ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Thursday, July 31, 2014

အင်တာနက်သုံးမယ်လေ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )

.
---- အမေရိကားကို ရန်ကုန်ကရောက်လာသူတွေအကြိုက်ဆုံးက မီးမပျက်တာ နဲ့ ခြင်မကိုက်တာအပြင် အင်တာနက်လည်း အပါအဝင်ပါ။ အိမ်ရှင်က လက်တော့တစ်လုံးထုတ်ပေးတဲ့အခါ အစ်ကိုကြီး ဘယ်အပြင်မှ မသွားချင်လောက်အောင် တွီဗီဂိမ်း နဲ့ တရုတ်ကားဇာတ်လမ်းတွဲတွေကို အစွဲကြီး စွဲနေပါတော့တယ်။ 
.
.
---- တစ်ရက်မှာ အစ်ကိုကြီးတို့လင်မယားကို ဆန်ဖရန်စစ္စကိုကြိုးတံတား - Golden Gate Bridge လိုက်ပို့ဖို့ အိမ်ရှင်တွေက စီစဉ်ပါတယ်။ ကွန်ပျူတာတစ်လုံး နဲ့ အလုပ်ရှုပ်နေတဲ့ အစ်ကိုကြီးက မလိုက်ချင်လို့ အင်တင်တင်ဖြစ်နေတယ်။ ငြင်းမရတဲ့အဆုံး အခန်းထဲဝင်ပြီး ကျောပိုးအိတ်တစ်လုံးနဲ့ သူလိုတာတွေထည့်ပြီး လိုက်လာခဲ့တယ်။ ဘာတွေထည့်လာတယ်ဆိုတာတော့ ဘယ်သူမှမမြင်လိုက်ပါ။ ကြိုးတံတားလည်းရောက်ရော အားလုံးဆင်းပြီး ဓါတ်ပုံရိုက်ကြမယ် ဆိုတဲ့အချိန် အစ်ကိုကြီးက
.
“ ဟာ .. ငါမလိုက်ချင်ဘူး၊ ဓါတ်ပုံလည်းမရိုက်ချင်ဘူး၊ နင်တို့ဘာသာနင်တို့ အေးဆေးသွားကြ ” ဆိုပြီး ပြောပါတယ်။
.
 “ မဟုတ်သေးဘူးလေ၊ အစ်ကိုကြီးတို့ကို လိုက်ပို့တာ၊ ကျွန်တော်တို့က ရောက်ဖူးတယ် ” လို့ အိမ်ရှင်က ချော့ရှာပါတယ်။
.
ဒီအခါမှာ အစ်ကိုကြီးက “ ငါမလိုက်တော့ဘူး၊ ကားထဲမှာပဲ စောင့်နေမယ်၊ ငါ ဒီမှာ လုပ်စရာရှိတယ် ” လို့ ပြန်ပြောလိုက်ပါတယ်။
.
“ ကားထဲမှာ ဘာလုပ်နေမှာတုန်း ” ဆိုပြီး ဝိုင်းမေးကြတဲ့အခါ အစ်ကိုကြီးက မနေသာတော့ပဲ ကျောပိုးအိတ်ထဲက သူသယ်လာတဲ့ ပစ္စည်းတွေကို ထုတ်ပြပါတယ်။
.
လက်တော့ တစ်လုံး နဲ့ အားသွင်းကြိုးတစ်စုံ ဖြစ်နေပါတယ်။
.
 “ အစ်ကိုကြီးက ကြိုးတံတားမှာ လက်တော့နဲ့ ဘာလုပ်မလုပ်တုန်း ” ဆိုတဲ့အမေးကို စိတ်မရှည်စွာနဲ့ပဲ “ အင်တာနက် သုံးမယ်လေ ” လို့ ပြန်ဖြေလိုက်တဲ့အခါမှာ အားလုံးက ဝါးလုံးကွဲရယ်မိလိုက်ကြပါတယ်။
.
---- ဒီလိုနဲ့ အင်တာနက်ဆိုတာ ကြိုးနဲ့ချိတ်ဆက်ရင်ဆက်၊ မဟုတ်ရင် ကြိုးမဲ့လွှင့်တဲ့ ဝိုင်ဖိုင် - Wi Fi ရှိမှ သုံးလို့ရတယ်ဆိုတာ မသိတဲ့ အစ်ကိုကြီးတစ်ယောက် “ ဟင်း ” ကနဲ သက်ပြင်းချပြီး “ ဒီလိုမှန်းသိရင် ငါအိမ်မှာ နေခဲ့ပါတယ်ကွာ ” လို့ ညည်းညူလိုက်ကာ ဆန်ဖရန်စစ္စကို တံတားနဲ့ အဲဒီနေ့မှာလှပစွာရိုက်ထားတဲ့ ဓါတ်ပုံတွေကို ရန်ကုန်ကို ပြန်သယ်သွားနိုင်ခဲ့ပါတော့တယ်။
.

koko2yeye@gmail.com

" အင်တာနက်သုံးမယ်လေ " စာမူသည် ၂ဝ၁၄ သြဂုတ်လ ( ၂ ) ရက်နေ့ ၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၄၅ ) ၊ စာမျက်နှာ ( ၄၇ ) တွင် ဖော်ပြပါရှိသည်။

Download Link : http://www.mediafire.com/download/hj7tc671czxp7cl/Vol._3,_No._45.pdf


Thursday, July 24, 2014

နိုင်ငံခြားရဲနှင့်ပတ်သက်သမျှပထမများ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
---- ပထမဦးဆုံး ရဲအတားခံရတာက ပထမကား ဝယ်ပြီးခါစ မှာပါ။ ပထမဦးဆုံး အလုပ်ခန့်မယ့်နေရာ က ပထမဦးဆုံး ကျန်းမာရေးဆေးစစ်ခိုင်းတယ်။ သူတို့ခိုင်းတဲ့မြို့ Pleasanton ကို ရောက်ဖူးတာလည်း ပထမဦးဆုံးပဲ။ ဖရီးဝေးကို ပထမဦးဆုံး မမောင်းတတ်သေးလို့ ဒီနိုင်ငံက တူမလေးကို အကူအညီတောင်း မောင်းခိုင်းရတယ်။ ဒီကားကို မိန်းကလေး မောင်းတာလည်း ဒါ ပထမဦးဆုံးပဲ။ အဲဒီမြို့ကိုဝင်ဖို့ ဖရီးဝေး ကနေ အထွက် တူမလေး က မောင်းရင်တန်းလန်း အရှိန်လျှော့ပြီး လမ်းဘေး ကို ဖြည်းဖြည်းလေးဆွဲချလိုက်တဲ့အခါ ဘာဖြစ်တာလဲ လို့ မေးလိုက်မိတယ်။ သူက နောက်ကိုကြည့်လိုက်တဲ့၊ တွေ့ပါပြီ ၊ ရောင်စုံဝိုင်ယာလက်မီးထွန်းပြီး ကပ်လိုက်လာတဲ့ ပထမဦးဆုံးရဲကား။
.
ဒါနဲ့ ရှော့ပင်းမော တစ်ခု ရဲ့ ကားပါကင်ထဲ ကွေ့လိုက်ပြီး ရပ်ပေးလိုက်တယ်။ ရဲ က တူမလေးကို လိုင်စင်တောင်းကြည့်ပြီး ကားနောက်က နံပါတ်ပြားမှာ ကားလိုင်စင် သက်တမ်းလွန်နေလို့ ဖမ်းတာလို့ ရှင်းပြတယ်။ ရဲကားက စာဖတ်တာမဟုတ်ဘူး။ ကားနံပါတ်ပြား ထောင့်နားမှာ ကပ်ထားတဲ့ စတစ်ကာ အရောင်ကို လှမ်းကြည့်ရုံနဲ့ သက်တမ်းလွန်မလွန်သိတယ်။ တူမလေး က သက်တမ်းမလွန်တဲ့အကြောင်း၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဝယ်ခဲ့တာဖြစ်လို့ သက်တမ်းတိုးကပ်ခွာ ရောက်မလာသေးကြောင်း၊ ကားပွဲစား ကိုယ်စားလှယ် Dealer ဆီက ပေးလိုက်တဲ့ စာရွက်ကို ကားရှေ့မှန်မှာ ကပ်ထားကြောင်း ရှင်းပြလိုက်တော့ ပထမဦးဆုံး ရဲ နဲ့ အဆင်ပြေသွားပါတော့တယ်။

Sunday, July 20, 2014

A.L

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
---- ၂ဝ၁ဝ ကုန်ခါနီးမှာ အလုပ်ကို မြန်မာကောင်လေးတစ်ယောက် ဝင်လာလို့ သင်ပေးဖူးတယ်။ သူက ဒီနိုင်ငံကို ( ၁၁ ) နှစ်သားအရွယ်မှာ မိဘတွေနဲ့လိုက်လာခဲ့ပြီး အလယ်တန်း၊ အထက်တန်းကျောင်းတွေပါ စုံအောင်တက်ခဲ့ရတယ်။ အင်္ဂလိပ် နဲ့ စပိန် စကားကျွမ်းကျင်တဲ့ မြန်မာလူမျိုးပြပါဆိုရင် သူ့ကိုပဲ ပြစရာတွေ့ဖူးတယ်။ အလုပ်အစုံလုပ်ဖူးတဲ့အထဲမှာ CNC မောင်းတာ၊ ဆူရှီလိပ်တာ၊ In & Out ဆန်းဝှစ် ဆိုင်မှာ မန်နေဂျာဖြစ်ခါနီးအထိလုပ်ခဲ့တာ၊ Casino မှာ လုပ်ဖူးတာ စတာတွေ သူပြောပြတယ်။ ရောက်တာမကြာသေးတဲ့ တောင်ကြီးသားအဖို့ ယောင်ပြီးမမှားရအောင် သူ့နားက ပညာပြန်ယူရတာတွေ အများကြီးပါ။
.
.
---- သူ့မြန်မာနာမည် ကျော် --, --, ကို “ ဘို ”  တွေ အသံထွက်ရတာခက်တော့ A.L ( အမည်လွှဲ ) ဆိုတဲ့ ဘို နာမည်နဲ့ကျောင်းတက်ခဲ့တယ်။ သူ့မှာ ကောင်းကွက်တွေအများကြီးပါ။ A.L က အထက်တန်းကျောင်းစ, တက်တဲ့အထိ စာတွေလိုက်နိုင်တယ်။ ( ၉ ) တန်း ရောက်တော့ ဘာသာစကားတစ်မျိုးရွေးရတဲ့အခါ စပိန်စကား - Spanish ကို ရွေးခဲ့တယ်။ ( ၁ဝ ) တန်းအောင်တော့ အချိန်ပိုင်းအလုပ် စ, ဝင်ခဲ့ပြီး အိမ်စားရိတ်ဝိုင်းရှာပေးကာ မိသားစုအားကိုးရတဲ့ သားငယ်ဖြစ်လာတယ်။ အစ်ကိုကျောင်းပြီးတော့ ကောလိပ်ဆက်တက်တုန်း A.L အချိန်ပိုင်းအလုပ်ကို ဖိလုပ်ရင်း မီးဖိုချောင်စားရိတ် ဖြည့်တင်းပေးခဲ့တယ်။ အလုပ်တွေပြောင်းရင်း ဘာသာစကား ပိုကျွမ်းကျင်လာသလို လူမှုဆက်ဆံရေးကောင်းလွန်းလို့ တခြားဘာသာ ဆန်းဒေးစကူး သီချင်းဆိုပွဲတွေ တက်ဆိုတဲ့ အထိ A.L ရဲ့ သူငယ်ချင်းလို့ပြောလိုက်ရင် အချင်းချင်း ခင်သွားကြတဲ့အထိပဲ။ စနေ၊ တနင်္ဂနွေ အလုပ်ပိတ်ရက်တွေမှာ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းက ဘာသာရေးပွဲ၊ ဈေးရောင်းပွဲ၊ အထိမ်းအမှတ်ပွဲတွေမှာ မြန်မာတွေ စုကြတဲ့အခါ A.L အမြဲတက်တက်ကြွကြွ ပါဝင်ခဲ့တယ်။
.
.
---- တစ်ခြားဆယ်ကျော်သက်တွေလို ချစ်သူရည်းစားရတော့  A.L မှာ ကောင်းတဲ့အချက်တွေ ရှိနေပြန်တယ်။ သူချစ်တဲ့သူကို ပွင့်ပွင့်လင်းလင်းဆက်ဆံပေမယ့် အတွေ့အထိမှာ စည်းကမ်းရှိတယ်။ ဘယ်လို ရေလာမြောင်းပေးလုပ်ပေသော်ငြားလည်း ဒါမျိုးကိစ္စမှာ သူမလွန်ခဲ့ဘူး။ တစ်ခါက ကျောင်းနေဖက် စပိန်နွယ်ဖွားမိန်းကလေး နဲ့ ချစ်ကြိုက်မိတဲ့အခါ ပဲစားကောင်မလေး ( မြန်မာတွေကြားမှာ Spanish စကားပြောလူမျိုးကို " ပဲစား " လို့ စကားဝှက် သုံးနှုန်းကြပါတယ် ) က A.L ကို အိမ်အလည် ခေါ်ပါတယ်။ ဒါနဲ့ A.L လိုက်သွားတဲ့အခါ ကောင်မလေးက သူမ အခန်းထဲဝင်ပြီး အကျီလဲဦးမယ်ဆိုတော့ A.L က ဧည့်ခန်းက စောင့်နေတယ်။ ခနကြာတော့ အခန်းထဲလိုက်ဝင်လာဖို့ A.L လက်ကိုလာဆွဲခေါ်တယ်၊ A.L လိုက်ဝင်သွားတယ်၊ ကုတင်ပေါ်မှာထိုင်လိုက်ကြတယ်။

Friday, July 4, 2014

အိအိအောင်အမေးအတွက် အဖြေ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )


မေး။         ။ အင်္ဂလိပ်စာ တိုးတက်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို ချုံငုံပြီး ရေးထားတဲ့ ပို့စ် တွေဖတ်ဖူးပါတယ် .. အဲဒီလိုမျိုးလေးမဟုတ်ပဲ ကိုယ်တိုင်ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံလေးတွေနဲ့ ပေါင်းပြီး ပြောပြတာမျိုးလေး အချိန်ရရင် ဖြေပေးပါရှင်..။
.
.
. 
ဖြေ။          ။ မအိအိအောင် စိတ်ဝင်စားလို့မေးတဲ့မေးခွန်းက ပိုစိတ်ဝင်စားဖို့ကောင်းတယ်။ အင်္ဂလိပ်စာလေ့လာဖို့က အလွယ်တကူ ( ၃ ) မျိုးခွဲ ပြောချင်တယ်။
.
( ၁ ) ကွန်ပျူတာပေါ်မှာသုံးမလား?
.
---- အကောင်းဆုံးဖြစ်သလို အထိရောက်ဆုံးဖြစ်တယ်။ Off Line စာသင်ဆော့ဝဲလ်တွေ သုံးပြီး Sentence တွေ လေ့လာနိုင်တယ်။ Grammar အထားအသို မကြာခဏ လေ့ကျင့်နိုင်တယ်။ Chrome  လို Browser တွေမှာ Note ရေးလို့ရတဲ့ Add On တွေသုံးပြီး မသိတာ Tip လုပ် - မှတ်ထား၊ Dictionary စာအုပ်ဖြစ်ဖြစ်၊ Built In ဘာသာပြန်အဘိဓာန်မှာဖြစ်ဖြစ် ပြန်ရှာနိုင်တယ်။ eBook တွေဖတ်ရင် Amazon Desktop Kindle မှာ အခမဲ့စာအုပ်များစွာရှိသလို စာလုံးအဓိပ္ပာယ်ရှာဖို့ ပိုလွယ်တယ်။
.
.
( ၂ ) Tablet နဲ့Smartphone ဖုန်းပေါ်မှာ စာဖတ်မလား?

Wednesday, July 2, 2014

အမေရိကား အမှိုက်သိမ်းကား စတိုရီ



.
---- ကျွန်တော်ဖြစ်တာတော့မဟုတ်ပါဘူး ၊ နာမည်ပြောရင်လည်း ကာယကံရှင်ကို အားနာစရာ ၊ မပြောတော့လည်း နောက်လူမသိနိုင်ပြန် ၊ တော်တော် ခွကျတဲ့ အတွေ့အကြုံမျှဝေ စကားဝိုင်း ပဲ ၊ မထူးပါဘူး ၊ ပြောခွင့်ပြုပါတော့ ။
.
.
---- အမေရိကားမှာ အဓိက အမှိုက်သိမ်းတဲ့ကုမ္ပဏီဟာ WM လို့အတိုကောက်ခေါ်တဲ့ Waste Management Inc. ဖြစ်ပါတယ် ၊ အမှိုက်သိမ်းကားအစိမ်းရောင်တွေ ကိုယ်ပိုင်တီထွင်ထားပြီး လောင်စာဆီမသုံးပဲ သန့်စင်ပြီး သဘာဝဓါတ်ငွေ့နဲ့သာ ရာနှုန်းပြည့်မောင်းနှင်တယ် လို့ ပြောပါတယ် ။
.
.
---- အမှိုက်ပုံးက အရောင် ( ၃ ) မျိုးပါ ၊ ကြက်သွေးရင့်ရောင် / အစိမ်းပုပ်ရောင် က စားကြွင်းစားကျန်အစုံပစ် - Garbage ( သို့ ) စွန့်ပစ်မျိုးစုံအတွက် ဖြစ်ပြီး ပုံအနည်းငယ်သေးပါတယ် ၊ ပုံးအစိမ်းကြီးက သစ်ပင် ဥယျာဉ်ခြံထွက် မြေကြီးအမှိုက်တွေအတွက် နဲ့ မီးခိုးရောင်က ပြန်လည်အသုံးပြုနိုင်တဲ့ ပစ္စည်း - Recycle အတွက်ဖြစ်ကြတယ် ။

Monday, June 30, 2014

မကောင်းမှုမလုပ်ခြင်းဖြင့် အကျင့်ပြင်ကြစို့

ဆောင်းပါးရှင် - ကလောင်စေတနာ



         ပြုလုပ်ဖန်များလျှင် အလေ့အကျင့်ဖြစ်သည်။ ကောင်းသာအမှုကို ပြုဖန်များလျှင် ကောင်းသောအကျင့်ဖြစ်စေသလို မကောင်းသောအကျင့်သည် သွေးတိုးစမ်းမိသော အလေ့အထ တစ်ခုမှ စတင်မြစ်ဖျားခံခဲ့လေသည်။ သို့ဖြင့် အကျင့်ကောင်း နှင့် အကျင့်ဆိုးသည် ကျောချင်းကပ်နေသော်လည်း မူလ ပေါ်ပေါက်လာပုံချင်း တူညီကြသည်။ လူသည် အရာရာကို ဖန်တီးယူသည့်နည်းတူ တစ်စစ နှင့် တစ်ချိန်တည်းတွင် အားလုံးကို ပျက်စီးစေရန် စွမ်းဆောင်နေသူဖြစ်သည်။ ကောင်းမွန်သောအလေ့အကျင့်သည် ပြုလုပ်သူအပေါ် စွဲကပ်၍ အကျိုးပေးနိုင်သော်ငြားလည်း ကာယကံရှင်မှ  ဖောက်ပြန်ခြင်းဖြင့် တစ်မဟုတ်ချင်း ပြောင်းလဲပစ်နိုင်သည်။



အကျင့်ဆိုးမှာမူ ကောင်းသောအကျင့်သို့ ကူးပြောင်းမှုမှာ ကျင့်သုံးသူ လူပုဂ္ဂိုလ်၏ စိတ်ဓါတ်ကြံ့ခိုင်မှု နှင့် အမှန်မြင်နိုင်မှုပေါ်မူတည်၍ အကဲဖြတ်ရမည်ဖြစ်သည်။ ထို့ပြင် တစ်ကြိမ်တစ်လေသာ ပြောင်းလဲနိုင်ရုံမျှနှင့် ကောင်းသောဘက်ခြမ်းသို့ ရောက်ရှိပြီဟု မပြောနိုင်ပေ။ မိမိကိုယ်ကို အလိုလိုက်သောစိတ်နှင့် ဆင်ခြေပေးတတ်မှုတို့က အဓိကချယ်လှယ်သောကြောင့် ပြုလုပ်လတံ္တ့သော ကောင်းမှုကိစ္စကို ရက်ရွှေ့တတ်ကြသည် ၊ အချိန်ဆိုင်းတတ်ကြသည်။ အပျော်အပါး ၊ လောင်းကစား နှင့် သေရည်သောက်ကျူးခြင်း စသောအမှုကိစ္စများကို အချိန်မရွေး လုပ်ကြခြင်းမှာ ပြုလုပ်သူသည် ထိုအမှုအခြင်းအရာများမှ ထူးခြားမှု တစ်ခုခု ရလိုရငြား မျှော်လင့်မှားနေ၍ဖြစ်သည်။

Sunday, June 22, 2014

အလယ်နိုင်ငံသား ကျွန်တော်

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )




          အစ အလယ် နောက်ဆုံး ( ၃ ) ပါး ကာလတွင် ဒေသန္တရ နေရာဋ္ဌာနအကြောင်းကို ဆွေးနွေးလိုပါ၏ ။ မွေးဖွားရာ ချက်မြုပ်မြေသည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အောင်မြေ ဖြစ်ချင်မှဖြစ်မည် ။ မိမိမထင်မှတ်ထားသော နေရာဋ္ဌာနသည်ပင်လျှင် အောင်မြင်ရာ ဒေသ ဖြစ်နေနိုင်သည် ။ ကျင်လည်ကျက်စား အခြေကျရာ အသိုက်အမြုံမှသည် ရေကြည်ရာ မြက်နုရာ သို့ ပြောင်းရွှေ့ပြီး ကြီးပွားချမ်းသာလာသူများ ရှိသလို " သေချင်တဲ့ကျား တောပြောင်း " စကားပုံကဲ့သို့ ပတ်ဝန်းကျင်မှ လက်မခံခြင်း တစ်နည်းအားဖြင့် လူမှုဝန်းကျင်နှင့် ပျော်ဝင်စီးမြောခြင်းမရှိသည်မှ တစ်ဆက်တည်း စီးပွားပျက် အသက်ပါ ဆုံးရှုံးရသည့် ဖြစ်ရပ်သာဓကများ ရှိနေပေသည် ။ ထို့ကြောင့် မိမိ၏ ရပ်တည်မှု နှင့် စိတ်နေသဘောထားသာမက ပြောဆိုဆက်ဆံရေး ဦးဆောင်သော ပေါင်းသင်းမှုအနုပညာ သည် အရေးပါလာသည့် အနေအထားတွင် ရပ်တည်နေသည်ဟု ယူဆနိုင်သည် ။ 

Saturday, June 21, 2014

" ထင်းရူးမြေမှသည် ဗန်ကျူးရာသို့ " ( ဖြစ်ရပ်မှန် )

ဆောင်းပါးရှင် - ကလောင်စေတနာ

        ရာသီဥတုက ခပ်အေးအေး လေက တဟူးဟူးနဲ့တိုက်နေတာ ကျမ ရင်ကို မအေးစေနိုင်ပါဘူးရှင် ။ ကျမ က ဒီနိုင်ငံရောက်တာလည်းမကြာသေးဘူး ၊ ကား က လည်း မမောင်းတတ် မောင်းတတ် နဲ့ ရောက်ခါစ မြို့ Daly City မှာ အမျိုးသားဖက်က အမျိုးတွေ ကူညီလို့ တော်ပါသေးတယ် ။ ဆေးရုံလည်းရောက်ရော ဆရာဝန် နဲ့ မတွေ့ရသေးဘူး ၊ ကောင်တာ - Front Desk က ဝန်ထမ်းက ဘာကျန်းမာရေးအာမခံ - Health Insurance လဲ မေးတာနဲ့ ဖေါင်ဖြည်င့်္ရတာတွေ အကြာကြီး ။ ဒီမှာ ကလေးက သတိလစ်နေတာလေ ၊ ပြောသာ ပြောရတာ သိပ်တော့မစောင့်လိုက်ရပါဘူး ၊ အရေးပေါ်ဋ္ဌာန က ကျမ သားလေး ဘာဖြစ်လဲဆိုတာ ရောဂါရှာဖွေဖို့ သွေး စဖောက်တယ် ။ အချိန်သာကုန်သွားတယ် သူတို့ရောဂါ မတွေ့ပါ ။ ဒါနဲ့ ကလေး ကို သူတို့တတ်နိုင်တာလေးတွေ ပြုစုပေးလိုက်ပြီး ကျမ နဲ့ အမျိုးသားတို့ အိမ်ပြန်ခဲ့ကြတယ် ။


         နောက် ( ၂ ) နာရီကြာတော့ ကလေး က သတိလစ်သွားပြန်ရော ။ အမလေး ပြေးရပြန်ပြီ ။ ဒီတခါတော့ ကပ်လျက်မြို့ ဆန်ဖရန်စစ္စကို က ဆေးရုံကြီးကို သွားခဲ့တယ် ။ အဲဒီမှာလည်း ထိုနည်းနှင်နှင် ပဲ ၊ ရောဂါရှာမတွေ့ပြန်ဘူး ။ အသက် က ( ၁၂ ) နှစ်ဆိုတော့ သတိတော်တော်ရှိပါသေးတယ် ။ ဟိုလူလာ သွေးဖောက်လိုက် ဒီလူလာသွေးဖောက်လိုက် နဲ့ ဘာရာထူးတွေလဲတော့မသိဘူး လာတဲ့ အပ်ကိုင်ထားသူတွေက အများကြီးပဲ ၊ ဆရာဝန်တွေ ရော သူနာပြုတွေရော စုံလှပါတယ် ။ ကလေးရဲ့စိတ် က ဘယ်လောက်တောင်ဖြစ်သွားသလဲဆိုရင် အမှိုက်သိမ်းတဲ့ အလုပ်သမား - Janitor လာပြီး အမှိုက်သိမ်း သန့်ရှင်းရေးလုပ်တာကို သွေးဖောက်ဖို့ထင်ပြီး သူ့လက်ကလေးကို ဆန့်ထုတ်ပေးပါသတဲ့လေ ။ ခက်တော့ နေပါပြီ ၊ ဒီ " လူခဲ " တွေလဲ ကလေးရောဂါရှာမတွေ့ပြန်ဘူး ။ ဒုက္ခတော့ရောက်ပြီထင်တယ် ။ ကျမ တောင်ပေါ်သူပါ ၊ ဓနု သံ နဲ့ ပြောတာ နားလည်ပါတယ်နော် ။

Sunday, June 15, 2014

စိတ်သွားတိုင်းကိုယ်ပါတဲ့ဘဝ

ဆောင်းပါးရှင် - ကလောင်စေတနာ


---- ရဲမင်း နဲ့ ရဲသွေး သူငယ်ချင်းနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အရည်အချင်း မတူညီကြပေမယ့် အမေရိကန်မြေပေါ်မှာ အတူတကွ ခြေချနေထိုင်တာခြင်းတော့တူပါတယ် ၊ ရဲမင်း က နည်းပညာ နဲ့ အင်တာနက်ကို ခုံမင်သူဖြစ်ပြီး ရဲသွေးကတော့ ဒီနိုင်ငံကို မရွှေ့ပြောင်းလာခင် ကားလုပ်ငန်းကို ကျွမ်းကျင်စွာ လုပ်ကိုင်ခဲ့သူပါ ၊ ဒါတင်မကသေးပါ ၊ ရဲမင်း ရဲ့ ကားသစ်ဝယ်တုန်းက ရဲသွေးကို အပါခေါ်ပြီး လိုက်ကြည့်ခိုင်းသေးတယ် ၊ အတူလာ ဆွေမျိုးတွေစီးဖို့ကားတွေကို ရဲသွေး က ဒိုင်ခံဝယ်ပေးခဲ့တယ် ၊ အခုဆောင်းပါးမှာ ကားအကြောင်း သူတို့ ဘယ်လိုဆွေးနွေးကြတယ်ဆိုတာ ရေးပြပါမယ် ။ 



ရဲမင်း ။ ။ ရဲသွေး ရေ ၊ မင်းမလဲ မအားတဲ့ကြားက သူများတွေကားဝယ်သမျှ လိုက်ပေးနေရတာ မပင်ပန်းဘူးလား ။
ရဲသွေး ။  ။ မပင်ပန်းပါဘူး ၊ ဒါက ငါ့ဝါသနာ ပဲလေ ၊ ကားသာကြည့်ရမယ်ဆိုရင် ငါက ထမင်းမေ့ ဟင်းမေ့ ပဲ ။



ရဲမင်း ။  ။ သိပါတယ် ၊ မြန်မာနိုင်ငံမှာကတည်းက ကားလောကမှာ ဆရာကြီးဆိုတော့ ငါက မင်းကို ဆရာတင်ပါတယ် ။
ရဲသွေး ။  ။ ရပါတယ် ၊ သူငယ်ချင်းတွေကိစ္စ ငါ့ကိစ္စ ပဲပေါ့ ၊ ဒီနေ့ ထူးထူးခြားခြား မင်းက စကားစတာ ကားအကြောင်းတွေချည်းဖြစ်နေပါရောလား ။



ရဲမင်း ။  ။ အေးဟုတ်တယ် ၊ အခုကွာ ငါ့သူငယ်ချင်း ဗမာတစ်ယောက်က ကားဝယ်မလို့ မင်းဘယ်က စရှာမလဲ ။
ရဲသွေး ။  ။ အွန်လိုင်းပေါ်က စရှာမယ် ။



ရဲမင်း ။  ။ အွန်လိုင်းဆိုတော့ ဘယ်ဝဘ်ဆိုဒ်တွေမှာ ရှာမလဲ ။
ရဲသွေး ။  ။ Yahoo , Google  နဲ့ Craigslist တို့မှာ ရှာမှာပေါ့ ။

Saturday, June 7, 2014

ရေစက် နှင့် ဖူးစာ တစ်ပြိုင်တည်း ဆုံပါစေ

ဆောင်းပါးရှင် - ကလောင်စေတနာ




ယနေ့ဘယ်လိုဖြစ်နေသည်မသိ ။ တက္ကစီသမားကလည်း ရှာမတွေ့ဘူးဟု ပြောနေသည် ။ ဒေသလေယူလေသိမ်းကို နားမလည်လို့တော့မဖြစ်နိုင် ။ ဟုတ်ပါပြီ ။ ဖခင် ဖုန်းဆက်တုန်းကလည်း ကာတာလေကြောင်းလိုင်းဟု  မကြာခဏ မှာသည် ။ ( ၃ ) နာရီစော၍ ကွင်းချိန်းလို့သာ အေးအေးဆေးဆေး လုပ်နေနိုင်ခဲ့သည် ။ လေဆိပ်ထွက်ခွာ ရပ်နားဆိပ် နားရောက်ခါနီးတော့မှ သိလိုက်ရသည်မှာ ကာတာလေကြောင်းလိုင်းမဟုတ် အမေရိကန်အဲလိုင်း ဖြစ်သည် ။

  
ဖြစ်သည်က သည်လို ။ လက်မှတ်ဝယ်ပေးတုန်းက ပို့လာသည့်အီမေးလ်ကို သေချာမဖတ်မိ ။ မြန်မာနိုင်ငံပြန်ရန်လိုသည့်ပစ္စည်းများ ဟိုတစ်လောကမှာလိုက်သည့်အထဲတွင် ဖခင် က လေယာဉ်လက်မှတ်ကို ပရင့်ထုတ်ပေးလာသည် ။ လေဆိပ်မဆင်းခင်တွင်ပင်လျှင် လေယာဉ်အချိန်ဇယားကို ဖုန်းတွင်သိမ်းထားနိုင်ရန် စကရင်ရှော့ပို့လာပေးသေးသည်  ဤမျှအားကိုးရသည့် ဖေဖေ ။ အမှန်မှာကား ကာတာလေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံပြန်ရန်ရွေးချယ်ရခြင်းမှာ ဘော့စတွန်မှ ရန်ကုန်ကို နှစ်ထောက်နားခရီးဖြင့် သွားခွင့်ရသောကြောင့်ဖြစ်သည် ။ တစ်ခြားလေကြောင်းလိုင်းများမှာ နယူးယောက်တွင် အခြေစုစီးနင်းရသည်ဖြစ်ရာ မြန်မာကျောင်းသားများ ဘော်စတွန် လိုဂန် လေဆိပ်မှ လေယာဉ်ခေါ်ဆောင်ရာလိုက်ရင်း အချိန်တန်လျှင် အမိမြေ ရန်ကုန်သို့ရောက်နိုင်မည်ဖြစ်၍ အဆင်ပြေလှသည် ။ ယခု လေဆိပ်ရောက်လျှင် ပထမဦးဆုံးစီးရမည့်လေယာဉ်သည် အမေရိကန်ပြည်တွင်းခရီးစဉ်သာဖြစ်နေသေး၍ ကာတာအဲယားဝေးစ် ဆိုင်းဘုဒ်ကို ရှာမရခြင်းဖြစ်လေတော့သည် ။

Tuesday, June 3, 2014

“ ကမ္ဘာခြားမှာ ကားဝယ်မယ့် ဗမာလူလည် ( ရဲမင်း နဲ့ ရဲသွေး ) “

ဆောင်းပါးရှင် - ကလောင်စေတနာ


---- ရဲမင်း နဲ့ ရဲသွေး သူငယ်ချင်းနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အရည်အချင်း မတူညီကြပေမယ့် အမေရိကန်မြေပေါ်မှာ အတူတကွ ခြေချနေထိုင်တာခြင်းတော့တူပါတယ် ၊ ရဲမင်း က နည်းပညာ နဲ့ အင်တာနက်ကို ခုံမင်သူဖြစ်ပြီး ရဲသွေးကတော့ ဒီနိုင်ငံကို မရွှေ့ပြောင်းလာခင် ကားလုပ်ငန်းကို ကျွမ်းကျင်စွာ လုပ်ကိုင်ခဲ့သူပါ ၊ ဒါတင်မကသေးပါ ၊ ရဲမင်း ရဲ့ ကားသစ်ဝယ်တုန်းက ရဲသွေးကို အပါခေါ်ပြီး လိုက်ကြည့်ခိုင်းသေးတယ် ၊ အတူလာ ဆွေမျိုးတွေစီးဖို့ကားတွေကို ရဲသွေး က ဒိုင်ခံဝယ်ပေးခဲ့တယ် ၊ အခုဆောင်းပါးမှာ ကားအကြောင်း သူတို့ ဘယ်လိုဆွေးနွေးကြတယ်ဆိုတာ ရေးပြပါမယ် ။ 



ရဲမင်း ။ ။ ရဲသွေး ရေ ၊ မင်းမလဲ မအားတဲ့ကြားက သူများတွေကားဝယ်သမျှ လိုက်ပေးနေရတာ မပင်ပန်းဘူးလား ။
ရဲသွေး ။  ။ မပင်ပန်းပါဘူး ၊ ဒါက ငါ့ဝါသနာ ပဲလေ ၊ ကားသာကြည့်ရမယ်ဆိုရင် ငါက ထမင်းမေ့ ဟင်းမေ့ ပဲ ။



ရဲမင်း ။  ။ သိပါတယ် ၊ မြန်မာနိုင်ငံမှာကတည်းက ကားလောကမှာ ဆရာကြီးဆိုတော့ ငါက မင်းကို ဆရာတင်ပါတယ် ။
ရဲသွေး ။  ။ ရပါတယ် ၊ သူငယ်ချင်းတွေကိစ္စ ငါ့ကိစ္စ ပဲပေါ့ ၊ ဒီနေ့ ထူးထူးခြားခြား မင်းက စကားစတာ ကားအကြောင်းတွေချည်းဖြစ်နေပါရောလား ။



ရဲမင်း ။  ။ အေးဟုတ်တယ် ၊ အခုကွာ ငါ့သူငယ်ချင်း ဗမာတစ်ယောက်က ကားဝယ်မလို့ မင်းဘယ်က စရှာမလဲ ။
ရဲသွေး ။  ။ အွန်လိုင်းပေါ်က စရှာမယ် ။



ရဲမင်း ။  ။ အွန်လိုင်းဆိုတော့ ဘယ်ဝဘ်ဆိုဒ်တွေမှာ ရှာမလဲ ။
ရဲသွေး ။  ။ Yahoo , Google  နဲ့ Craigslist တို့မှာ ရှာမှာပေါ့ ။

Monday, June 2, 2014

ပင်လယ်ကွေ့ကျွန်းဆွယ်က ထွန်းပေါက်လာတဲ့ ကာတာ အဲယားဝေးစ်

ဆောင်းပါးရှင် - ကလောင်စေတနာ


          သင်္ဘော ၊ မော်တော်ကားဖြင့် နိုင်ငံမကူးနိုင်သော ခရီးစဉ်များကို လေယျာဉ်ဖြင့်ခရီးသွားကြရသည် ။ ကမ္ဘာတွင် လေယျာဉ်ပျံထုတ်လုပ်သူများသည် လေကြောင်းပို့ဆောင်ရေးတွင် အမြဲတမ်းဦဆောင်နေသည်မဟုတ် ။ ခရီးသည်ဝန်ဆောင်မှု ၊ လေဆိပ်ဝန်ဆောင်မှု ၊ ခရီလမ်းဝန်ဆောင်မှု ၊ ပံ့ပိုးသော အစားအသောက် အဖျော်ယမကာ ၊ ခရီးသည်များ သက်တောင့်သက်သာရှိမှု နှင့် ဖျော်ဖြေမှု စသည်တို့ဖြင့် လေကြောင်းလိုင်းများကို ခွဲခြား၍ ဒေသန္တရာအဆင့် နှင့် ကမ္ဘာ့အဆင့်တို့ကို သတ်မှတ်ကြသည် ။

          လေထဲတွင် ပထမဗိုလ်စွဲသူမှာ အာရပ်စော်ဘွားများနိုင်ငံဖြစ်ပြီး ဒုတိယလိုက်သူမှာ ကာတာလေကြောင်းလိုင်းဖြစ်သည် ။ ယခုဆောင်းပါးတွင် ရေနံကြွယ်ဝ အာရပ်ချမ်းသာ ကာတာလိုင်းဖြင့် လေယျာဉ်စီးနိုင်ပုံတို့ကို တင်ပြပါမည် ။ ဝန်ထမ်းအင်အား ( ၃ဝဝဝဝ ) ကျော် ၊ လေယျာဉ်အစီးရေ ( ၁ဝဝ ) ကျော်တို့ဖြင့် ( ၁၂၅ ) နိုင်ငံသို့ ဋ္ဌာနချုပ် ဒိုဟာ - DOHA လေဆိပ်မှ ဖြန့်ကျက်ပျံသန်းသည် ။ ၄င်းတို့၏ကြိုးပမ်းမှုကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာလေကြောင်းကွန်ယက် - Oneworld Alliance သို့ ၂ဝ၁၃ အောက်တိုဘာလတွင် ဝင်ရောက်ပူးပေါင်း၍ တင်းပြည့်ကျပ်ပြည့်အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်လာသည် ။