ခပ်ငယ်ငယ်အရွယ် ကျောင်းတုန်းက ကျောင်းနေဘက် သူငယ်ချင်း၂ ယောက်ကို ပြန်သတိရမိတယ်။ တကယ့်အဖြစ်အပျက်ဆိုတော့ နာမည်အစစ်မှန်တွေသုံးပြီး ရေးပြသွားပါမယ်။
တစ်ယောက်က ဝင်းဗိုလ်၊ နောက်တစ်ယောက်က ဖိုးထောင်။ သူတို့နှစ်ယောက်လုံးမှာ တူညီတဲ့ အချက်တစ်ခုရှိတယ်။ အဲဒါကတော့ ကျန်တဲ့ ကျောင်းသူကျောင်းသားတွေထက် လူကောင်ကြီး၊ အသက်ကြီးနေတာပါ။
ဝင်းဗိုလ်ရဲ့ အဖေဟာ အဲဒီတုန်းက ဆတ်သားကင်၊ ဆိတ်သားကင်တို့ကို လှည့်လည်ရောင်းချသူပါ။ ဝင်းဗိုလ်ဟာ ကျောင်းမလာခင်နဲ့ ကျောင်းဆင်းသွားတဲ့နောက်ပိုင်းမှာ တစ်ရက်လုပ်မှ တစ်ရက်စားရတဲ့ မိသားစု တနိုင်တပိုင် စီးပွားရေးကို ကူလုပ်ရတယ်။
ဆရာမက အိမ်စာပေးလိုက်တိုင်း နောက်နေ့မှာ ပြန်မတင်နိုင်လို့ အမြဲလိုလို ဒဏ်ပေးခံရတယ်။ အဲဒီဒဏ်ကလွတ်အောင် ဝင်းဗိုလ်ဟာ အတန်းထဲရောက်လာရင် ကျောင်းသားငယ်တွေဆီက အိမ်စာကိုအမြန်ကူးပြီး တင်တယ်။
ဒီလိုလုပ်နိုင်တာက ၁ ရက် ၂ ရက်၊ အိမ်စာ မတင်နိုင်တာက အကြိမ်အများကြီးဆိုတော့ သူ့ခန္ဓာကိုယ်က ကြီးကောင်ကြီးမားပေမဲ့ ထိုင်ခုံပေါ် မတ်တပ်ရပ်ပြီး ဒဏ်ပေးခံရပြီပေါ့။
ဝင်းဗိုလ်ဟာ သ်ပ်ပျော်တတ်တဲ့ သူငယ်ချင်းတစ်ယောက်ပါ။ ကျွန်တော်နဲ့ ရွယ်တူ ကျောင်းသူ ကျောင်းသားတွေထက် ၂ နှစ် ကြီးနေတာက ၄ တန်းနဲ့ ၅ တန်းတို့မှာ ၁ နှစ်စီ ကျထားလို့ပါ။
စာမေးပွဲတွေကျ၊ အတန်းတွေကျလို့ အသက်ကြီးလာပေမဲ့ ဝင်းဗိုလ်ဟာ ဘယ်တော့မှ စိတ်မညစ်ဘူး။ သူ့ညီငယ် ညီမလေးတွေကို အမြဲလိုလို စတတ် နောက်တတ်တယ်။ ခုံပေါ်တက်ပြီး ဒဏ်ပေးခံရတိုင်း မတ်တပ်ရပ်နေတုန်းမှာ တစ်ခန်းလုံးကို "ဟေ့ ဒီမှာကြည့်ကြ" လို့ အော်တတ်တယ်။
တစ်ခန်းလုံးက သူ့ကိုကြည့်ပြီလည်းဆိုရော ကမ္ဘာစိုးအတွင်းခံဘောင်းဘီ မပါတဲ့ သူဝတ်ထားတဲ့ပုဆိုးကို က္ငင်းလုံးကျွတ် ချွတ်ချလိုက်တယ်။ ဒီတော့ သူ့ရဲ့ ကမ္ဘာဦးက "တပင်တိုင်မြနန်းနဲ့ ပတ္တမြားကြီး ၂ လုံး" ကို လူစုံ လူစေ့ မြင်သွားကြရတော့တာပေါ့။ မမြင်ကွယ်ရာ၊ မနှစ်သက်ဖွယ်ရာ ဖြစ်ပေမဲ့ ဝင်းဗိုလ်ဟာ ဒဏ်ပေးခံရတိုင်း ဆရာမ မရှိတဲ့အချိန်ဆိုရင် ဒီလိုမျိုး အမြဲလုပ်တတ်တယ်။
ဒီလို နောက်တတ်၊ ပျော်တတ်ရုံပဲလား ဆိုတော့ မဟုတ်သေးဘူး။ အခန်းထဲမှာ ခဲတံဖွက်၊ ပေတံဖွက်၊ လွယ်အိတ်ဖွက် အကုန်ဖွက်တယ်။ သူများယူလာတဲ့ ထမင်းဗူးတွေကို နှိုက်စားတယ်၊ တောင်းစားတယ်၊ မကျွေးရင် ပိုင်ရှင်မသိအောင် ယူစားတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူ့အိမ်က ထမင်းဗူး မထုတ်ပေးနိုင်ဘူး။ တနေ့ မုန့်ဖိုး တစ်မတ်နဲ့ ကျောင်းလာတက်တဲ့ ဝင်းဗိုလ်ရဲ့ ကောင်းတဲ့အကွက်တွေက ရှိပါသေးတယ်။
အတန်းထဲမှာ အနိုင်ကျင့်ရင် ဝင်းဗိုလ်က မတရားတာကို သူ့ရှေ့မှာ ဘယ်တော့မှ ပေးမလုပ်ဘူး။ ဘယ်သူမှန်သလဲ၊ ဘယ်သူမှားသလဲ စစ်ဆေးရှိတဲ့နေရာမှာ ဝင်းဗိုလ်က တရားသူကြီးပဲ။ မတရားလုပ်တဲ့ကျောင်းသားကို သေသေချာချာ ရိုက်နှက်ဆုံးမပြီး ခံရတဲ့ကျောင်းသားကို ပြန်တောင်းပန်ခိုင်းတယ်။
ဒါကြောင့် ကျောင်းသားတွေက ဝင်းဗိုလ်ကို ချစ်ခင်ကြတယ်၊ ကျီစယ်ကြတယ်၊ အတူတူ ကစားကြတယ်။ ဒါပေမဲ့ သူ ခုံပေါ် မတ်တပ်ရပ်ပြီး ပုဆိုးချွတ်ပြမှာကိုတော့ ကြောက်ကြတယ်။
ဒါကြောင့် ဆရာမအိမ်စာပေးပြီးတိုင်း ကျောင်းသားတွေက သူ့စာအုပ်ထဲကို အိမ်စာဝိုင်းကူး ထည့်ပေးကြလို့ ဒဏ်ပေးခံရတာ နည်းသွားတယ်။ ဒါကြောင့်ပဲ ကျောင်းသားတွေ ၈ တန်းအောင်ပြီး အထက်တန်းကျောင်းကို ပြောင်းသွားကြတယ်၊ ဝင်းဗိုလ်က ၆ တန်းမှာ ကလေးဗိုလ် ဖြစ်နေတုန်း။ အိမ်စာမှ မလုပ်ဘဲကိုး။
ဖိုးထောင်က မျက်နှာတည်တယ်။ အတန်းကျလို့ တစ်ခန်းလုံးမှာ အသက်အကြီးဆုံး။ ဖိုးထောင်ဆိုတဲ့အသံကို ကြားလိုက်ရင် တစ်ခန်းလုံး ငြိမ်၊ တိတ်၊ အသံထွက်တာနဲ့ ဖိုးထောင်ရဲ့ ဖိနပ်ပျံက ကျောင်းသားရဲ့ဦးခေါင်းကို ဝဲလာပြီ။
တစ်ခေါက်ကဆိုရင် သရက်ယိုထုပ် ခိုးစားနေတဲ့ ကျောင်းသူလေးကို ဖိနပ်ချွတ်ပြီး ပစ်လိုက်တာ မျက်စိထိပြီး ငိုသွားလို့ ဆရာမကြီးရုံးခန်းရောက်သွားတယ်။ ဒီလိုဖြစ်နေရတာက "ငါ့ကိုကြောက်ရမယ်" ဆိုတဲ့ "ဖိုးထောင်ရဲ့အတန်းခေါင်းဆောင်ရာထူး" ကြောင့်ပါပဲ။
ဝင်းဗိုလ်နဲ့ ဖိုးထောင် မတူတာက မေတ္တာသုံးတာနဲ့ အာဏာသုံးတာပါ။ ဝင်းဗိုလ်က ဘဝပေးက အဆင်မပြေတော့ ကျောင်းဆိုတာကို ဖြစ်ရုံလေးသာ တက်ပြီးတော့ ကလေးတွေနဲ့ပျော်ပျော်နေတယ်။ ဖိုးထောင်က ကျောင်းဆိုတာကို အာဏာတည်မြဲဖို့အတွက် လေ့ကျင့်ကွင်းအဖြစ် သတ်မှတ်ထားတယ်။
ကျောင်းသားအများစုဟာ ဒီ ကျောင်းသားကြီး ၂ ယောက်လုံးနဲ့ မပတ်သက်အောင် နေကြပေမဲ့ တစ်ခန်းထဲဆိုတော့ ရှောင်လို့မရဘူး။ သူတို့ ၂ ယောက်လုံး သစ်သားကျားရုပ်တွေလို တကျက်ကျက် ရန်ဖြစ်တယ်။ မကြာမကြာ လုံးထွေးပုတ်သတ်တယ်။
ဝင်းဗိုလ်သတ်တာက ဖိုးထောင် ကလေးတွေကို အနိုင်ကျင့်တာကို မကြိုက်လို့။ ဖိုးထောင်သတ်တာက အတန်းခေါင်းဆောင်ဖြစ်တဲ့ သူပြောတာကို နားမထောင်လို့။
သူတို့ရန်သတ်ပြီဆိုရင် တစ်ခန်းလုံးက ဝင်းဗိုလ်ဘက်ကချည်းပဲ။ သိတဲ့အတိုင်း ဖိုးထောင်က သူဟာ အတန်းခေါင်းဆောင်တာဝန်ကို ဘယ်လို ကျေပြွန်စွာ ထမ်းဆောင်ကြောင်း ဆရာမကို ဦးအောင်သွားတိုင်တယ်လေ။ (မှတ်မိကြသေးလား သူငယ်ချင်းတို့)
တစ်နေ့မှာတော့ ဖိုးထောင်ဆိုတဲ့ နာမည်က မကောင်းလို့ဆိုပြီး "မောင်မောင်နိုင်" ဆိုတဲ့ နာမည်ကို ပြောင်းတယ်။ ဒါပေမဲ့ ဘာမှမထူးဘူး။ တစ်ခန်းလုံးက ဖိုးထောင်ကို ကြောက်နေရာကနေ မောင်မောင်နိုင်ကို ပြောင်းကြောက်ရတယ်။ ညစ်ညစ်ပတ်ပတ် ဝတ်စားတတ်တဲ့ ဝင်းဗိုလ်ကို ချစ်ရသလောက်၊ အတန်းခေါင်းဆောင်လက်သစ် မောင်မောင်နိုင်ကို ရွံရှာကြတယ်။
တစ်ခန်းလုံး စေတနာကို ရယူသူက ဝင်းဗိုလ်။ တစ်ခန်းလုံးရဲ့ ဌောပနာပြုမှုကို တံတွေးခွက်နဲ့ လိုက်ခံနေသူက မောင်မောင်နိုင်။ ဘယ်လောက်ကွာသလဲ။ နာမည်သာ ပြောင်းတယ်၊ လူက အတူတူပဲ။ ဒီအခါမှာ မောင်မောင်နိုင်က နောက်တစ်မျိုး စဉ်းစားတယ်။
ကျောင်းကို စတစ်ကော်လာနဲ့ အင်္ကျီဖြူဝတ်လာတယ်။ ဒါကိုလည်း တစ်ခန်းလုံးက ရွံနေတုန်းပဲ။ ကျောင်းမှာ Assembly ရှိတဲ့အခါ အလံတိုင်ရှေ့ထွက်ပြီး မောင်မောင်နိုင်ဟာ နိုင်ငံတော်အလံတင်၊ နိုင်ငံတော်သီချင်းဆိုတယ်။ ဒါကိုတော့ ကျောင်းသားတွေက ကောင်းကောင်း လိုက်ဆိုတယ်။
အဲဒီနေ့မှာပဲ တိုက်ပုံ ထပ်ဝတ်လိုက်တယ်။ အတန်းခေါင်းဆောင်ရဲ့လေသံနဲ့ ကျွန်ုပ်တို့၏သစ္စာအဓိဌာန် ၅ ချက်ကို အသံကျယ်ကျယ် အော်ဟစ် တိုင်ပေးတယ်။ ကျောင်းသားတွေက အရင်လိုပဲ စာသားမရသလို ဘာလိုလိုနဲ့ အိယောင်ဝါး လိုက်ဆိုကြတယ်။
တစ်ခန်းလုံးချစ်တာက ဝင်းဗိုလ်။ အင်္ကျီမလဲ၊ ရေမချိုး၊ အိမ်စာမလုပ်၊ အတန်းမတက်တဲ့ ညစ်တီးညစ်ပတ် ဝင်းဗိုလ်။
တစ်ခန်းလုံး ရွံရှာတာက ဖိုးထောင်။ ဖိနပ်ချွတ်ပစ်၊ ခေါင်းထရိုက်၊ အနိုင်ကျင့်၊ နာမည်ပြောင်းထားတဲ့ အတန်းခေါင်းဆောင် ဖိုးထောင်။
စတစ်ကော်လာ အင်္ကျီဖြူနဲ့ တိုက်ပုံဝတ်ထားလည်း ဖိုးထောင်ဟာ ဖိုးထောင်ပါပဲ။ ဖိုးထောင်ဟာ ဘယ်တော့မှ မောင်မောင်နိုင် ဖြစ်မလာပါဘူး။ တစ်ခန်းလုံးက ဖိုးထောင်ကို မေ့မရနိုင်ဘူး၊ ရွံလို့။
08-01-2021
No comments:
Post a Comment