![]() |
| ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး) |
အကောင်းရေးမယ့်စာ ဖြစ်ပါတယ်။ ဖရုသဝါစာ မရေးရဲပါ။ တိုင်းပြည်အတွက် နေ့တိုင်းသုံးနေတဲ့ ဒီအကောင့်ကိုလည်း အထိခိုက်မခံလိုပါ။ လူတကာ ဆဲရေးတိုင်းထွာ၊ ကြိမ်စာတိုက်၊ နှလုံးခိုက်အောင် နာကျင်ရတဲ့ စကစကို ကျေးဇူးတင်ချင်တာ တစ်ခုရှိပါတယ်။ တစ်ကြိမ်တစ်ခါမှ ဒီလောက်မညီညွတ်ဖူးတဲ့ ပြည်ပရောက် တိုင်းရင်းသားတွေ၊ မြန်မာတွေ စည်းလုံးခြင်းမက စည်းလုံးလာအောင် "ဘုံရန်သူပက်ပက်ဆိုး" အဖြစ် ရပ်တည်ပေးနေလို့ ဖြစ်ပါတယ်။
ပြည်ပရောက်မြန်မာတွေမှာ သီတင်း ၁ ပတ်မှာ အနည်းဆုံး ၁ ရက် မဖြစ်မနေ ဒီ "ဘုံရန်သူပက်ပက်ဆိုး" အတွက် မဖြစ်မနေ ချန်ထားပေးကြတယ်။ ဒါက အမာခံ တော်လှန်သူ။
အတွင်းကျကျ တော်လှန်သူတွေက ပွဲဖြစ်မြောက်အောင် စီစဉ်သူ၊ ရံပုံငွေကောက်ပေးသူ၊ ဆိုရှယ်မီဒီယာ တာဝန်ယူပေးသူ၊ အခမ်းအနား ကျင်းပပေးသူ၊ တီးမှုတ်ဖျော်ဖြေပေးသူ၊ Banner စီစဉ်ပေးသူ၊ မြို့ပိုင် နယ်ပိုင်တွေနဲ့ စကားပြောပေးသူ၊ အမေရိကန်အစိုးရ (တခြားနိုင်ငံအစိုးရ) တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပေးသူ၊ နွေဦးတော်လှန်ရေး အလှူငွေ ကောက်ခံပေးသူ၊ အစားအသောက် ရောင်းချပေးသူ၊ အစားအသောက်ရောင်းချမယ့် နေရာထိုင်ခင်း ဆင်ယင်ပေးသူ၊ ဧည့်ကြို နေရာထိုင်ခင်းပေးသူ၊ ဓာတ်ပုံ ရိုက်ပေးသူ၊ ဗီဒီယို ရိုက်ပေးသူ၊ အင်္ဂလိပ်က မြန်မာ-မြန်မာက အင်္ဂလိပ် ဘာသာပြန်ပေးသူ၊ ကားရပ်နားဖို့ လမ်းရှင်းပေးသူ၊ ရဲ့တပ်ဖွဲ့နဲ့ပူးပေါင်းပြီး လုပ်ဆောင်ပေးသူ၊ ဆန္ဒပြပွဲလာ ရွှေမြန်မာတွေအတွက် လုံခြုံရေးယူပေးသူ
. . . စတဲ့
ကိုယ်ကျိုးစွန့်၊ အနစ်နာခံ၊ အချိန်အပြည့်ပေး၊ အစည်းအဝေးတက်ပေးကြတဲ့ ၁၉၇၄ မျိုးဆက်ကနေ ၂ဝ၂၁ မျိုးဆက်သစ်အထိ အရွယ်အသီးသီး၊ အသက်အထွေထွေ၊ စားဝတ်နေရေး အခြေအနေတွေကို လျစ်လျူရှုပြီး ရုံးပိတ်ရက် စနေရော၊ တနင်္ဂနွေရော နေ့ရော ညပါ မနားမနေ လုပ်ဆောင်ပေးကြသူတွေမှာ ရုံးသာပိတ်သွားတယ် မနားရသေး။ ရုံးသာ ပြန်ဖွင့်လာတယ် အိပ်ရေးက မဝသေး။ ဆန္ဒပြပွဲသာ ပြီးသွားတယ် စိတ်ထဲမှာ "ဘုံရန်သူပက်ပက်ဆိုး" ကို တော်လှန်လို့ မပြီးသေး မစီးသေး။ ဒီလောက်အထိ စိတ်ဆန္ဒပြင်းပြကြတာ တစ်ခါမှ မမြင်ဖူးကြဘူး။














