![]() |
| ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး) |
အင်္ဂလိပ်စာကို ချစ်မြတ်နိုးသူ တစ်ယောက်အတွက် အပျော်ဆုံးအချိန်ဟာ အင်္ဂလိပ်စာကို လက်တွေ့အသုံးချသူတွေ ရှိတဲ့နေရာကို ရောက်သွားတဲ့အချိန်ပါပဲ။ ဒါ့ထက်ပို ကြည်နူးဖို့ကောင်းတာက အင်္ဂလိပ်စကားကို မွေးကတည်းကပြောတဲ့ မိခင်ဘာသာစကား တိုင်းပြည်မှာ လေ့လာခွင့် ရနေတာပါ။
တကယ် လေ့လာချင်သူတွေကတော့ အသက်အရွယ်ကိုလိုက်ပြီး မိမိဘဝကို နောက်တဆင့်မြှင့်တက်စေမယ့် ကျောင်းတက်တာတို့၊ လေ့လာမှုတစ်ခုကို ဆက်လက်လုပ်ဆောင်နေတာတို့ကို တွေ့ရတော့ အင်မတန် အားတက်မိတယ်။
ဒါတွေက ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် အင်္ဂလိပ်စကား အဓိကမပြော၊ မသုံး၊ မရေးတဲ့ တိုင်းပြည်ကလာသူတွေအတွက် အထူးအခွင့်ရေးလို ဖြစ်နေပေမဲ့ ဒီဘက်မြေမှာမွေးပြီး အင်္ဂလိပ်စကားကို ဘာမှသင်စရာမလိုတဲ့ အိမ်မွေးခြံပေါက် ဘိုလိုပေါက်ရောက်နေသူတွေ အတွက်က ဘာမှ အရေးမကြီးသလို ခံစားရတယ်။
သူတို့နဲ့ ရင်ဆိုင်လိုက်ရင် ESL Speaker သမားဟာ အလိုလို အားငယ်နေရသလို ဒီဘိုတွေကလည်း ကြိမ်ဖန်များစွာ (လူအကုန်လုံးကို မဆိုလိုပါ) အထင်သေးကြလေ့ရှိတယ်။ ဒါပေမဲ့ ၂၁ ရာစုရောက်လာတဲ့နောက်ပိုင်း ဒီလို နှိမ့်ချဆက်ဆံမှုတွေဟာ မမြင်ရသလောက် ကွယ်ပျောက်လာပါတယ်။
ဒီလို ကျွန်တော်တန်ဖိုးထားတဲ့ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားကို အသုံးမကျအောင်လုပ်ပစ်တဲ့ လူတစ်ယောက်အကြောင်း ပြောပြချင်တယ်။ သူပြောတာ ဆိုတာကိုနားထောင်ပြီး သူတတ်ထားတဲ့ အင်္ဂလိပ်စာကို နှမြောတယ်။ သူသွားလာလှုပ်ရှားနေတာကိုကြည့်ပြီး သူကျင်လည်တဲ့နေရာတွေမှာ ကျွန်တော် မတတ်သေးတဲ့ အင်္ဂလိပ်စာတွေကို နှမြောတယ်။ ကျွန်တော် နားလည်နိုင်စွမ်းမရှိတဲ့ သူအမြဲနားထောင်နေတဲ့ Rap ၊ R&B သီချင်းတွေကိုကြားမိတိုင်း သူ့အင်္ဂလိပ်စာတွေကို နှမြောမိတယ်။








