးမှုအသစ်၊ အမြင်အသစ်၊ ဘာသာစကားအသစ်၊ စာသင်စံနစ်အသစ်နဲ့ အားလုံးအသစ်ချည်းပဲ။ အခုမှ စသင်နေတုန်းဆိုတော့ မင်းကိုမေးချင်တာလဲပါတယ်။ ဒါကြောင့် မင်းကို စကားပြောဖို့ ခဏခေါ်လိုက်တာ။ မေးချင်တယ်ဆိုရင်တော့ ပိုမှန်ပါတယ်ကွာ။
.
.
ရဲမင်း ။         ။ မြန်မာနိုင်ငံကနေ ဒီနိုင်ငံကိုလိုက်လာတဲ့ ကျောင်းသားတွေကို အကြမ်းအားဖြင့် ( ၄ ) မျိုးခွဲနိုင်တယ်။
.
( ၁ ) ကလေးငယ် - မူလတန်း ကနေ အလယ်တန်းအထိ
.
( ၂ ) အတန်းကြီးပေမယ့် ( ၁ဝ ) တန်း မအောင်သေးသူ
.
( ၃ ) ( ၁ဝ ) တန်းအောင်ပြီး ဇဝေဇဝါဖြစ်နေသူ
.
( ၄ ) မေဂျာတစ်ခုခုနဲ့ကျောင်းပြီးထားပြီး ကျောင်းဘယ်လိုစတက်ရမှန်းမသိသူ -
.
ဒီ ( ၄ ) မျိုးထဲမှာမပါတဲ့ကျောင်းသားတွေကတော့ အမေရိကားကျောင်းတွေကို မြန်မာနိုင်ငံကနေ တိုက်ရိုက်လျှောက်ပြီး ကောလိပ် နဲ့ တက္ကသိုလ်လာတက်ဖို့ တစ်ယောက်တည်းကြိုးစားရသူတွေပေါ့ကွာ။

Friday, June 26, 2015

အီးမေးလ်ဖတ်ပြီး အင်္ဂလိပ်စာသင်ကြရအောင်

.
.
ခေတ်သစ်လူမှုဆက်ဆံရေးမှာ လူချင်းတွေ့ပြီးစကားပြောတဲ့အခါပြော၊ တယ်လီဖုန်းဆက်ပြီးဆိုတဲ့အခါကဆို စကားမပြောတဲ့အချိန်တွေကျရင် ဘယ်လိုဆက်ဆံကြပါသလဲ တွေးမိကြဖူးပါသလား? လုပ်ငန်းခွင်တွေမှာ၊ ရုံးကန္နားတွေမှာ၊ ကုမ္ပဏီအဖွဲ့အစည်းတွေမှာ လုပ်ငန်းအဆင့်ဆင့်ကိုတော့ တယ်လီဖုန်းအပြင် အီးမေးလ်နဲ့ပြောကြပါတယ်။ လိုအပ်ရင် စာတစ်တန် ပေတစ်တန်ပို့ပြီး ခိုင်းစေဆောင်ရွက်စေခြင်းတွေ ပြုလုပ်ရပါတယ်။ မြန်မာလိုပို့တဲ့အီးမေးလ်ကို အထင်မသေးစေချင်ပါဘူး။ သုံးတဲ့ကွန်ပျူတာ၊ တက်ဘလက်၊ လက်ကိုင်ဖုန်းတွေမှာ မြန်မာဖောင့်ရှိရသလို ဇော်ဂျီလက်ကွက် နဲ့ ယူနီကုဒ် ဘာသာစုံရဖို့လည်းလိုပါသေးတယ်။
.
အဲဒီအခက်အခဲတွေကနေကျော်လွှားနိုင်ဖို့ကတော့ အင်္ဂလိပ်လိုဖတ်နိုင်ပြီး အင်္ဂလိပ်လိုပြန်ရေးနိုင်ရင် ဘာလက်ကွက်၊ ဘာဖောင့်မှာ အထူးသွင်းနေစရာမလိုသလို သုံးစွဲသမျှ ကိရိယာ - Device အားလုံးနဲ့လည်း နေ့နံသင့်အဆင်ပြေပါတယ်။ ဆက်ပြောမယ့်အကြောင်းအရာထဲမှာတော့ မြန်မာမကျဘိုမကျဘာသာစကား - Myanglish မပါတာတော့ ကြိုတင်သတိပေးထားရပါလိမ့်မယ်။ လိုအပ်ချက်တွေကို ပြင်းအားအစဉ်လိုက်ပြောကြစတမ်းဆို မြန်မာကို ကမ္ဘာသို့ဝင်ဆန့်ဖို့ဆိုရင် အင်္ဂလိပ်လို ပြောတတ်၊ ဖတ်တတ်၊ နားထောင်တတ်၊ ရေးတတ်ဖို့လိုပါတယ်။
.
အမေရိကားမှာ အင်္ဂလိပ်စကားတတ်ပြီး အင်္ဂလိပ်စာမရေးတတ်သူတွေရှိတယ်ဆိုလို့ မအံ့သြသွားကြပါနဲ့။ တစ်ချို့ဆို ရုံးသုံးရေးစာ မကျွမ်းကျင်တာနဲ့ ကြီးကြပ်ရေးမှူးရာထူးမရသူနိုင်သူတွေရှိတယ်။ အီးမေးလ်ပို့ မကျွမ်းကျင်တာနဲ့ ခေါင်းဆောင်ရာထူးကအချခံရသူတွေရှိတယ်။ ကိုယ်တိုင်ကိုယ်ကျဖတ်တတ်ပြီး အများရှေ့မှာ အင်္ဂလိပ်စကားပြောမရတာကြောင့် လက်ရှိခေါင်းဆောင်ရာထူးကနေ ဆင်ပေးရသူတွေဆိုတာ ရှိကြတယ်။ ဒါကြောင့် အင်္ဂလိပ်စကားဆိုရင် ဘယ်လိုနေရာကနေနေ ကျဘမ်းလမ်းညွှန်လုပ်နိုင်မှ အမေရိကန်မှာ ရပ်တည်နေနိုင်ဖို့ အဆင်ပြေပါလိမ့်မယ်။

Saturday, November 1, 2014

ကျွန်တော်တို့လို သူတို့ မပြောတတ်ပါဘူး

.
.
ကျွန်တော်တို့ ရွှေမြန်မာတွေ ဘို စကားမပီလို့ စိတ်မညစ်ပါနဲ့။ ငါးပိစားကြီးလာသူ မြေပြန့်သားတွေ၊ ဆန်နီစားကြီးလာတဲ့ တိုင်းရင်းသားတွေ၊ ပဲပုပ်စားကြီးလာတဲ့ ရှမ်းနွယ်ဝင်တွေ နဲ့ ထိုဖူးနွေးနဲ့မနက်စာကိုနှစ်ပေါင်းများစွာဖြတ်သန်းလာတဲ့ တောင်ပေါ်သားတွေ ဘို လို မပီတာ မဆန်းပါဘူး။ ဘာသာစကားဆိုတာ ကြိမ်ဖန်များစွာ လေ့ကျင့်ယူမှ ကျွမ်းကျင်ရတဲ့ကိစ္စပါ။
.
ဘို တွေရော တစ်ပါးသူဘာသာစကားရဲ့အသံထွက်တွေပီပါသလား? ကျွန်တော်ဆန်းစစ်ကြည့်တယ် .. စောင့်ကြည့်တယ်။ သူတို့လျှာဖျားမှာလည်း မြန်မာအသံထွက် ခက်နေတာကို သိလာရတယ်။ ဥပမာ မြန်မာ - Myanmar ကို ကျွန်တော်တို့က မြန်မာလို့ထွက်ပေမယ့် သူတို့က “ မြာ အ် မာ ” ဖြစ်နေသလိုပေါ့။ ဆက်လေ့လာကြည့်ရအောင်။
.
တစ်ညနေ အလုပ်ဆင်းခါနီးမှာ မြန်မာကောင်လေးတစ်ယောက် နဲ့ လုပ်ဖော်ကိုင်ဖက် ထရီးဇာ - Teresa လို့အမည်ရတဲ့ လူမည်းအမျိုးသမီးတို့ အလုပ်ဆင်းကဒ်ပြား ရိုက်ခါနီး အငြင်းတစ်ခုပွားနေတယ်။ တစ်ဖြည်းဖြည်း လမ်းလျှောက်လာရင်း ထရီးဇာ က မြန်မာကောင်လေးပြောတာနားမလည်တဲ့အခါတိုင်း မင်းတို့လူမျိုးတွေ ငါတို့ရဲ့အင်္ဂလိပ်အသံထွက်တာကို နားမလည်ဘူးလို့ ပြောလာခဲ့တဲ့ပုံ ရပါတယ်။

Monday, August 12, 2013

အမြဲပြောရသော လုပ်ငန်းခွင်စကားစုများ




လုပ်ငန်းခွင်တွင် ပြောရသော အင်္ဂလိပ်စကားအများစုမှာ မိမိတို့ နေ့စဉ်ပြောနေကျ စကားများသာဖြစ်သည် ၊ သို့ရာတွင် အမေရိကားရောက်မြန်မာများ မည်သည့်အတွက်ကြောင့် ပြောဆိုဆက်ဆံရေး ( Communication ) ခက်ခဲနေကြရပါသနည်း ၊

Saturday, August 3, 2013

အသုံးဝင်သော နှုတ်ဆက်စကားစုများ



          မြန်မာနိုင်ငံ၏ပြောင်းလဲလာသော မူဝါဒ နှင့် နိုင်ငံရေးပြုပြင်မှုများနှင့်အညီ အမိမြန်မာနိုင်ငံသို့ ဝင်ရောက်လာမည့် နိုင်ငံခြားသားများနှင့် ပြောဆိုဆက်ဆံရန် မိမိတို့၏အင်္ဂလိပ်စာအပြောအဆို အရေးအသားတိုးတက်ရန်မှာ များစွာလိုအပ်လျက်ရှိသည်မှာ အားလုံးအမြင်ပင်ဖြစ်သည် ၊