ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Showing posts with label တိုးနီ အခန်းဆက်. Show all posts
Showing posts with label တိုးနီ အခန်းဆက်. Show all posts

Monday, July 12, 2021

တိုးနီလား? မအားဘူး ကိုဗစ်ဖြစ်နေတယ်

 


#KNNTgi ။ ။ ကိုတိုးနီရေ၊ မင်္ဂလာပါ မိသားစုအားလုံး ဘေးကင်းလုံခြုံပါရဲ့လား သတိရတယ်နော်။ အစ်ကို့ ဒုတိယစာအုပ်ထွက်လို့ ကိုတိုးနီကို စာအုပ်လက်ဆောင်ပေးမလို့ပါ။ ကိုတိုးနီအကြောင်းပါတဲ့ စာအုပ်ထွက်လို့ ဖြစ်ရပ်မှန်ဆောင်းပါးကိုပြောပြတဲ့အတွက်ရော၊ စာအုပ်ထဲ ထည့်ခွင့်ပေးခဲ့တဲ့အတွက်ရော ကျေးဇူးတင်ပါတယ်။ စာအုပ်လက်ဆောင် ပို့ပေးပါရစေ။

.
တိုးနီ။ ။ ဆရာညီညီရေ အားလုံး လုံခြုံဘေးကင်းပါတယ်။ စာအုပ် ထပ်ထွက်လို့ ဆရာညီညီအတွက် ဂုဏ်ယူပါတယ်။ Congratulations...ပါ။
.
ကျွန်တော် လက်ရှိ မင်္ဂလာဒုံ (နေရာလွှဲက) က မိဘအိမ်ရောက်နေပါတယ်။ အဲဒီအိမ်လိပ်စာပဲ ပို့ပေးပါနော်။ ကျွန်တော် Covid-19 ဖြစ်နေလို့ ဒီဘက်မှာလာရှောင်နေတာ ၁ဝ ရက်ကျော်ပြီ😭။ ဘာပဲဖြစ်ဖြစ် သတိရလို့ကျေးဇူးတင်ပါတယ်။ Address က _______ ဆိုရင် ရောက်ပါတယ်။ ဖုန်းနံပါတ်က ________ ပါ။ ဆရာညီညီလည်း ဒီထက် မက အောင်မြင်ပါစေ၊ ဆန္ဒနှင့်ဘဝ တထပ်ထဲကျပါစေ။🙏
.
.
#KNNTgi ။ ။ လက်ဆောင်ပြန်ပေးဖို့ ဘယ်နှအုပ်ယူပါမလဲ။
.
တိုးနီ။ ။ ရပါတယ် စာအုပ်က သယ်လာပေးမဲ့လူပေါ်မူတည်ပြီးထည့်ပေးလိုက်ပါ။ ကျွန်တော်က OK ပါတယ်။ ခုချိန် Covid-19 ဖြစ်ရင် စိတ်ညစ်ရတယ်။ ပိုက်ဆံလည်းသောက်သောက်လဲ ကုန်တယ်။ အဲဒါဆို ၅ အုပ်ဆို ရပါပြီ။
.
.
#KNNTgi ။ ။ အေးဗျာ စိတ်မကောင်းစရာ။ ဘယ်လိုစဖြစ်တယ်ဆိုတာ ပြောပြပါအုံး။
.
တိုးနီ။ ။ ရပါတယ်။ တယောက်နဲ့တယောက် ကူးစက်ပုံတွေကမတူကြဘူး။ ကျွန်တော်က သတိထားမိတာတော့ သိမ်ကြီးဈေးမှာကူးတာဖြစ်မယ်။ ပထမတော့ ပုံမှန်ဖျားတယ်။ အထူးသဖြင့် ညနေဘက်ဆိုရင် အဖျားတက်တယ်။ ညနေတိုင်း . . အဲဒါမကောင်းဘူး။
.
မိသားစုနဲ့ ပထမတော့ တူတူနေ တူတူဆော့ သတိမထားမိဘူး။ နောက်ဆေးခန်းသွားပြတာ ဆရာက သိပ်မသင်္ကာဘူးတဲ့။ ဒါနဲ့ ဓါတ်မှန်ရိုက်ခိုင်းတော့ ပေါ်တာပဲ။ ရိုက်ကြည့်လိုက်တော့ အဆုတ်မှာ အဖြူစက်တွေ သွားတွေ့တယ်။ သိသိချင်း ခွဲနေတယ် ဘယ်သူနဲ့မှ အတွေ့မခံဘူး။
.
.
#KNNTgi ။ ။ ဆက်ပြောပြပါအုံး။
.
တိုးနီ။ ။ ဟုတ်ကဲ့။ ဖြစ်ဖြစ်ချင်းကတော့ အိမ်ထဲမှာ တစ်ယောက်ထဲပဲ။ အမေက အိမ်ရှေ့မှာ ထမင်း၊ ဟင်း လာချပေးတယ်။ ကျွန်တော်က အခန်းထဲမှာ ဘယ်မှ မထွက်ဘူး။ အဝတ်အစားတွေကတော့ ကြားထဲမှာ တောင်းတစ်လုံးချထားပြီး လျှော်ပေးဖို့ လာယူကြတာပေါ့။

Thursday, February 19, 2015

မလိုက်ဖက်တဲ့ နှစ်ပါးသွားတွေ ( တိုးနီ ဆက်ပြောသည် ) ၂။

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
ကိုညီညီ။          ။ တိုးနီအနေနဲ့ ထူးခြားတဲ့အတွေ့အကြုံလေးတွေ ပြောဖို့ကျန်တာရှိရင် မျှဝေပေးပါဦး။
.
တိုးနီ။          ။ ပြောရမယ်ဆိုရင်တော့ ရေချိုးပုံ နဲ့ ရေချိုးတဲ့အချိန်မြင်ရတာတွေပဲ။
.
.
ကိုညီညီ။          ။ စိတ်ဝင်စားလာပြီ၊ ရှင်းပါဦး။
.
တိုးနီ။          ။ ရေချိုးတာက ကိုယ်လုံးတီး ချိုးရတာဗျ။ ရေချိုးခန်းဆိုပေမယ့် အကန့်ကန့်ပေးမထားဘူး။ ဘာလို့လည်းဆိုတော့ အဲဒီအကန့်နောက်ကွယ်မှာ တစ်ခုခုလုပ်လို့ ရတာကိုး။ ဥပမာဆို ဘိန်းထိုးတာတို့ ဘာတို့လုပ်လို့ရတယ်လေ။
.
.
ကိုညီညီ။          ။ အကန့်မပေးထားဘူးဆိုတော့ ဘာမှကို မကာပေးထားဘူးလား?
.
တိုးနီ။          ။ ဒီနိုင်ငံက ဘိုထိုင်အိမ်သာတွေမှာ ကာထားသလောက်ပဲ။ အောက်ကလွတ်၊ အထက်မြင်၊ ခါးပိုင်းသာ ကာပေးထားတဲ့ ရေစိုခံအပြားလေးပဲ ကာထားပေးတာ။ ရေချိုးပြီဆို ဟိုဘက်လှည့်လိုက်တာနဲ့ ဟိုဖက် ဒီဖက် အကုန်မြင်နေရတယ်။
.
တစ်ခြားလူ ရေချိုးရင် သွားမကြည့်မိဘူး။ ကြည့်ကို မကြည့်ရဲဘူး။ ကြည့်လို့ရှိရင် သူတို့စိတ်ထဲမှာ တစ်မျိုးမြင်သွားမှာလေ။ ကိုယ့်ဟာကိုယ် ဒီဖက်လှည့်ပြီးပဲ ချိုးလိုက်တယ်။ တစ်ချို့ကျတော့ ရေချိုးနေတုန်း ဇာတ်လမ်းရှာချင်ကြတယ်။ ဒါကလည်း ပဲစားအချင်းချင်းပါ။ တရုတ်တွေကိုတော့ လာလုပ်လို့မရဘူး။
.
တရုတ်တွေက ရေချိုးရင် ( ၃၊ ၄ ) ယောက်လောက် အတူတူချိုးတာ။ မြန်မာတွေကတော့ မကြောက်ကြပါဘူး။ တစ်ခါတစ်လေလည်း တစ်ယောက်ထဲချိုးတာ ရှိတယ်။ သူတို့ချင်းတော့ အရမ်းကြီးတော့လည်း လုပ်လို့မရပါဘူး။

Wednesday, February 11, 2015

ရှိတာလေးနဲ့ အရသာရှိအောင်ချက် ( တိုးနီ ဆက်ပြောသည် ) ၁။

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
ကိုညီညီ။          ။ တိုးနီအကြောင်းကို လူတွေက သိလာကြပြီ။ တိုးနီရဲ့ဘဝကို သနားကြတယ်။ တိုးနီရဲ့ စေတနာကို လူတွေက နားလည်လာကြတယ်။ တိုးနီဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျှောက်မှာ “ မေ့လို့မရဘူး ”  ဆိုတဲ့ ကိစ္စလေးတစ်ခုလောက် ပြောပြပါလား။
.
တိုးနီ။          ။ ကျွန်တော်ဘယ်လိုပြောရမလဲ? အဲဒီမေးခွန်းကြီးက ဘယ်လိုဖြေရမလဲ မသိဘူး။ ဒီအကြောင်းအရာတွေက အဲဒီလောက်ကြီး မဖြစ်တော့ဘူး။ ပြီးတာလည်း ပြီးသွားပြီဆိုတော့ ကျွန်တော့စိတ်ထဲမှာ သိပ်မရှိနေတော့ဘူး။
.
.
ကိုညီညီ။          ။ အစ်ကိုပြောတဲ့ “ မေ့လို့မရဘူး ” ဆိုတဲ့ ကိစ္စက ငါတို့ ဗမာတွေ ကြုံနေကျလည်း မဟုတ်ဘူး။ နေ့စဉ်ဘဝမှာ ကြုံနေကျလည်း မဟုတ်ဘူး။ မေ့လို့မရဘူးဆိုတာ ရှားရှားပါးပါးပေါ့ကွာ..။ တိုးနီ ပဲ ကြုံဖူးတယ်။ အစ်ကိုတို့ပြောခဲ့တဲ့ .. တိုးနီ က အရှေ့ပိုင်းမှာ ဇာတ်လမ်းချည်းပဲပြောခဲ့တာလေ။ အဲဒီထဲမှာ မေ့လို့မရတဲ့ကိစ္စ တစ်ခုခုပြောနိုင်မလား?
.
တိုးနီ။          ။ ဒါပေမယ့် တိုက်ဆိုင်မှု တစ်ခုခုရှိရင်တော့ သတိရတာတွေရှိတယ်။ ဥပမာ - ကျွန်တော်တို့ ဟိုတစ်ခေါက်က ပြောသလိုပေါ့။ အာလူးကြော်စားတဲ့အချိန်ဆိုရင် “ သြော် .. ငါတို့ အဲဒီမှာ စားလာတယ် .. အဲသလိုမျိုးလေးတွေ။ ခေါက်ဆွဲပြုတ်စားတဲ့အချိန်ဆိုရင် ငါ ဟိုတစ်ချိန်က ခေါက်ဆွဲပြုတ်စားခဲ့တယ် ပေါ့ အဲဒါမျိုးတွေလောက်ပဲ။ ဒါကို တိုက်ဆိုင်မှုဆိုရင်တော့ မပြောတတ်ဘူး။
.
ကျွန်တော် အဲဒီလောက်အထိ ဒီဟာကြီးကို အကုန်လုံးကိုတော့ မေ့မရဘူးဆိုတာ မဖြစ်ပါဘူး။ အခုမေးတဲ့အချိန်မှသာ ပြန်ပြီးတော့ ပြောပြလိုက်တာပဲရှိတယ်။ ကျန်တဲ့ဟာတွေက သိပ်ပြီးတော့ ခေါင်းထဲမှာ မထားတော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီဟာတွေက ပြီးတာက ပြီးသွားပြီ။

Monday, February 9, 2015

ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား .. တိုးနီ ၁၆။ ( ဇာတ်သိမ်းပိုင်း )

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
အဲဒီနေ့က ကံဆိုးသူ သားအဖ ( ၂ ) ယောက်အတွက် လုံးလုံးစိတ်မကောင်းဖြစ်ရုံကလွဲပြီး ကျွန်တော်ဘာများတတ်နိုင်ဦးပါမည်နည်း? ကျွန်တော့်အတွက်ရော မှောင်မိုက်တဲ့ညတွေ လာမလား? လပေါင်းများစွာ အောင့်အီးသည်းခံလာရင်း မြင်ချင်လွန်းလှတဲ့ အမေရီကန် မိုးကောင်းကင်ပြာကို မြင်ခွင့်ရမှာလား? ကျွန်တော့်အတွေးတွေ စာလိုလို ကဗျာလိုလိုနဲ့ မငြိမ်ဘူးဗျာ..။
.
တိုင်းရင်းသားလေးတစ်ယောက် အမှုကျသွားတုန်းက မှတ်မိသေးတယ် .. ( ၁ ) လကျော်လောက် စာရွက်စာတမ်း - Document ထိုင်စောင့်ရတာလေ။ ရလည်းရရော လေဆိပ်ကို လက်ထိပ်ခတ် ခေါ်သွားတယ်။ လိုက်ပို့်သူတစ်ယောက် အပိုလိုက်သွားတယ်။ ရန်ကုန်လေဆိပ်ရောက်တော့ ရန်ကုန် လဝက ကို အပ်တဲ့အချိန် လူတွေဝိုင်းကြည့်ကြမှာပေါ့ .. ဘယ်လောက်ရှက်ဖို့ကောင်းလဲ။ မြန်မာအစိုးရက ဘယ်လိုကိုင်တွယ်မလဲဆိုတာက တစ်မှောင့်။ စိုးရိမ်စိတ်က များလိုက်တာ..။
.
.
အဲဒီညက ဟိုလှိမ့်ဒီလှိမ့်နဲ့ မရရအောင်အိပ်လိုက်တာ မနက်ထရဦးမယ်လေ .. ရုံးချိန်းရှိတယ်။ ရေချိုးပြီး လန်းဆန်းအောင် နွေးနွေးထွေးထွေးနေပေမယ့် ကယောင်ခြောက်ချားစိတ်ကို ဖြတ်ထုတ်လို့မရ ဖြစ်နေသေးတယ်။ ပြီးခဲ့တဲ့ ( ၂ ) နှစ် ကတည်းက ကြိုးစားခဲ့တဲ့ အမေရိကားမှာ နေရမယ် မနေရဘူးဆိုတဲ့ ကံကြမ္မာ ဒီနေ့ သိရတော့မယ်။ အရင်က ဒါဟာ အိပ်မက်တစ်ခုဖြစ်ခဲ့ပေမယ့် ဒီနေ့တော့ လက်တွေ့ ဘွင်းဘွင်းကြီး ရင်ဆိုင်ရတော့မှာ။

Thursday, February 5, 2015

တိုးနီ နဲ့ ပြန်တော်ပြန်မလှတဲ့ သားအဖ ( ပဉ္ဇာဒသပိုင်း ) ၁၅။

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
ဟိုလှည့်လိုက် ဒီလှည့်လိုက် နဲ့ တကယ်ဖြတ်သန်းကြည့်တော့ ( ၃ ) လ အချိန်ဆိုတာ ဘာမှ အရာမထင်လိုက်ပါဘူး။ တတိယရုံးချိန်းမရောက်ခင် တစ်ပတ်အလိုမှာ အလှည့်ကျလို့ အခန်းပြောင်းရင်း မူလသူငယ်ချင်းတစ်ယောက်နဲ့ ပြန်ဆုံဖြစ်တယ်။ သူရဲ့ ရုံးချိန်းတစ်ကြိမ်သွားထားတဲ့ အတွေ့အကြုံအရ တရားသူကြီးက အမှုတင်ထားတဲ့ Story ထဲက အကြောင်းအရာတွေကို ပတ်ပတ်လည် လှည့်မေးတယ်လို့ သတင်းပေးပါတယ်။
.
ဒီလိုနဲ့ ရုံးချိန်းမရောက်ခင် တစ်ရက်အလိုမှာ ရှေ့နေဒေါ်ဖြူဖြူအောင် ရောက်လာပြီး “ ဒီတစ်ခေါက်တော့ စိတ်မပူပါနဲ့။ စကားပြန်အလုပ်ဆင်းအောင် သေချာမှာထားပါတယ် ” လို့ အားပေးပြီး ကျွန်တော်တို့နှစ်ယောက် အမှုအကြောင်း အနည်းငယ် ဆွေးနွှေးပါတယ်။ ဒီလိုမျိုးည အရေးကြီးတော့မှ ဘုရားဆိုတာ ရှိခိုးရကောင်းမှန်း သတိရမိတဲ့ ငမိုက်သားကို ခွင့်လွှတ်ပါအရှင်ဘုရား။ အစစ အရာရာ အဆင်ပြေအောင် စောင့်ရှောက်ပေးပါ အရှင်တော်မြတ်ဘုရား ..။
.
.
မနက်ရုံးချိန် တရားခွင်မှာ “ မစ္စတာ တိုးနီ .. ခင်များရဲ့ အမှုတွဲ အသွားအလာကို ကျွန်တော် ဖတ်ပြီးပြီ။ တစ်ချို့က ကောင်းမွန်ပြီး တစ်ချို့နေရာတွေမှာ မေးစရာ ရှိနေပါတယ်။ ခင်များရဲ့ မှတ်ပုံတင်မှာ နှိပ်ထားတဲ့ လက်ဗွေရာ နေရာမှာ အဖြူတွေ ဖြစ်နေတယ်။ ကျွန်တော်တို့ Scan ကောင်းကောင်းဖတ်လို့မရဘူး။ ကျွန်တော်တို့ နှိပ်ခိုင်းတဲ့ Finger Print နဲ့ မကိုက်ညီဘူး ဖြစ်နေတယ်။ အဲဒါ ခင်များ လက်ဗွေရာ အစစ်လား ” ဆိုပြီး တရားသူကြီးက မဆိုင်းမတွ မေးပါတယ်။ ကျွန်တော့လက်ဗွေရာ အစစ်ဖြစ်ပါတယ် လို့ ကျွန်တော်က ပြန်ပြောတော့ သူက “ ခင်များတို့ကိုင်ဆောင်တဲ့ မှတ်ပုံတင်က ဓါတ်ပုံကိုခွာပြီး တစ်ခြားလူပုံ ကပ်လို့ရတဲ့ အနေအထားဖြစ်နေလို့ မူရင်းလူနဲ့ ကွဲလွဲမှုတွေရှိနေနိုင်တယ်လို့ ယူဆတယ် ”  လို့ စကားပြန်ကနေတစ်ဆင့် ပြန်ပြောတယ်။

Wednesday, February 4, 2015

ကြက်ဥပြုတ်အစ မီးဖိုချောင်က ( တိုးနီ စတုဒသပိုင်း ) ၁၄။

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
အလုပ်မရှိ အကိုင်မရှိ ရောက်တတ်ရာရာလေပစ်နေတဲ့ ကျွန်တော့ကို ကိုရှောင်းက နားချပါတယ်။ ပြောရမယ်ဆိုရင် သူပြောတာလည်း အမှန်ပါပဲ။ အပြင်နဲ့ဆက်သွယ်ဖို့ ဖုန်းလိုတယ်။ ဖုန်းဆက်နိုင်ဖို့ ဖုန်းကဒ်လိုတယ်။ ဖုန်းကဒ်ဝယ်ဖို့ငွေက အလုပ်လုပ်မှ ထွက်လာမယ်။ ပိုက်ဆံကတော့ ရှာရမှာပဲ။ စားဖို့ ခေါက်ဆွဲထုတ်၊ ကွတ်ကီး၊ မုန့် လိုတာဝယ်ဖို့ လက်လှုပ်မှရမယ်။ သူတို့က ကျွေးတော့ ကျွေးတာပေါ့။ ကိုယ်စားနိုင်တာလည်းရှိတယ် မစားနိုင်တာလည်းရှိတယ်။ “ ငွေက စကားပြောတယ် ” ဆိုတဲ့စကားဟာ အဲဒီအချိန်ကျမှ သွေးထွက်အောင်မှန်တာ သိခဲ့ရတယ်။
.
.
Laundry က ပိုကောင်းတယ်။ သူက မီးဖိုချောင်အလုပ်ထက် သက်သာတယ်။ ရေကိုင်ရတာချင်းတော့တူတယ် ဒါပေမယ့် သူက မညစ်ပတ်ဘူး သန့်တယ်။ အလုပ်လုပ်တဲ့စက်တွေက အကြီးကြီးတွေ။ လူတွေက ကိုယ့်ကုတင်နံပတ်အတိုင်း အထုတ်ထုတ်ပြီး Laundry အိတ်ထဲထည့်ထားတာကို ကျွန်တော်တို့က စက်ကြီးထဲကို ဒီအတိုင်းလေး ပစ်ထည့်လိုက်ရုံပဲ။ တော်တော့ကို Easy Going ဖြစ်တယ်။ စက်ကလျှော်နေတုန်း ရတဲ့အချိန်လေးမှာ အိပ်ယာ နဲ့ မွှေ့ယာခင်း ခေါက်ရတယ်။ လျှော်ပြီးလို့ အထည်တွေ အခြောက်ခံစက်ဘက်ကို ရွှေ့ပြီးတဲ့အခါ ထပ်အားသွားပြန်ရော။ အဲဒီအချိန်ကျတော့ ခေါင်းအုံးစွပ်တွေ လိုက်လဲတယ်။
.
လမ်းထွက်ဖို့အကြောင်းရှာနေသူ တိုးနီ အတွက်ကတော့ အကွက်ပဲ။ တစ်ပတ်တစ်ခါ ခေါင်းအုံးစွပ်လဲပြီး ပြန်လိုက်ပို့တဲ့အခါ တစ်ခန်းဝင်တစ်ခန်းထွက်သွားရင်း ဗမာတွေနဲ့တွေ့ရတယ်။ အချင်းချင်းဆို ခေါင်းအုံးစွပ်သန့်သန့်လေးတွေ၊ အိပ်ယာခင်း မပေါက်မပြဲလေးတွေပေးပြီး ကူညီရတာ ပျော်စရာပါ။ အထည်တွေက သုံးရင်းသုံးရင်း နဲ့ တစ်ချို့ဟာတွေဆို ဟောင်းပြီး နွမ်းဖတ်နေလို့ ဘယ်သူမှမသုံးချင်တာမျိုးလည်း ရှိတယ်လေ။ အကျီင်္တွေပျောက်သွားတာတို့ ပြဲစုတ်သွားတာတို့ဆိုရင် ဖောင်ဖြည့်ပြီး ပြန်တောင်းဆိုလို့ ရတယ်။ ဝတ်တဲ့ဆိုဒ်နဲ့ ကုတင်နံပတ်အရ မှတ်ရေးမှတ်ရာတွေလုပ်ပြီးရင် တာဝန်ကျအခန်းစောင့် Officer နဲ့ ပူးပေါင်းဆောင်ရွက်ပြီး ပြန်ပို့ပေးလိုက်တယ်။

Monday, February 2, 2015

တရုတ်ကိုရှောင်း ပြောပြတာ ( တိုးနီ တေရသပိုင်း ) ၁၃။

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
စိတ်ညစ်တယ်။ ကျွန်တော်ဒီနေ့တစ်ကယ် စိတ်ညစ်တယ်။ ဒီနေ့ဆိုတာ အခုဒီနေ့ကိုပြောတာမဟုတ်ဘူး။ အဲဒီတုန်းက ဒီနေ့ကိုပြောတာ။ Kitchen ကနေ အလုပ်ထွက်ပြီး ပေပေတေတေ နေလာတာလည်း ( ၁​) ပတ် ပြည့်နေပြီ။ ဘာမှလုပ်ချင်ကိုင်ချင်စိတ်ကို မရှိဘူး။ စဉ်းစားကြည့်လေ .. ရောက်ခါစ စခန်းမှာ ဘာမသိ ညာမသိက ( ၁ ) လ။ ရှေ့နေငှားပြီးလို့ တရားသူကြီး ဖြူသလား မဲသလား သွားကြည့်ဖို့ စောင့်ရတာ ( ၂ ) လ .. စုစုပေါင်း သောင်တင်နေတာ ( ၃ ) လ ရှိပြီ။ ရုံးချိန်းရှိတယ်ဆိုတော့ ငါတော့ ထွက်ရတော့မယ်ဆိုပြီး အားတင်း မာန်တင်း ခွန်အားအပြည့်နဲ့ ဒုတိယမြောက် ရုံးချိန်းသွားလိုက်ပါတယ် .. စကားပြန်မလာဘူးတဲ့ဗျာ .. ကြည့်ပါဦး .. ဘဝက ဆိုးချက်။
.
.
စကားပြန်က တရားသူကြီးဖက်မှာ ထိုင်ပြီး ကျွန်တော် နဲ့ တရားသူကြီးပြောတာကို ဘာသာပြန်ပေးတာ။ သူမရှိတော့ တရားသူကြီး နဲ့ ဆက်သွယ်လို့မရတော့ဘူးပေါ့။ ဒါပေမယ့် ပညာရှင်ပီပီ တရားသူကြီးက “ မစ္စတာ တိုးနီ .. ကျွန်တော်စိတ်မကောင်းပါဘူး။ ဒီနေ့မှ စကားပြန်မလာဘူး ဖြစ်နေတယ်။ ဒီအမှုတွဲကို ကျွန်တော်အင်မတန် စိတ်ဝင်စားတာလည်း ခင်များအသိပါပဲ။ ဒါကြောင့် အတတ်နိုင်ဆုံး အနီးကပ်ဆုံး ရက်ချိန်း ကျွန်တော်ကြည့်ပေးမယ်။ ခက်တာက ကျွန်တော့် အချိန်ဇယားကလည်း တော်တော်ကြပ်နေတယ်။ နောက် ( ၃ ) လ ထပ်တွေ့မယ် ” တဲ့။ ကဲ .. သွားပြန်ပြီ နောက်ထပ် ( ၃ ) လ။ ဒီအချိန်တွေမှာ ကျွန်တော် ဘာလုပ်နေရမှာလဲ? မှောက်အိပ်ပြီး စောင့်နေရမလား? ကင်းမြီးကောက်ထောင်ပြီး တိုင်နဲ့ခေါင်းနဲ့ရိုက်နေရမှာလား? တရားသူကြီးက ကျွန်တော့ထွက်ချက် မယူရသေးပဲနဲ့ ဘာမှကို ဆက်လုပ်လို့ မရဘူးလေ။
.
ကောင်းတဲ့သူငယ်ချင်းတွေဆိုတာ ခဏလေးဆုံပေမယ့်လည်း အားပေးတတ်ကြတယ်။ ကျွန်တော့ကို အားလုံးက ဝိုင်းနားချကြတယ်။ အခုမင်းကြုံရသလို ငါတို့လည်း ဒီအခက်အခဲကို ဖြတ်ကျော်ရဦးမှာပဲ .. သေချာတယ်။ ငါတို့အလှည့်ကျရင်သာ စကားပြန်လာပါစေလို့ ကြိုဆုတောင်းပါတယ် လို့ အားပေးကြတယ်။ ဖေးမကြတယ်။ စိတ်ဖြေပေးကြပါတယ်။

Sunday, February 1, 2015

ဖိုးဆို ရောက်သွားတဲ့ လူ ( ၁ဝ ) ယောက် ( တိုးနီ ဒွာဒသမပိုင်း ) ၁၂။

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
Deportation ထိသွားတဲ့ တိုင်းရင်းသားလေးကို နှစ်သိမ့်ရင်း စကားတပြောပြောနဲ့ ကျွန်တော်တို့အိပ်ရာများရှိရာကို ပြန်လျှောက်လာခဲ့ကြပါတယ်။ မရှေးမနှောင်းမှာပဲ အသံတွေဆူညံစွာထွက်လာပြီး ဝုန်းဒိုင်းကြဲတဲ့ လှုပ်ရှားမှုသံကြီးကို ကြားလိုက်ရတယ်။ အားလုံး ကြောင်အမ်းအမ်းဖြစ်သွားပြီး အသံလာရာကို လှမ်းကြည့်လိုက်ကြတယ်။ ဘာဖြစ်တာလဲဆိုတာကို နောက်ထား ( ၂ဝဝ၇ ) ရွေဝါရောင်သံဃာ့အရေးတော်ပုံမှာ ကျင့်သားရခဲ့သူများပီပီ မိမိလုံခြုံရေးကို အရင်ဆုံးပြေးမြင်မိတယ်။
.
.
ရုတ်တရက်ကြီးထွက်ပေါ်လာတဲ့ ညာသံများနဲ့အတူ လူမျိုးခြား ( ၂ ) ဖွဲ့ ရန်ဖြစ်နေတာပါ။ တစ်ဖက်က မက္ကဆီကန် ( ၂ ) ယောက် နဲ့ နောက်တစ်ဖက်က တရုတ်လူမျိုး တစ်သိုက်ကြီး လူအုပ်ကြီးထဲမှာ ဆော်ပလော်တီးနေကြတာကို တွေ့လိုက်ရတယ်။ ပထမတော့ ဘာမှန်းကို မသိတာ .. နောက်ပိုင်း ပွဲဆူလာတော့ ညီညီညာညာ အသံကျယ်ကြီးတစ်ခု ကြားရတယ် .. “ ဖိုးဆို … ဖိုးဆို … ဖိုးဆို … ဖိုးဆို ” ဘာတွေဖြစ်ကုန်ပြီလဲ?
.
ကျွန်တော် မကြာခဏပြောခဲ့ပြီးပြီ .. အဖြစ်အပျက်တွေက မြန်ဆန်သလောက် ကျွန်တော့ဦးနှောက်သေးသေးလေးက ချက်ချင်းကြီး ဥာဏ်မမှီနိုင်ဘူး ဖြစ်နေပါတယ်။ ဒါဆို ဖြစ်ပျက်တာ အရင်ပြောပြမယ် .. ဇာတ်ကြောရှင်းပြတာတော့ နောက်ပိုင်းမှ သိသလောက်ပေါ့။

Saturday, January 31, 2015

အဆုံးအဖြတ်တစ်ခုရဲ့လားရာ ( တိုးနီ ဧကာဒသမပိုင်း ) ၁၁။

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
မြန်မာရှေ့နေနဲ့တွေ့တဲ့အချိန် သူတောင်းသမျှအချက်အလက်တွေကို ကျွန်တော်ပေးလိုက်တယ်။ လိုတာရှိရင် သူပြန်လာလိမ့်မယ်။ ပိုတာဆိုရင်လည်း အမှုတွဲထဲ သူထည့်ရေးမှာမဟုတ်ဘူး။ ဒါဟာ သူ့လိုင်း .. သူကောင်းကောင်းကျွမ်းတာ စကားပြောတာနဲ့တင် ကျွန်တော်သိတယ်။ ကိုအယ်လ်ခမ်းကို ပြောပြတော့ သိပ်စိတ်မပူုဖို့ ထပ်အားပေးရှာပါတယ်။ ကိုအယ်လ်ခမ်း ကျွန်တော့ကို ထပ်ကူညီတာ ရှိသေးတယ်။
.
.
ကျွန်တော့ကို Resume ရေးပေးတယ်။ အလုပ်အတွက် ထောက်ခံပေးတယ်။ ခင်တဲ့မင်တဲ့သူတွေကို ပြောပေးတယ်။ နောက်ဆုံးတော့ ကျွန်တော် မီးဖိုချောင်မှာ အလုပ်ရတယ်။ မြန်မာနိုင်ငံတုန်းက ကြားခဲ့သလို တစ်နာရီ ( ၈ ) ဒေါ်လာမဟုတ်ဘူးနော်၊ လုပ်ခ က တစ်ရက်ကို ( ၃ ) ဒေါ်လာထဲ ရတာ။ ဘယ်တူပါ့မလဲ ဒီနေရာက ဒုက္ခသည်ထိန်းသိမ်းရေစခန်းဆိုတော့ သူ့အိုးနဲ့သူ့ဆန် တန်ရာပေါ့။
.
အလုပ်အကြောင်း နည်းနည်း ရှင်းပြပါဦးမယ်။ အဝတ်လျှော် - Laundry မှာ လုပ်လို့ရတယ်။ သက်သာပေမယ့် ဘာစားစရာမှ မရှိဘူး။ မီးဖိုချောင်မှာလုပ်ရင် ပိုပင်ပန်းပေမယ့် အစားချောင်တယ်။ ကိုယ်ကြိုက်တာ ကိုယ်ချက်ပြီး အရင် ကစ်ထားလို့ရတယ်။ Kitchen မှာ လှည်းနဲ့ ထမင်းလိုက်ပို့တယ်ဆိုတာမျိုးလည်း ရှိသေးတယ်။ ကျွန်တော်က ကွဲနေတဲ့ သူငယ်ချင်း ( ၄ ) ယောက်နဲ့ ဗမာတွေကို ရှာချင်တာဆိုတော့ ကိုအယ်လ်ခမ်း ရဲ့ လမ်းညွှန်ချက်အတိုင်း ထမင်းလိုက်ပို့တဲ့အလုပ်ကို ရွေးလိုက်တယ်။

Friday, January 30, 2015

ငွေမရပဲ ဘယ်သူက အလကားလုပ်ပေးမှာလဲ ( တိုးနီ ဒသမပိုင်း )

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
တစ်ပတ်လောက် ထမင်းလိုက်ပို့ရင်း စနည်းနာလိုက်ရုံနဲ့ ကိုအယ်လ်ခမ်းဟာ အားတက်စရာ သတင်းတစ်ချို့ကို ယူဆောင်လာတယ်။ သူငယ်ချင်းတွေရှိတဲ့နေရာတွေကို သိပြီ။ အပိုဆု အနေနဲ့ မြန်မာ ( ၁၅ ) ယောက်လောက်ရှိတယ်ဆိုတာကိုပါ စုံစမ်းနိုင်ခဲ့တယ်။ သူကတစ်ဆင့် ဆက်သွယ်ပြီး အဆင်ပြေတဲ့အကြောင်း တစ်ဖက် နဲ့ တစ်ဖက် အကြောင်းကြားနိုင်ခဲ့လို့ စိတ်သက်သာရာ ရခဲ့တယ်။ ပြောရမယ်ဆိုရင် ကိုအယ်လ်ခမ်းက သူ့ဘယ်လိုအကြောင်းပါပြီး ဒီကိုရောက်လာတယ်ဆိုတာကိုသာမပြောတာ ကျန်တာကျတော့ ဘဝတူချင်းမို့ တတ်နိုင်သလောက် ကူညီပါတယ်။
.
.
ပထမဦးဆုံးရတဲ့အကူအညီက လူမွဲဖြစ်နေတဲ့ ကျွန်တော့ကို ဖုန်းကဒ် ချေးပေးတာပါပဲ။ ( ၅ ) ဒေါ်လာတန်ကဒ်ပါ။ အဲဒါနဲ့ ကျွန်တော့မိတ်ဆွေကိုဆက်လိုက်တဲ့အခါ အရမ်းအံ့သြသွားသလို စိတ်လည်းအရမ်းပူနေတာ သိရတယ်။ အားတက်သရော သူဘယ်လိုကူညီပေးရမလဲ? လိုအပ်တာပြောဆိုတော့ ပိုမိုနားလည်နှံ့စပ်တဲ့ ကိုအယ်လ်ခမ်း နဲ့ ဖုန်ပြောခိုင်းလိုက်တယ်။ ကိုအယ်လ်ခမ်းအကြံပေးတာက ...
.
အရင်ဆုံး ရှေ့နေရှာပါ။ ကိုယ်ဖာသာကိုယ် Story တည်ဆောက်ပါ။ ဆိုလိုတာက ဒီနိုင်ငံက ကိုယ့်ကို ဒုက္ခသည်အဖြစ်လက်ခံဖို့ တရားသူကြီးကို တင်ပြနိုင်ဖို့ ဇာတ်လမ်းတစ်ခုလိုတယ်။ ယုံကြည်နိုင်လောက်တဲ့ ရှေ့နေနဲ့တိုင်ပင်ပါ။ အချက်အလက်တွေ အဆင်သင့်ဖြစ်ရင် တရားသူကြီးကို ဦးတိုက်လျှောက်ပါ လို့ နည်းလမ်းပေးပါတယ်။

Wednesday, January 28, 2015

ဘာမှအားမငယ်နဲ့ တိုးနီ … ( နဝမပိုင်း )

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
လှံထမ်းလာတာကို မြင်ရ၊ ကံထမ်းလာတာကို မမြင်ရဆိုတဲ့ မြန်မာစကားပုံဟာ မြန်မာ့မြေပေါ်မှာတင်မက အမေရိကန်မြေဆီလွှာပေါ်မှာလည်း မှန်နေတယ်ဆိုတာ စောနက ထွက်လာတဲ့ အဖွဲ့ ( ၂ ) ဖွဲ့က သက်သေပြသွားတာကို မြင်လိုက်ရတယ်။ ကျွန်တော်တို့အပေါ်ကိုရော ဘယ်လိုကံမျိုး ကျရောက်မလဲဆိုတာ သိချင်နေမိတယ်။ အခန်းဝက Officer က နာမယ်ခေါ်တဲ့အခါ ကျွန်တော်တို့ကို အခုရောက်နေတဲ့ ထိန်းသိမ်းရေးဋ္ဌာနမှာ သွားလာလှုပ်ရှားနိုင်ဖို့ မှတ်ပုံတင် - ID လုပ်ပေးမယ်လို့ ပြောပါတယ်။ မျက်စိတည့်တည့်လောက်မှာ ကောင်တာပေါ်က ကင်မရာနဲ့ လိုင်စင်ဆိုဒ် ဓါတ်ပုံရိုက်ပြီး လိုအပ်တဲ့အချက်အလက်တွေဖြည့်ပြီးတဲ့အခါ ပလပ်စတစ်လောင်းပေးလိုက်တယ်။ လောလောဆယ် ကျွန်တော့်မှာ သက်သေခံအထောက်အထားတစ်ခုတော့ရပြီ။
.
.
သူတို့ရဲ့ လုံခြုံရေးစံနစ်ကို ထိန်းချုပ်တဲ့လူ သတ်သတ်ရှိပုံရတယ်။ ဆက်စပ်အခန်းငယ်တွေကြားမှာ ဦးဆောင်လိုက်ပို့တဲ့ အရာရှိကိုယ်တိုင် တံခါးမှာရှိတဲ့ လျှို့ဝှက်နံပါတ် ရိုက်သွင်းရသလို CCTV  ကင်မရာကို မော့ကြည့်ပြီး ခွင့်တောင်းမှ ဖွင့်ပေးတယ်။ လမ်းကျဉ်းကျဉ်းလေးကတစ်ဆင့်ခေါ်သွားတဲ့နေရာမှာ ဝတ်ထားတဲ့ အကျီတွေနဲ့ သူတို့ယူနီဖောင်း လဲရပြန်ပြီ။ ( ၅ ) မိနစ်ပဲ အချိန်ပေးတယ်။ တစ်ချိန်ချိန် ဒီဋ္ဌာနကနေ ထွက်သွားတဲ့အခါ ပြန်မှတ်မိအောင်လို့ အမှတ်အသားလုပ်ပြီး သိမ်းထားပေးပြန်တယ်။

Tuesday, January 27, 2015

အာလူးကြော်လို ကြွပ်ကြွပ်ရွရွမဖြစ်တဲ့ဘဝ ( တိုးနီ အဋ္ဌမပိုင်း )

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
မနက်စောကြီးလာခေါ်တော့ ပုံးအပြာကြီး ပြန်တွန်းလာပြီး ကျွန်တော်တို့လာခါစက အကျီထုတ်တွေကို ပြန်ရွေးယူခိုင်းတယ်။ လက်ရှိဝတ်ထားတဲ့ ထိန်းသိမ်ရေးစခန်းက အဝတ်အစားတွေကို ပြန်လဲခိုင်းတယ်။ သူတို့ပေးထားတဲ့ အဝတ်တွေကို အဲဒီပုံးထဲ ပြန်ထည့်ရမယ်တဲ့။ ကားပေါ်မတက်ခင်မှာ လက်ထိပ်ခတ်ပြန်တယ်။ အိပ်ချင်မူးတူးနဲ့ စိတ်ညစ်နေရတဲ့အထဲ လက်ထိပ်ခတ်ခံရတာ မြန်မာနိုင်ငံမှာဆို မင်္ဂလာမရှိတဲ့ မနက်ခင်းလေးလို့ပြောရမှာပေါ့။ သွားရမယ့်နောက်ထပ်တစ်နေရာက ကျွန်တော်တို့ဘဝကို အလှည့်အပြောင်းတစ်ခု လုပ်ပေးနိုင်မယ်ဆိုရင်တော့ လက်ထိပ်နဲ့လည်း မင်္ဂလာရှိပါတယ်လို့ အကောင်းဖက် လှည့်တွေးမိလိုက်ပါတယ်။
.
နောက်ထပ် ခပ်လေးလေး လှည်းတစ်စီးဝင်လာတော့ ကျွန်တော့အတွေးမျှင်စတွေ ပြတ်တောက်ကုန်တယ်။ စိတ်လည်း တော်တော်ညစ်သွားတယ်။ လှည်းပေါ်မှာ ခြေကျင်းဝတ်တွေ အများကြီးပါလား။ လူအားလုံးကို ခြေကျင်း နဲ့ လက်ထိပ်ကို ဘောက်ချိတ်နဲ့ တွဲခတ်လိုက်ကြတယ်။ အရာရှိတစ်ယောက် အားလုံးကိုရှင်းပြတာက “ အခုသွားမယ့်နေရာက ဝေးတယ်။ ကြားထဲမှာ မြို့ငယ်လေးတွေကို ဖြတ်သွားစရာရှိတယ်။ ထွက်ပြေးလို့မရအောင်လို့ ယာယီခတ်တာပါ။ စိတ်မပူကြပါနဲ့ ” လို့ အင်္ဂလိပ်လိုရော စပိန်စကားနဲ့ရော ကောင်းကောင်းမွန်မွန် ရှင်းပြပါတယ်။
.
.
ကျွန်တော်က ( ၄ ) ဂဏန်းနဲ့ တော်တော်အကျိုးပေးပုံ ရတယ်။ ကားပေါ်မှာ နေ့လည်စာ - Lunch ပေးတော့ အထဲမှာ ( ၄ ) မျိုး ပါနေတယ်။ ဆန်းဝှစ်တစ်ခု၊ လိမ္မော်သီးတစ်လုံး၊ ပန်းသီးဖျော်ရည်စက္ကူဗူးတစ်ဗူး နဲ့ Lay တံဆိပ် Classic အာလူးကြော်တစ်ထုပ်။ အခုနောက်ပိုင်း အဲဒီအာလူးကြော်ထုပ်ကိုတွေ့မိတိုင်း အတိတ်ဘဝကို မမေ့နိုင်ဘူး။ ပုံရိပ်တွေ ပြန်ပြန်ပေါ်လာတယ်။ စားရပုံလည်းကြည့်ဦး .. လက်နှစ်ဖက်က ခတ်ထားတော့ အာလူးကြော်ထုပ်ကို ကိုယ်တိုင်မဖောက်နိုင်ဘူး။ ဖောက်လို့ရတော့လည်း လက်နှိုက်စားလို့ မရပြန်ဘူး။ လက်ဖဝါးပေါ်မှာတင်ပြီးတော့ လူက အရှေ့ကို ကိုင်းပြီး စားရတယ်။ ပန်းသီးဖျော်ရည်ဆိုလည်း ကိုယ့်လက်နဲ့ကိုယ်အဖုံးမဖွင့်နိုင်ပြန်ဘူး။ သိပ်ခက်ခဲတဲ့ ဘဝပါ။

Monday, January 26, 2015

လာပြန်ပြီ ( ၄ ) နာရီ ( တိုးနီ သတ္တမပိုင်း )

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
ဒီဇင်ဘာလရဲ့ ရာသီဥတုက ဒီဒေသမှာ ကြမ်းတယ်။ ပူရင်အရမ်းပူပြီး ချမ်းတဲ့အခါ ရေခဲရေနဲ့ပက်လိုက်သလို မခံမရပ်နိုင်အောင် ချမ်းတယ်။ မကြာသေးခင်ကမှ ရေချိုးထားရုံမက အကျီတွေက ကိုယ်ဝတ်နေကျမဟုတ်ပြန်။ အပြောင်းအလဲကို ဒေါင်ကျပြားကျ ရင်ဆိုင်နေရတဲ့ ကျွန်တော်ဟာ မဟာရွှေမန္တလေးရာသီဥတုကို သတိရနေမိတယ်။ အခုဒီနေရာကတော့ ကျွန်တော်အပါအဝင် ခရီးသွား ( ၅ ) ယောက် တရားဝင်ဒုက္ခသည်အဖြစ်ကြေငြာခဲ့ကြတဲ့ မက္ကဆီကို-အမေရိကန်နယ်စပ်ဒေသ က တက္ကဆက်ပြည်နယ် ဖြစ်ပါတယ်။
.
.
အစောင့်ရဲ ( Officer ) က ကျွန်တော်အိပ်ရမယ့်ကုတင်နံပါတ် ( ၁၃ ) ကို လိုက်ပို့တယ်။ နှစ်ထပ်ကုတင်တွေမှာ အပေါ်က စုံ,နံပါတ်ဖြစ်ပြီး အောက်ကတော့ မ,နံပါတ် မို့လို့ ကျွန်တော်က အောက်မှာ အိပ်ရမယ်ထင်တယ်။ ဘယ် နဲ့ ညာ နှစ်ခြမ်းစလုံး ကုတင်တွေ တန်းစီထားပြီး အလယ်လျှောက်လမ်းမှာ သံထိုင်ခုံ နဲ့ သံထမင်းစားပွဲခုံကို ကြမ်းပြင်မှာ အသေစိုက်ထားတယ်။ အမြဲမခွဲဘူးဆိုတဲ့ သူငယ်ချင်းတွေ ( ၂ ) ယောက်တစ်သုတ် နဲ့ ( ၃ ) ယောက်တစ်သုတ် ကွဲသွားပါတယ်။ ကုတင်ပေါ်မှာ မွှေ့ရာနဲ့တူတဲ့ ဖော့ကို ပလပ်စတစ်နဲ့အုပ်ထားတဲ့ အခင်းလေးတစ်ခုခင်းထားတယ်။ ကျွန်တော့်အပေါ်အထပ်မှာအိပ်မယ့်သူက မက္ကဆီကန်ပုပုလေး တစ်ယောက်ပါ။
.
ကျွန်တော်တော့ တော်တော်လေး စိတ်ဓါတ်ကျနေမိတယ်။ ဘယ်နားရောက်လာလို့ ဘာတွေဆက်ဖြစ်မလဲဆိုတဲ့အတွေးရဲ့အဖြေကို အခုအချိန်ထိ နီးစပ်လောက်အောင် ရှာမတွေ့သေးဘူးလေ။ ကုတင်နားမှာ ပစ္စည်းတွေ စီမယ်လို့လုပ်တုန်း ကျွှန်တော့်နားကို လူတွေဝိုင်းအုံလာတယ်။ သူတို့ဘာသာစကားနဲ့ အပီအပြင် လာပြောနေတဲ့ပုံပဲ။ ဒါပေမယ့် ကျွန်တော်တစ်လုံးမှနားမလည်ဘူး “ I’m no Mexican ” လို့ တွေ့ကရာ ကျိုးပဲ့အင်္ဂလိပ်နဲ့ ပြန်ပြောလိုက်မိတယ်။ အခုနောက်ပိုင်းမှ ပြန်စဉ်းစားမိတယ်။ မြန်မာနိုင်ငံကထွက်လာကတည်းက တစ်ရက်မှ စိတ်မချမ်းသာရသေးဘူး။ နေ့တိုင်း စိတ်ပိန်ချုံးရုံမက ခန္ဓာကိုယ်ကလည်း ပါးပါးလေးပဲ ကျန်တယ်။ ဒါကြောင့် သူတို့လူမျိုးနဲ့ ခပ်ဆင်ဆင်တူနေတာနေမှာ။

Sunday, January 25, 2015

တိုးနီ နဲ့ ကုတင်နံပါတ် ( ၁၃ ) ( ဆဋ္ဌမပိုင်း )

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
သူငယ်ချင်းခေါင်းဆောင် ဆေးစစ်တဲ့အလှည့်တုန်းက မေးလာတဲ့သတင်းက သိပ်အားရစရာမရှိပေမယ့် ထွက်ပေါက်အနည်းငယ်တော့ ရခဲ့ပါတယ်။ “ မင်းတို့ လူငယ်လေးတွေ စိတ်မပူပါနဲ့။ ကြောက်စရာမလိုပါဘူး။ အခုက တာဝန်ရှိသူတွေက ဥပဒေအတိုင်း စစ်ဆေးတာပါ။ ဖမ်းတာမဟုတ်ဘူး။ မင်းတို့ကို ဒီကနေ လူအများကြီးရှိတဲ့နေရာကို ထပ်ခေါ်သွားလိမ့်မယ်။ ထိန်းသိမ်းရေးစခန်း - Camp ဝင်ဖို့ ပဏာမ စစ်ဆေးတာသာ ဖြစ်တယ်။ ဒီလိုလူအုပ်စုထဲက ပြန်ပို့နိုင်သူတွေကို ပြန်ပို့ပြီး ပြန်မပို့နိုင်သူတွေကို တရားဥပဒေအရ ဆက်လက်ကိုင်တွယ်သွားမှာဖြစ်တယ် ” ဆိုပြီး Doctor Officer ပြောတာကို ပြန်ပြောပြတယ်။
.
သို့သော်လည်း ဒီနေရာမှာ ကျွန်တော်တို့ ဘယ်လောက်ကြာအောင်နေရဦးမှာလဲ? အဲဒါကလည်း တရားသူကြီး - Judge နဲ့ဆိုင်တယ်လို့ ပြောပါသေးတယ်။ ဒါဆို ကျွန်တော်တို့လည်း Judge နဲ့ တွေ့ရဦးမှာ သေချာသလောက်ရှိတယ်။ စိတ်နည်းနည်းသက်သာသလိုတော့ရှိသွားပေမယ့် ဒီအခက်အခဲထဲက အမြန်ဆုံးလွတ်ချင်နေပါပြီ။ အမြန်ဆုံး လွတ်လပ်ချင်ပါပြီ။
.
.
မှာထားတဲ့အတိုင်း မနက် ( ၄ ) နာရီမှာ အခန်းတံခါးက တာဝန်ကျေစွာ ပွင့်လာတယ်။ ကျွန်တော်တို့မှာ မျက်နှာသစ်ဖို့ဝေလာဝေး၊ သွားတိုက်တံမရှိ ဘာမရှိ နဲ့ မျက်စိကိုပွတ်၊ မျက်နှာကို လက်နှစ်ဖက်နဲ့သပ်ချ၊ ခေါင်းကဆံပင်ကိုဖွ၊ ခြေဆန့်လက်ဆန့် လုပ်ပြီးသွားတာနဲ့ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ။

Saturday, January 24, 2015

တိုးနီ နဲ့ လူပေါ်လူဇော်လုပ်တဲ့သူ ( ပဉ္ဇမပိုင်း )

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
အမှန်အတိုင်းဝန်ခံရရင် ဒီနေရာ ဒီဋ္ဌာနကိုရောက်ပြီးကတည်းက ကျွန်တော်ဟာ လေယာဉ်တစ်ခါမှမစီးဖူးသေးပါဘူး။ လိုအပ်တဲ့ခရီးကို ကားနဲ့သွားတာများပါတယ်။ လေဆိပ်မှာ အခုနောက်ပိုင်း ဧည့်သည်လိုက်ပို့တာ၊ ကြိုတာလောက်ပဲ လုပ်ဖူးပေမယ့် လြုံခုံရေးဝန်ထမ်းတွေ စစ်ဆေးတဲ့ ခပ်ကြမ်းကြမ်းပုံစံကို ကျွန်တော်ကြုံဖူးတယ်ဆိုရင် ယုံနိုင်ပါ့မလား?
.
.
ကျွန်တော်တို့အထုပ်တွေကို Medical Check Up ဋ္ဌာနက အကုန်သွန်ချ စစ်ပါတယ်။ လက်ဝတ်လက်စားတွေကအစ အရှက်လုံရုံကလွဲပြီး ခန္ဓာကိုယ်ပေါ်မှာ ဘာဆိုဘာမှမကျန်အောင် အစအဆုံး ချွတ်ခိုင်းတယ်။ အကျီင်္အိပ်ကပ် နဲ့ ဘောင်းဘီအိပ်ကပ်တွေထဲက ပစ္စည်းတွေကို ဗန်းတစ်ခုထဲကို ထည့်ခိုင်းပြန်ပါတယ်။ ဒီမှာတင် သူငယ်ချင်းတစ်ယောက်ရဲ့ လည်ပင်းမှာဆွဲထားတဲ့ ဆွဲကြိုးလေးကိုတွေ့ရာက ပြသနာတစ်ခု စတင်ရင်ဆိုင်ရပါတော့တယ်။
.
ကျည်ဆံပုံ ထုထားတဲ့ အဆောင်လည်ဆွဲ “ ကြုပ် ” ကလေးကို တွေ့တယ်ဆိုရင်ပဲ စစ်ဆေးတဲ့ရဲဟာ သူငယ်ချင်းကို ရုပ်ရှင်တွေထဲကလို ခြေထောက် ( ၂ ) ဖက်နောက်ပစ်နဲ့ နံရံမှာ ကားကားကြီး ရပ်ခိုင်းပါတော့တယ်။ သူ့အနောက်ကနေ လည်ပင်းကအဆောင်ကိုဖြုတ်၊ ပလပ်စတစ်အိတ်တစ်ခုထဲထည့်ကာ အခန်းထဲကိုယူသွားပါတယ်။ အမှန်က အဲဒီသူငယ်ချင်းကို သူ့မိသားစုကိုးကွယ်တဲ့ဘုန်းကြီးတစ်ပါးက နိုင်ငံခြားသွားတဲ့အခါ ယူသွားဖို့ အဆောင်လေးကို ကြုပ်ကလေးထဲမှထည့်ပြီး သင်္ကန်းရောင်ကြိုးလေးနဲ့ လည်ပင်းမှာ မန်းပေးလိုက်တာပါ။ ဒါကို ရဲကဖွင့်ကြည့်လိုက်တာမှာ ကြုပ်ထဲကိုထည့်ပေးလိုက်တဲ့ ဘုန်းကြီးရဲ့အဆောင်ဟာ ဆေးရွက်ကြီးပုံစံ ပေါက်နေပါတယ်။ အဲဒီကိစ္စရှင်းမရဖြစ်နေချိန်မှာပဲ ..

Friday, January 23, 2015

တိုးနီတော့ ဒီတစ်ခါ .. ဒိုးပြီ ( စတုတ္ထပိုင်း )

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )

.
.
ကျွန်တော်တို့ ( ၅ ) ယောက်ကို အခန်းတစ်ခုထဲ ပြန်စုထားပြန်တယ်။ ရုပ်ရှင်တွေထဲမှာ FBI စစ်လို့ သူတို့ဘက်ကမြင်ရတယ် .. ကျွန်တော်တို့ဘက်ကကြည့်လိုက်ရင် မှန်တွေချည်းပဲ ဆိုတဲ့အခန်းမျိုးလေးထဲမှာပေါ့။ တစ်ခုခုလိုရင် မှန်သွားခေါက်ရတယ် .. မယုံမရှိနဲ့ဗျာ .. တစ်ကယ် မှန်ထခေါက်ရတာ။ အိမ်သာအပေါ့အပါးသွားချင်တယ်ဆိုရင် လိုက်ပို့ပေးတယ်။
.
ခဏနေကျတော့ ဗိုက်ဆာပြီလား? ညစာစားချိန်ရောက်ပြီ .. ဟမ်ဘာဂါကို ဘာသားနဲ့စားချင်လဲ? လို့မေးတော့ ကျွန်တော်တို့က ပြီးရင်ပြီးရော ဘာနဲ့ပဲဖြစ်ဖြစ် မရွေးဘူး .. “ Anything ” လို့ဖြေလိုက်တယ်ဆိုရင်ပဲ အမဲသားဟမ်ဘာဂါနဲ့ ကိုကာကိုလာဘိလပ်ရည်တွေကို ကျကျနန ချကျွေးပါတယ်။
.
.
စားသာစားနေရတယ် ခဏနေဘာဖြစ်မယ် .. မနက်ဖြန်ဘာဖြစ်မယ်ဆိုတာ မသိရတော့ စိတ်က ကတုန်ကယင်ဖြစ်နေလိုက်ကြတာ။ ငါတို့ကို အိမ်ပြန်ပို့ကြမှာလား? ဆိုတဲ့အတွေးက ( ၅ ) ယောက်လုံးရဲ့ ဦးခေါင်းသေးသေးလေးမှာ အချိန်ကိုက်စိုးမိုးနေကြတာ ဘယ်သူမှမသိလိုက်ပါဘူး။ ကျွန်တော်တို့ စကားကိုအကျယ်ကြီးလည်းမပြောရဲဘူး။ နံရံတွေမှာ ဘယ်လိုစက်ကိရိယာတွေတပ်ဆင်ထားတယ်ဆိုတာ မသိနိုင်ဘူး။ စကားသံတွေကို အသံသွင်းထားမှာသေချာတယ်။
.
စိတ်ကယောင်ချောက်ချားနဲ့ ပူသမျှအတွေးတွေကို လျှောက်ပြောမိလို့ ဘာသာပြန်ခိုင်းပြီး နားလည်သွားလို့ကတော့ ခက်ချေပြီ။ ဒါနဲ့ တစ်ယောက်မျက်နှာကိုတစ်ယောက် မသိမသာ အချက်ပြရုံသာခိုးကြည့်နည်းနဲ့သာ ဆက်သွယ်ခဲ့ရတယ်။ စကားပြောတာ အမှားပါသွားရင် ပြန်ပို့ခံရမှာ သေချာသလောက်ရှိတယ်မို့ အားလုံးလည်း လက်ရှိအခြေအနေကို ပြိုင်တူသဘောပေါက်နေကြတဲ့အချိန်ပါ။

Tuesday, January 20, 2015

တစ်ကယ်ရောက်တော့ ကြောက်မိပါသည် ( တိုးနီ တတိယပိုင်း )

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
တစ်ကယ်တမ်းပြန်စဉ်းစားကြည့်မိတော့ ကိုစေတန်ဟာ လူလိမ်တစ်ယောက်လို့တော့ ပြောလို့မရပါဘူး။ သူက လုပ်တာတော့ လုပ်ပေးရှာတယ်။ အမြတ်ကြီးစားတာက ခက်တာ။ ဒီလိုခရီးမျိုးက လူတိုင်းပို့နိုင်တာမျိုး မဟုတ်ဘူးလေ။ သူက အမှန်တစ်ကယ်ပို့ပေးတယ်။ သူ့နားမှာ လူတွေအလုပ်မအပ်မှာစိုးလို့ ဈေးကိုတော့ လျှော့တောင်းတယ်။ သူ့ကို ဘယ်နေရာမှာ သည်းခံရသလဲဆိုတော့ အစတုန်းကပြောတော့ တစ်ဈေး၊ အဲ .. လမ်းတစ်ဝက်ရောက်တော့မှ ဟိုဟာထပ်ကုန် ဒီဟာထပ်ထုတ်ဖြစ်လာတဲ့အခါ ကျွန်တော်တို့က သွားချင်တဲ့သူတွေမလား .. ပေးရတော့တာပေါ့။
.
ကျွန်တော်တို့ ( ၅ ) ယောက်က နိုင်ငံခြားဆို ယောင်လို့အိမ်ရှေ့ခြံတံခါးတောင် ကျော်ကူးရဲတာမဟုတ်ဘူး။ ဒါမျိုးဆိုတော့ အစစအရာရာ သူပြောသမျှယုံရတယ်လေ။ သူက ဒီခရီးကို ဒီဈေး .. ဒီလောက်ပဲကုန်မယ် .. လိုရင် သူစိုက်ပေးထားလို့ရတယ် .. အစားအသောက်၊ လေယာဉ်လက်မှတ်၊ ဟော်တယ်ခတွေကလည်း ဒီလောက်မရှိပါဘူး။ နင်တို့ကိုပြောထားတဲ့ဈေးက အရောက်ပို့ဆိုပြီး လမ်းကျမှဘာပြောတယ်မှတ်လဲ “ အခုကုန်တာတွေ ထပ်မထုတ်နိုင်လို့ရှိရင် ဒီကနေ လှည့်ပြန်လို့ရတယ်။ နင်တို့ကို ဆွဲမထားဘူး။ ကုန်ကျစားရိတ်တွေက ပေးရမှာက ပေးရမှာပဲ ” တဲ့။
.
ကျွန်တော်တို့လည်း ငြင်းမနေတော့ပါဘူး။ ပုတ်ပြတ်အပ်ထားတဲ့ စားရိတ်ငြိမ်း ဒေါ်လာ ( ၁၅ဝဝဝ ) ဆိုတာ နောက်ထပ် ( ၅ဝဝဝ ) လောက် ထပ်ကုန်သွားတော့ အမေရိကန်အမြေအနင်း စုစုပေါင်း ( ၂ဝဝဝဝ ) စွန်းစွန်း ကုန်သွားတယ်။

Thursday, January 15, 2015

တိုးနီ ရဲ့ မက္ကဆီကိုခရီးစဉ် ( ဒုတိယပိုင်း )

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
မှတ်မှတ်ရရ ဒီဇင်ဘာလထဲမှာ ခရီးသွားတဲ့အတွေ့အကြုံက ကျွန်တော်တို့ ( ၅ ) ယောက်ရဲ့ ရင်ကို မအေးချမ်းစေနိုင်ခဲ့ဘူး။ ကိုယ်စီကိုယ်ငှပါလာတဲ့ ထောင်ချီဒေါ်လာတွေကို နေရာတွေခွဲ၊ ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း ပတ်ဝန်းကျင်ကို အမြဲအကဲခတ်နေရတယ်။ Belize ကနေ မက္ကဆီကိုဗီဆာရပြီဆိုတော့ ကျွန်တော်တို့ရဲ့ခေါင်းဆောင်က မဆိုင်းမတွပဲ ညမှာ ခရီးစထွက်တယ်။
.
 တက္ကစီငှားပြီးသွားရတာ အကြောင်းရှိတယ်။ ဒီ ဘလစ်ဇ် ဆိုတဲ့နိုင်ငံမှာ လိုင်းကားမရှိဘူး၊ ရထားမရှိဘူး၊ စာနာမှုမရှိဘူး၊ လူသားချင်းထောက်ထားမှုမရှိဘူး၊ ပိုက်ဆံမရှိဘူး၊ တရားဥပဒေစိုးမိုးမှုမရှိဘူး .. ပြောရရင်တော့ မရှိတာတွေ အများကြီးပဲ။ နိုင်ငံက သေးသေးလေးဆိုတော့ မက္ကဆီကိုနယ်စပ်ကို ခဏလေးနဲ့ရောက်တယ်။ ဂိတ်ကိုဖြတ်မယ်ဆိုတော့ ..
.
ဘလစ်ဇ်က နယ်စပ်ရဲတွေက ကျွန်တော်တို့လို အာရှတိုက်သား ဖြူဖြူဖတ်ဖတ်တွေကိုကြည့်ပြီး ပေးမဖြတ်ဘူး။ အခန်းတစ်ခန်းထဲထည့်ထားပြီး ခေါင်းဆောင်ကို ခေါ်ပြီး စကားပြောနေတယ်။ ကျွန်တော်တို့ ဗိုက်ဆာလို့ ဘာဂါစားရင်း သူတို့တစ်တွေ စကားပြောနေတာ လှမ်းမြင်နေရတယ်။ အဲဒီ ပဲစားရဲ ( မက္ကဆီကန်ရဲ ) တွေက ရစ်နေတာ အသိသာကြီး။ ခဏနေတော့ ကျွန်တော်တို့ခေါင်းဆောင် ပြန်ထွက်လာတယ်။ ဒီခြံစည်းရိုးကိုကျော်ဖို့ အာရ်ကေ ဒေါ်လာ ( ၅ဝဝ ) ပေးရမယ်လို့ပြောတယ်။

Wednesday, December 31, 2014

တိုနီ နှင့် ခရီးသွား ( ၅ ) ဖော် ( ဘလစ်ဇ် )

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
ဒီနိုင်ငံရောက်ပြီး ( ၄ ) ရက်မြောက်နေ့မှာ ဗီဆာသွားလျှောက်တယ်။ ကျွန်တော်တို့အားလုံးက ခေါင်းဆောင်တင်ထားသူက ဝဝဖိုင့်ဖိုင့် ခပ်တောင့်တောင့် သံရုံးဝန်ထမ်းလူမည်း ကို ပါ့စပို့တွေ စုပေးလိုက်တယ်။ သံရုံးလို့သာဆိုတယ် အစောင့်က ( ၁ ) ယောက်ပဲရှိတယ်။ သံတိုင်လေးပါတဲ့ အပေါက်သေးလေးကနေ ရန်ကုန်က ဓါတ်ဆီဆိုင်မှ စာအုပ်ထပ်ရသလောက် အုတ်နံရံလေးတစ်ချပ်သာခြားတဲ့ ဒီနေရာလေးဟာ ဘလစ်ဇ်နိုင်ငံက မက္ကဆီကိုသံရုံးပါပဲ။ စာအုပ်တွေကို ဟိုလှန်ဒီလှန်ကြည့်လိုက်၊ ပါ့စပို့ထဲက ဓါတ်ပုံနဲ့ ကျွန်တော်တို့မျက်နှာတွေကို တိုက်ကြည့်လိုက် လုပ်နေရင်း တစ်ဖြည်းဖြည်းချင်းပြန်ပြောတယ် .. “ မင်းတို့ကို ဗီဆာ မပေးနိုင်ဘူး ” တဲ့။
.
ခေါင်းဆောင်က  “ ဘာဖြစ်လို့လဲဗျာ ” လို့ ပြန်မေးတော့ သူက “ မင်းတို့ပါ့စပို့တွေကို ငါကြည့်ကြည့်တယ်။ တစ်ကယ့် ကမ္ဘာ့လှည့်ခရီးသွားတွေပဲ။ ဒါပေမယ့် မင်းတို့ ဒီနိုင်ငံကိုလာတာ ဘားမား ကနေ စင်္ကာပူမှာ တစ်ပတ်လောက်နေတယ် .. ပြီးတော့ နယ်သာလန်ရောက်တယ်။ နောက်ထပ် မက္ကဆီကို မှာ တစ်ထောက်ဝင်နားပြန်တယ်။ နောက်တစ်ရက်ပြန်ထွက်တယ်။ နေဦး .. မင်းတို့ မက္ကဆီကိုထဲ မဝင်ခဲ့ဘူးနော်။ နောက်တစ်နိုင်ငံက အယ်ဆာဗေးဒိုး .. အဲဒီမှာလဲ Transit နဲ့ အခု ငါတို့နိုင်ငံကိုရောက်လာပြီးခါမှ မက္ကဆီကိုဗီဆာ လိုချင်တယ်ဆိုတော့ တစ်ခုခုတော့ တစ်ခုခုပဲ။ မင်းတို့ကမ္ဘာလှည့်တာ သိပ်မရှင်းဘူး။ အခုတော့ ခဏနေဦး။ စာအုပ်တွေပြန်ယူသွားလိုက်။ ဗီဆာ မပေးနိုင်သေးဘူး ” လို့ ပြန်ပြောလိုက်တဲ့အခါ ကျွန်တော်တို့အားလုံး သက်ပြင်းကိုယ်စီချပြီး တည်းခိုရာ ဟော်တယ်ကို ပြန်ခဲ့ရပါတယ်။