ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, February 1, 2021

ကိုယ်ပေးမှသူရတဲ့ အာဏာ

ဆောင်းပါးရှင် - ကိုညီညီ (‌တောင်ကြီး)

အင်္ဂလိပ်စာရေးဆရာကြီး ဂျော့အော်ဝဲ (၁၉ဝ၃-၁၉၅ဝ) က "ဘယ်သူတစ်ဦးတစ်ယောက်ကမှ ပြန်လည်စွန့်လွှတ်ဖို့ ရည်ရွယ်ချက်နဲ့ တိုင်းပြည်တစ်ခုရဲ့ အချုပ်အချာအာဏာကို မသိမ်းယူဘူး" လို့ ပြောခဲ့ပါတယ်။ သူပြောခဲ့တဲ့အတိုင်းပါပဲ ၁၉ဝဝ ခုနှစ်နဲ့ ၂ဝဝဝ ခုနှစ်ကြားမှာ အာဏာသိမ်းမှု ၂၆၁ ကြိမ်ဟာ ကမ္ဘာတဝှမ်းမှာ ဖြစ်ပွားခဲ့တယ်။ အဲဒီအထဲမှာ အောင်မြင်တဲ့ အာဏာသိမ်းမှုရော မအောင်မြင်တာရောပါပေမဲ့ ဘယ်သူမှ အာဏာလက်မလွတ်ခဲ့ကြပါဘူး။


အာဏာသိမ်းတယ်ဆိုတာ တစ်တိုင်းပြည်က နောက်တစ်တိုင်းပြည်ကို နယ်ချဲ့တဲ့ မနော်ပလီ-Monopoly နဲ့ မတူပါဘူး။ တစ်ခေတ်နဲ့တစ်ခေတ် အာဏာရှင်တွေဟာ ပြည်သူတွေထိခိုက်ခိုက် မခိုက်ခိုက် လုပ်ပိုင်ခွင့်အတွက်၊ စည်းစိမ်အတွက်၊ သြဇာအတွက် ပိုမိုကြမ်းတမ်းစွာ အာဏာသိမ်းခဲ့ကြတယ်။

မြန်မာနိုင်ငံနဲ့တစ်နှစ်ထဲ ပျော်ပျော်ကြီး အာဏာသိမ်းခဲ့ကြတဲ့ စစ်ခေါင်းဆောင်တွေရှိတဲ့ တိုင်းပြည်တွေက ၁၉၆၂ မှာ အာဂျင်တီးနား၊ မြောက်ပိုင်းယီမင် (သို့) ယီမင် နဲ့ သီရီလင်္ကာနိုင်ငံတို့ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်မှာ မြန်မာနိုင်ငံနဲ့အတူ အာဏာသိမ်းခဲ့ကြတဲ့ အာဏာသိမ်းမှု ဖြစ်စဉ် ၆ ခုမှာ ၄ ကြိမ်ဖြစ်တဲ့ ပနားမား ၊ မော်လ်ဒိုက်နဲ့ အာဂျင်တီးနား ၂ ကြိမ် တို့က ကျရှုံးခဲ့ပါတယ်။ အောင်မြင်သွားတဲ့ ၂ ခုကလည်း ဟေတီတစ်နိုင်ငံထဲကဖြစ်ပြီး အာဏာသိမ်းတဲ့ စစ်တပ်ကို ၃ လအကြာမှာ နောက်စစ်တပ်က ဝင်သိမ်းခဲ့တာဖြစ်ပါတယ်။ (ကိုးကား List of coups and coup attempts: Wiki)

အာဏာသိမ်းဖို့အကြောင်းရင်းဟာ အောက်ကအချက် ၅ ချက်အပေါ်မှာ မီးစာဖွဲ့လေ့ရှိကြတယ်။

အချက် ၁။ အာဏာသိမ်းမှုမှာ အတိတ်ကအကြောင်း အမြဲရှိတယ်။
ကျွန်‌တော်တို့ မြန်မာလူမျိုးတွေမှာ လူမျိုးကွဲတွေက ခပ်များများ၊ တစ်ယောက်က အရှေ့ဆိုရင် တစ်ယောက်က အနောက်၊ လိုချင်တဲ့အတ္တတွေက ခပ်ထွားထွား၊ လက်နက်ရှိသူက ခပ်ကြွားကြွားနဲ့ တိုင်းပြည်ဆိုတော့ အတိတ်ရဲ့ မကျေလည်မှုဟာ ၂၁ ရာစုအထိလိုက်ပါလာတယ်ဆိုတာ ဆက်တွေးကြည့်နိုင်ပါတယ်။

အချက် ၂။ အာဏာသိမ်းမှုဟာ ဆင်းရဲတဲ့တိုင်းပြည်မှာ အဖြစ်များတယ်။
ဒီအချက်ကို အကျယ်ဖွင့်ဖို့ လိုမယ်မထင်ပါဘူး။ ထောင်းမယ့်ထောင်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရမှာဖြစ်လို့ စာဖတ်သူသာ ဆက်စပ်တွေးတောလိုက်ကြပါ။

Monday, January 25, 2021

ဘာကိုဦးတည်ပြီးစာရေးနေတာလဲ

 

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)


ကျွန်တော်တို့ဟာ နေတိုင်း၊ အချိန်တိုင်း စာတစ်ခုခုကို ဖတ်နေကြပါတယ်။ မယုံမရှိပါနဲ့။ မျက်စိနဲ့စာမဖတ်ရင် နားနဲ့နားထောင်ကြတယ်။ ဗီဒီယိုတစ်ခုဖွင့်ပြီး တရားနာနေတာ၊ သတင်းတိုတစ်ခု ကြည့်နေတာ၊ နောက်ဆုံး သီချင်းတစ်ပုဒ်နားထောင်တာအထိ ကြားရတဲ့အထဲက သတင်းစာစကားနဲ့ ရေးထားတာမျိုး၊ စကားပြေလို ရေးထားတာမျိုး၊ ကဗျာနဲ့ကာရန်နဲ့နဘေနဲ့ ဆောင့်ဆောင့်အောင့်အောင့်ရွက်ဆိုတာမျိုးအထိ ဒါတွေအားလုံးဟာ စာသားမပါဘဲ၊ စကားမပါဘဲ ဖြစ်တည်ခွင့်မရှိပါဘူး။

ရှင်တော်မြတ်ဘုရား သက်တော်ထင်ရှားရှိစဉ်တုန်းက စာအုပ်နဲ့ရေးစရာမရှိသေးဘူးလို့ မှတ်သားနာယူရပါတယ်။ ဒါကြောင့် သံဃာတစ်ပါးကနေ နောက်တစ်ပါး၊ သံဃာကနေ လူ၊ လူတစ်ယောက်ကနေ နောက်တစ်ယောက်ဆီကို စကားနဲ့သာ ပြောကြားခဲ့ကြတယ်။

ဒါကို သာသနာနဲ့ပြောရင် တရားတော်၊ သာမန်လူကြားမှာတော့ စကားတော်လို့တင်စားပြောရလိမ့်မယ်ထင်ပါတယ်။ နောက်ပိုင်းမှာ ပေကညစ်မှာ ရေးခြစ်လို့ မှတ်တမ်းထွင်းရစ်ကြတယ်ဆိုတာကို ကြည့်ခြင်းအားဖြင့် လူသားတွေဟာ နောက်မျိုးဆက်ကို ဘယ်လောက်အထိ ခဲဆစ်ခဲရာ လက်ဆင့်ကမ်းခဲ့ကြတယ်ဆိုတာကို လေ့လာနိုင်ပါတယ်။

လိုရင်းကိုစစ်လိုက်ရင် စာရေးနေတယ်ဆိုတာ မိမိကိုယ်တိုင်နဲ့ နောက်တခြားလူတွေကို သတင်းစကားတစ်ခုခုပါးချင်နေတာလို့ ကျွန်တော်ကတော့ ခံယူမိတယ်။

"မိပုရေ အိမ်အတွက်လိုတာလေးတွေကို ဒီစာရင်းအတိုင်း ဈေးထဲမှာသွားဝယ်ပေးပါအုံး" ဆိုတာက စကား၊ စာ၊ ဇယားကွက်၊ ကိန်းဂဏန်း၊ လမ်းညွှန်ချက်၊ အတွက်အချက်တို့အပြင် နားလည်တယ်ဆိုတဲ့အသိဟာ မိပုရဲ့စ ဉ်းစားဥာဏ်ထဲကို Put Everything Together in One Place လုပ်လိုက်တာပါ။

Wednesday, January 20, 2021

အမှတ်တရထဲကသမီး

 

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

မိသားစုဝင်တွေ အတူတကွရှိနေတဲ့ အိမ်ဂေဟာလေးတစ်ခုဟာ ဘယ်လောက်အထိသာယာမလဲဆိုတာ ၂ဝ၂ဝ ခုနှစ်မှာ အိမ်တွင်းအောင်းနေရတဲ့မိတ်ဆွေတွေအသိဆုံးပါ။ အပြင်လောကမှာ ဘာရောဂါဖြစ်နေနေ အိမ်ထဲမှာ အတူချက်စား၊ အတူတီဗီထိုင်ကြည့်၊ စကားတွေဖြတ်ပြော လုပြောကြ၊ ရှေးဟောင်းနှောင်းဖြစ်တွေ၊ အမှတ်ရစရာကာလတွေကို အတူတူကျော်ဖြတ်ခဲ့ကြတဲ့အထဲမှာ ကျွန်တော်တို့မိသားစုလည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။
ကျွန်တော့စိတ်ဘဝင်ထဲမှာ ဒီတစ်နှစ် သမီးနဲ့အချိန်ကြာကြာနေထိုင်ခဲ့ရတာကြောင့် ပိုအမှတ်ရနေမိတယ်။ သူက အဝေးရောက်နေတာလား ကျွန်တော်တို့မိသားစုက အဝေးရောက်နေတာလား။ တစ်ခုခုတော့ တစ်ခုခုပဲ။ မိသားစုဆုံဖို့ခက်နေတာ ကာလရှည်ကြာခဲ့တယ်။
ကျွန်တော်တို့သားအဖ ဆုံတုန်းဆုံခိုက် တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်ချည်နှောင်တဲ့စကားတွေ အပြန်အလှန်ပြောကြတယ်။ ကျန်းမာရေးဂရုမစိုက်ရကောင်းလားဆိုပြီး တစ်ယောက်ကိုတစ်ယောက်အပြစ်တင်ကြတယ်။
ကျွန်တော်ကလည်း ကျွန်တော်။ အနာရောဂါဆိုရင် တူပေဒဏ်ပေကြိတ်မှိတ်ခံလိုက်တာကို သမီးက မကြိုက်ဘူး။ ညအချိန်မှန်မှန်မအိပ်ရင် သမီးက ဆူတယ်။ အိပ်ချိန်ဆက်တိုက်မအိပ်ရင် ကျန်းမာရေးထိခိုက်မယ်လို့ ရာဇသံပေးတယ်။ ဒီလို ဂရုစိုက်တာကိုကြားချင်တော့ သိတယ် မဟုတ်လား ကျွန်တော်ကခပ်ပေပေလုပ်တယ်။
အခု သူ့မွေးနေ့မှာ ကျွန်တော်ကပြန်ပြောချင်တယ်။ သမီးလေး အချိန်မှန်မှန်စား အချိန်မှန်မှန်အိပ်။ အားဖြစ်စေမယ့်အစားတွေကို ပိုအလေးထား။ အားဆေးမှန်မှန်သောက်။ အလုပ်ချည်းချည်း ဖိလုပ်တာမျိုးမဟုတ်ဘဲ အလုပ်နဲ့ဘဝမျှခြေ-Work-Life Balance ကို အမြဲရှာ။ စိတ်ဖိစီးရာကို အဝင်မခံနဲ့။ အပြုသဘောကိုမြင်၊ ပွဲမဝင်ခင်အပြင်ကကျင်းပ၊ လိုတိုင်းရ၊ ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်တဲ့ အောင်မြင်မှုပန်းတိုင်ကို ကျန်းကျန်းမာမာခရီးပေါက်ပါစေ သမီးလေး။

ချစ်တဲ့
ပါပါး
01-21-2021

Tuesday, December 29, 2020

သားသမီးနဲ့မိဘ မိဘနဲ့သားသမီး

 

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

"သားသမီးမဖြစ်ဖူးတဲ့မိဘမရှိဘူး မိဘမဖြစ်ဖူး‌သေးတဲ့သားသမီးပဲရှိတယ်" ဒါက လွန်ခဲ့တဲ့လအနည်းငယ်ကကျောင်းသားငယ်လေးတွေနဲ့အွန်လိုင်းအင်တာဗျူးမှာကျွန်တော်ပြောဖြစ်ခဲ့တဲ့စကားပါ။ ဒါကိုပြောနေတုန်း LIVE နားထောင်နေသူတစ်ယောက်လာရေးတဲ့မှတ်ချက်တစ်ခုကိုပြန်သတိရမိတယ်။ "ကိုညီရေ ဒီစကားက ဒီအရွယ်အတွက်သိပ်မြင့်နေမယ်ထင်တယ်" တဲ့။

တကယ်တော့ဗျာ ဒီစကားက ကလေးတွေအတွက်မမြင့်ပါဘူး။ သူတို့ကသာ မိဘတွေရဲ့မေတ္တာကိုအနီးကပ်ရထားတဲ့သူတွေ၊ သူတို့ကသာ မိဘတွေရဲ့အရေးပေးတာကိုခံထားရသူတွေ၊ သူတို့ကသာ လောကလူသားတွေရဲ့ "ကလေးတွေကရိုးသားတယ်" ဆိုတဲ့မပြုပြင်ရသေးတဲ့မွေးရာပါအမှန်တရားကိုကိုင်စွဲထားနိုင်ကြတဲ့သူတွေဖြစ်ပါတယ်။

စဉ်းစားကြည့်ပါ။ လူတစ်ယောက်မွေးဖွားလာရာကနေ ပညာတတ်တစ်‌ယောက်ဖြစ်တဲ့အထိ နှစ်ပေါင်းဘယ်လောက်ကြာမလဲလို့။ မူကြိုကို ၂ နှစ်တွက်၊ ၁ဝ တန်း ဒါမှမဟုတ် ၁၂ တန်းကို ၁၂ နှစ်ပိုပိုသာသာလေးတွက်၊ ကောလိပ်တက္ကသိုလ်ကို ၄ နှစ်တွက်၊ ဘဝလမ်းခရီးမှာ ဘာညာသာရကာမှားယွင်းတာ၊ တိမ်းစောင်းတာ၊ စိတ်လေတာတွေကို ပိုပိုလိုလို ၁ နှစ်ပဲထည့်တွက် အနည်းဆုံး ၁၇ နှစ်ကြာတယ်။

ဒါတောင် မာစတာတက်တာ၊ ဒေါက်တာဘွဲ့ယူတာ၊ နိုင်ငံခြားမှာကျောင်းသွားတက်တာတွေ ထည့်မတွက်သေးဘူး။ လူတိုင်းရဲ့အခြေအနေအချက်အလက်တွေနဲ့ထည့်တွက်လို့ရတဲ့ဖော်မြူလာမဟုတ်လို့ အကြမ်းဖျင်းအချိန်အတိုင်းအထွာကိုတွက်ချက်ပြတာပါ။

Thursday, December 17, 2020

Relief Flight နဲ့ အိမ်ပြန်ရောက်ပြီ

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

 ဦးညီရေ . . .

          အွန်လိုင်းမှာ မြန်မာနိုင်ငံပြန်နိုင်ဖို့ Relief Flight ‌ဘယ်လိုလျှောက်ရသလဲဆိုတာရှာဖတ်ကြည့်မိရင်းအချိန်တော်တော်ကုန်သွားတယ်။ သိချင်လို့ ဦးညီကိုလည်းမေးခဲ့သေးတယ်လေ။ ဟိုလိုလို ဒီလိုလိုနဲ့ဘယ်သူ့ကိုမေးရမှန်းမသိဘဲ နောက်ဆုံးမြန်မာတွေမဲသွားပေးခဲ့တဲ့ အယ်လ်အေမြန်မာသံရုံးကဦးအောင်ကျော်နိုင်ကိုမေးလိုက်တော့ သူကသဘောကောင်းတယ်။ လုပ်ဆောင်ရမယ့်ပုံစံတွေပြောပြလိုက်တယ်။ တင်ဖို့ဖောင်ပေးလာတယ်။ ဒါပေမဲ့ ဒီ Relief Flight ကိစ္စကို အယ်လ်အေမြန်မာသံရုံးကမကိုင်ဘူး။ ဝါရှင်တန်မြန်မာသံရုံးကကိုင်တာလို့ပြောပြပါတယ်။

 

          အီးမေးလ်က mewdcusa@yahoo.com ကိုပို့ရမှာပါ။ ပါတဲ့အချက်တွေက နိုင်ငံကူးလက်မှတ်မိတ္တူ၊ ဗီဆာစာမျက်နှာနဲ့အမြဲတမ်းနေထိုင်ခွင့်ကဒ်ပြား-Green Card တို့ဖြစ်ပါတယ်။ အဲဒီမှာအမေရိကားကိုသမီးရောက်တဲ့နေ့နဲ့ပြန်သွားလိုတဲ့အကြောင်းအ‌ရာတွေကိုဖြည့်ရတယ်။ ရန်ကုန်ရောက်ရင် ၂၁ ရက် Q ဝင်တာကိုလက်ခံပါမယ်ဆိုတာလည်းပါတယ်။ ကျန်တာတွေကကိုယ်‌ရေးကိုယ်တာအချက်အလက်တွေချည်းဖြစ်လို့ ဦးညီဖတ်ကြည့်ရင်သိပါလိမ့်မယ်။

 

          သမီးက ဖြည့်ပြီးတဲ့ဖောင်ကိုစကင်ကောင်းကောင်းလေးဖတ်ပြီးအီးမေးလ်ပို့လိုက်ပြီးကံကောင်းလို့လားမသိဘူး ၅ ရက်ကြာတာနဲ့ ဝါရှင်တန်မြန်မာသံရုံးကအသံချိုချိုနဲ့အမျိုးသမီးတစ်ယောက်ကဖုန်းဆက်လာပြီး လာမယ့် ___ လ၊ ___ ရက်မှာပြန်မယ့် Relief Flight နဲ့ ထည့်ပေးလိုက်မယ်လို့ပြောတယ်။ သူရှင်းပြတာတွေကတော့အများကြီးပဲ။ ခရီးစဉ်က ၂ ဆင့်စီးရမှာဖြစ်တဲ့အကြောင်း၊ လေကြောင်းလိုင်း ၂ လိုင်းရှိကြောင်း၊ အမေရိကားကနေကိုယ့်လက်မှတ်ကိုယ်ဝယ်ပြီး ကိုးရီးယားနိုင်ငံအင်ချွန်းလေဆိပ်ကို သူပေးမယ့်ရက်အတိုင်းလက်မှတ်ဝယ်ရမှာဖြစ်ကြောင်း အဲဒါတွေအသေးစိတ်ပြောပါတယ်။

 

          ဦးညီရေ အခုဖြစ်နေတာကရောဂါပိုးကြောင့်လေယာဉ်တွေမထွက်နိုင်ပေမယ့် ထွက်နေတဲ့လေယာဉ်တွေကိုစီးခွင့်ရနေသူတွေကရောဂါပိုးတွေကိုဆင့်ပွားသယ်ယူတာမျိုးမဖြစ်စေဖို့အရေးကြီးတာမဟုတ်လား။ သမီးကိုသူတို့မယုံ၊ သမီးကသူတို့ကိုမယုံ နဲ့ ခန္ဓာကိုယ်ကိုကာကွယ်ရေးတွေသေသေချာချာလုပ်တတ်မှ‌လေယာဉ်နဲ့တစ်ဆင့်ပြောင်းလေဆိပ်တွေကလက်ခံကြမှာမဟုတ်လား။

 

          လေကြောင်းလိုင်း ၂ လိုင်းလုံးကကိုးရီးယားပိုင်လေကြောင်းလိုင်းတွေပါပဲ။ တစ်ခုက ကိုးရီးယားအဲ နဲ့ နောက်တစ်ခုက အေရှားနားအဲဝေးတို့ပါ။ သံရုံးကအမျိုးသမီးကရှင်းပြတာက ကိုးရီးယားအဲနဲ့စီးရင်တော့ ဒီအမေရိကားကနေ ဘယ်နှစ်ရက်အတွင်း ပိုးကင်းစင်ကြောင်းစစ်ဆေးထားတဲ့အတည်ပြုလက်မှတ်လိုတယ်။ အေးရှားနားအဲလိုင်းကမလိုဘူးတဲ့။ ဒါ‌နဲ့ သမီးလည်း သမီးအဖေနဲ့တိုင်ပင်ပြီး အေးရှားနားလက်မှတ်ကိုဝယ်လိုက်တာ ၂ဝ၂ဝ ဒီဇင်ဘာလဆန်းအတွက်ကို ၆ဝ၁ ‌ဒေါ်လာပေးရတယ်။ လက်ခံတာက ပေါင် ၅ဝ တန်ဆာ ၂ ထုတ်သယ်ခွင့်ကိုအခမဲ့။ လက်ဆွဲကယ်ရီက ၂၁ ပေါင်။ ဟိုဘက်လေဆိပ်ရောက်ရင်တော့ မြန်မာနိုင်ငံကလာကြိုမယ့် မြန်မာအဲဝေးအင်တာနေရှင်နယ်က ၁ ထုတ်ပဲပေးသယ်တော့ တန်ဆာခ ၈၅ ဒေါ်လာပေးရမယ် ငွေသားယူသွားပါ ငွေလဲကောင်တာမှာကိုးရီယားဝမ်ငွေလဲပြီးပေးဆောင်ရမယ်လို့မှာလိုက်တယ်။ 

Monday, December 7, 2020

တတိယဘုရားသခင် Bitcoin အပိုင်းဆက်

 

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

"တတိယဘုရားသခင် Bitcoin ၁"
(တတိယဘုရားသခင် Bitcoin နဲ့ PayPal)

            ၂ဝ၂ဝ ဒီဇင်ဘာလရဲ့ဈေးကွက်အရပြောရရင် အွန်လိုင်းငွေကြေးလို့ပဲခေါ်ခေါ် အင်တာနက်ပိုက်ဆံလို့ပဲဆိုဆို Bitcoin ရဲ့တစ်ယူနစ်စျေးနှုန်းဟာ ၁၉ဝဝဝ  ဒေါ်လာစျေးဖြစ်လာတာကြောင့်ရင်းနှီးမြှုပ်နှံသူအများစုကိုအံ့အားသင့်စေပါတယ်။ ဒီဈေးဟာပြည်တော်ပြန်တက်လာတဲ့ဈေးပါ။ ဆိုလိုတာက ဒီလို ဒေါ်လာ ၁၆၅ဝဝ ကျော်အထိရောက်လာခဲ့တာဟာ ၂ဝ၁၇ ခုနှစ်အပြီးမှာ ဒါဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။

Bitcoin ဆိုတာ ဘာလဲ?           

          ၂ဝဝ၉  ခုနှစ်မှာစတင်ခဲ့တဲ့ Bitcoin ဟာ အဲဒီတုန်းက ပြားဂဏန်း၊ ဆင့်ဂဏန်း-Less than Tenth of A Cent ရှိရာကနေအခုလိုအဆပေါင်းများစွာတန်ဖိုးတက်လာတာကအမှောင်ထဲကရင်းနှီးမြှုပ်နှံသူတွေကြောင့်လို့အများကပြောကြတယ်။

          ရာဇဝင်ကိုလှန်ကြည့်ရင် Bitcoin ဟာ ရာဇဝတ်မှုကျူးလွန်ထားတဲ့ငွေ၊ လက်နက်ဝယ်ဖို့ငွေ၊ မူးယစ်ဆေးဝါးငွေ၊ အကြမ်းဖက်ကိရိယာတွေဝယ်ယူဖို့ငွေ၊ အခွန်ရှောင်ချင်တဲ့ငွေ၊ ခဝါချလျှော်ဖွတ်ချင်တဲ့ငွေ . . စတဲ့ ငွေလွှဲပြောင်းမှုအစုစုကိုချိတ်ဆက်နေတဲ့တိုင်းပြည်တွေရဲ့အစိုးရတွေကိုမသိစေချင်တဲ့ မြေအောက်ဝယ်ယူရောင်းချခြင်း လွှဲပြောင်းမှုတွေကိုကနဦးလုပ်ဆောင်ပေးပါတယ်။

 

        ဆိုလိုတာက မိတ်ဆွေက မေးစီကုန်တိုက်မှာ ရှနဲလ်ရေမွှေးတစ်ပုလင်းဝယ်လို့ ၁၂၅ ဒေါ်လာကိုဘဏ်ကဒ်နဲ့ဆွဲလိုက်ရင် အကြောင်းရင်း ၁။ ဘဏ်မှာမှတ်တမ်းကျန်မယ်  အကြောင်းရင်း ၂။ မိတ်ဆွေဈေးဝယ်ခဲ့တဲ့နေရာ-Location ကိုသိတယ်  အကြောင်းရင်း ၃။ ဘယ်လောက်ငွေသုံးသွားပြီးဘယ်အချိန်ပြန်ဆပ်သွားတယ်ဆိုတဲ့အကြွေးဆပ်မှုသမိုင်း-Credit History ကိုသိတယ်  အကြောင်းရင်း ၄။ အချိန်တန်လို့ ရင်းနှီးမြှုပ်နှံမှုလုပ်တာမျိုး၊ အိမ်ဝယ်တာမျိုးမှာအစိုးရကိုအမြတ်ခွန်ဆောင်ထားကြောင်းကိုအမြဲထောက်လှမ်းနေတဲ့ပြည်တွင်းအခွန်-IRS ကသိတယ်  အကြောင်းရင်း ၅။ ဘာလုပ်လုပ်သိနေတယ် ဘာသုံးသုံးသိနေတယ်ဆိုတဲ့ နေရာတစ်ခုခုကိုအမြဲအသိပေးနေတဲ့ Notification ရှိနေပါတယ်။ 




          တကယ်လို့သာ မေးစီကုန်တိုက်က ရှနဲလ်ရေမွှေးဖိုးကို Bitcoin နဲ့ပေးချေတာကိုလက်ခံမယ်ဆိုရင်တော့ ဝ.ဝဝ၆၅ Bitcoin ပေးလိုက်ရမှာပါ (ဥပမာဖြစ်ပါတယ် မေးစီကုန်တိုက်က Bitcoin လက်မခံပါ) ထပ်ရှင်းအောင်ပြောရရင် ဒသမသုံညသုံညခြောက်ငါးရှိတဲ့ Bitcoin ဆိုတဲ့ ဒစ်ဂျစ်တယ်ငွေကြေးဟာ ဒေါ်လာ ၁၂၅ ဒေါ်လာနဲ့ညီမျှနေတာကိုတွေ့ရမှာပါ။ ဒါက Dec 17th, 2020 ရဲ့ 1 Bitcoin to US Dollars လဲလှယ်မှုပေါက်ဈေး ၁၉ဝဝဝ ဒေါ်လာနဲ့တွက်ထားတာပါ။

 

          မပြောကောင်းမဆိုကောင်း နောက်တစ်ရက်မှာ 1 Bitcoin က ဒေါ်လာ ၁၂ဝဝဝ ဈေးဖြစ်သွားရင် မေးစီက သူရောင်းလိုက်တဲ့ရေမွှေးရဲ့တန်ဖိုးဟာ ဝ.ဝဝ၆၅x၁၂ဝဝဝ=၇၈ ဒေါ်လာသာတန်ပါတော့မယ်။ ဒါပေမဲ့ 1 Bitcoin က ဒေါ်လာ ၃ဝ၇ဝဝ ဖြစ်သွားခဲ့ရင်‌တော့ ဝ.ဝဝ၆၅x၃ဝ၇ဝဝ=၂ဝဝ ဒေါ်လာရသွားတဲ့သဘောပါ။ ထပ်ရှင်းအောင်ပြောရရင် ၁၂၅ တန်ရေမွှေးပုလင်းတစ်ခုမှာ ကုန်ထုတ်လုပ်ပေးလိုက်တဲ့အလုပ်သမားခကနေ ကုန်တိုက်ပိုင်ရှင်၊ ဘဏ်ကဒ်ကုမ္ပဏီအပြင် အခွန်ဝန်ထောက်ကနေ နိုင်ငံတော်အထိ နောက်ပြောင်းပြန်နိုင်မှု-Traceability ရှိပါတယ်။ Bitcoin မှာတော့ မိတ်ဆွေ=ဝယ်သူ နဲ့ မေးစီ=ရောင်းသူတို့သာရှိပါတယ်။

Saturday, November 21, 2020

နှိမ့်ချဆက်ဆံရင်အလုပ်ထွက်ပစ်လိုက်ပါ

 ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

တစ်နယ်မပြောင်းသူကောင်းမဖြစ်၊ သေချင်တဲ့ကျားတောပြောင်းစတဲ့စကားပုံတွေဟာ အကောင်းနဲ့အဆိုးကိုမျှခြေချနိုင်သူတွေအတွက်အဓိပ္ပာယ်ရှိပေမဲ့ အမေရိကားကို (နည်းမျိုးစုံနဲ့) ရောက်ခါစလူတွေမှာရရာအလုပ်ဝင်လုပ်ရသူတွေအတွက်ရွေးချယ်စရာလမ်းမရှိတတ်ကြပါဘူး။

အလုပ်ကောင်းရသွားရင် ဒီလူတော့ ကံကောင်းလို့အမေရိကားရောက်လာတယ်၊ ရေကန်အသင့်ကြာအသင့် အလုပ်ကအဆင်သင့် နေစရာထိုင်စရာအဆင်သင့်ဆိုပြီးအားကျကြတယ်။ နှိမ်ပြီးဆက်ဆံတတ်တဲ့အလုပ်ခွင်ကလူတွေရဲ့ခံစားချက်ကိုအမျိုးအဆွေတွေကလွဲလို့မသိကြဘူး၊ မမြင်ကြဘူး၊ ကိုယ်ချင်းမစာကြဘူး၊ အားမပေးကြဘူး၊ အချိန်ပေးပြီးနားမထောင်ချင်ကြပါဘူး။

တကယ်တော့ ကံကောင်းတယ်ဆိုတာ (၁) ကျန်းမာရေးကောင်းတာ (၂) အိမ်ထောင်ရေးသာယာတာ (၃) သားသမီးရေးရာစိတ်မပူရတာ တို့ရဲ့နောက်ကမှ (၄) အလုပ်ကောင်းရတာ ကပ်လျက်လိုက်လာတာလို့ပြောချင်တယ်။ စာဖတ်သူဟာ ဒီ (၁) (၂) (၃) နဲ့ (၄) တို့ရဲ့ဦးစားပေးအစီအစဉ်ကိုသဘောတူချင်မှတူမယ်၊ ဘဝင်ကျချင်မှကျမယ်။ ဒီလိုဆိုရင်တော့ ဆက်လက်တွေးတောဖို့ဟာ မိတ်ဆွေဆီမှာတာဝန်ရှိလာပါတယ်။

Wednesday, November 4, 2020

စာအုပ်ချစ်သူများနေ့ ၂ဝ၂ဝ ကိုကြိုဆိုရအောင်

 

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

ကြည့်နေတဲ့ဖုန်းမျက်နှာပြင်ကိုပိတ်၊ သုံးလက်စ Facebook App ကိုပိတ်၊ နားထောင်နေတဲ့သီချင်းလေးကိုရပ် စာအုပ်စင်ကစာအုပ်တစ်အုပ်ကိုလက်ကဆွဲပြီး အသံတိတ် စိတ်ထဲကဖတ်လို့ဖြစ်ဖြစ်၊ နားထောင်သူရှိလို့အသံထွက်ဖတ်လို့ဖြစ်ဖြစ်၊ အသံစာအုပ်အတွက်အသံသွင်းဖို့ပဲဖြစ်ဖြစ် တစ်ကမ္ဘာလုံးကစာအုပ်ရေးသူတွေကိုဂုဏ်ပြုဖို့နေ့တစ်နေ့ဟာ ချစ်မိတ်တွေတို့ရဲံ့ရှေ့ကိုရောက်ရှိလာပါပြီ။ နိုဝင်ဘာလ ၇ ရက်နေ့ဟာ ၂ဝ၂ဝ ခုနှစ်အတွက်စာအုပ်ချစ်သူများနေ့ဖြစ်ပါတယ်။

စာအုပ်ချစ်သူများနေ့ဘယ်လိုပေါ်ထွက်လာခဲ့သလဲဆိုတာ နဲ့ ဆင်တူရက်စွဲတွေရှိသလားဆိုတာ အင်တာနက်မှာအငြင်းပွားစရာဖြစ်နေတာ နှစ်တွေအများကြီးကြာမြင့်ခဲ့ပြီးပါပြီ။ လူသိများတာက ဩဂုတ်လ ၉ ရက်နေ့လို့သိရပြီး ကျွန်တော့ရဲ့စိတ်အာရုံကိုဖမ်းစားခဲ့တဲ့ Costco Connection ရဲ့ နိုဝင်ဘာလထုတ်မဂ္ဂဇင်းမှာ နိုဝင်ဘာလရဲ့ပထမသီတင်းပတ် စနေနေ့မှာကျရောက်တဲ့ 7th Nov, 2020 မှာ စာအုပ်ချစ်သူများနေ့ကိုဆင်နွှဲဖို့ဆော်ဩထားပါတယ်။

စာအုပ်စာပေဟာ စာဖတ်သူရဲ့စိတ်ကိုဆွပေးတဲ့အဖြူထည်ဆွဲဆောင်မှုဖြစ်တယ်။ စာဖတ်ခြင်းဟာလူကို အချိန်အတားအဆီး၊ နေရာဒေသအပိုင်းအခြား နဲ့ ယဉ်ကျေးမှုအရံအတားတွေကိုကျော်ဖြတ်ပေးတယ်။ စာဖတ်ခြင်းဟာလူကို စည်းကမ်းလိုက်နာစေသလို တွေးခေါ်မှုအမြင့်အမားဆုံးကိုပို့ဆောင်ပေးတယ်။ စာဖတ်ခြင်းဟာလူကို အမှားထံကသင်ယူခြင်း နဲ့ မျှော်လင့်ချက်မနက်ဖြန်အတွက်မနက်ခင်းမှာနေထွက်ပေးတယ်ဆိုတာ စာဖတ်သူတွေသိပြီးသားဖြစ်လို့အကျယ်တဝင့်မရေးပြတော့ပါဘူး။

Saturday, October 31, 2020

Grief သို့မဟုတ် ဝမ်းနည်းခြင်း

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
ဒီစာကိုမရေးချင်ဘဲရေးရတာပါ။ ဘာဖြစ်လို့လည်းဆိုတော့ အောင်လအန်ဆန်းမနိုင်တဲ့ပွဲကြောင့်လူတွေဝမ်းနည်းတဲ့အချိန်ကျမှစဉ်းစားမိတဲ့အချိန်အခါကိုက်အတွေးလေးတစ်ခုဖြစ်နေလို့ ဒီအချိန်မှရာသီစာထရေးနေတယ်ထင်ကြမှာစိုးရိမ်မိလို့ပါ။ တကယ်တော့ ဝမ်းနည်းခြင်းဆိုတာ စိတ်မကောင်းခြင်း၊ စိတ်ပျက်အားငယ်ခြင်း၊ စိတ်အားငယ်သွားခြင်းတို့ထက်ပိုအခံရခက်ပါတယ်။

ဝမ်းနည်းခြင်းကိုဘယ်လိုဖြတ်ကျော်ကြမလဲ။ မှောင်မိုက်ညထဲတစ်ယောက်တည်းတဝဲလည်လည်နဲ့ပြန်မထွက်လာနိုင်တဲ့အခန်းငယ်လေးထဲမှာ ချောင်ပိတ် အလှောင်ပိတ်ခံ အဖန်တစ်ရာနဲ့ဒဏ်ရာတွေကိုစုထားဦးမလို့လား။ မလုပ်ပါနဲ့ဗျာ။ ဒီညသန်းခေါင်ရဲ့ဟိုးတစ်ဘက်မှာ မနက်ဖြန်ရှိတယ်။ မနက်ဖြန်ရဲ့တောင်ထိပ်စူးစူးမှာ နေထွက်ဦးမယ်။ အလင်းရောင်တွေထွန်းပြောင်တောက်ပလာဦးမှာပါ။

ဘဝဟာသာယာပျော်ရွှင်ဖွယ်ကောင်းတယ်။ သေခြင်းတရားကငြိမ်းချမ်းတယ်။ အခက်အခဲဆုံးက ဘဝအစနဲ့အဆုံးကြား နှလုံးသားမှာမထားတတ်တဲ့ စိတ်သဘောထားတွေကြောင့် လူတွေမှာဇာတ်လမ်းအမျိုးမျိုးဖြစ်နေကြတာသေချာပါတယ်။ ပြိုင်ပွဲတစ်ခုရှုံးတာဟာဘဝပျက်တာမဟုတ်ပါ။ ဒီအရှုံးကမိမိကိုဘာသင်ပေးသွားသလဲ၊ မိမိမာနကိုဘယ်လောက်ဆုံးမပေးသွားသလဲ၊ မခံချင်စိတ်နဲ့အရင်ကထက်ပိုမိုကြိုးစားချင်လာအောင်ဘယ်လောက်အထိစွမ်းဆောင်ပေးခဲ့သလဲဆိုတာကသာ သင်ယူတတ်မြောက်ရမယ့်ဘဝကျောင်းရဲ့သင်ခန်းစာဖြစ်ပါတယ်။

Friday, October 23, 2020

ဗင်းနစ်ပုံစံတူတူးမြောင်းလေးကိုရောက်ခဲ့တယ်

 


ကျွန်တော်ခရီးသွားတိုင်း ခရီးသွားမှတ်တမ်းဆောင်းပါးလေး ရေးပေးပါလို့တောင်းဆိုတဲ့ချစ်မိတ်ဆွေတွေအတွက် လမ်းညွှန်နဲ့ရဗျူးမရေးတတ်လို့အားနာရပါတယ်။ အခုလို ကပ်ရောဂါစွဲကပ်နေတဲ့အချိန်မှာခရီးသွားရတာဟာ စွန့်စားမှုတစ်ခုပါ။ ဒီနှစ်မှာ ကျောင်းသားလေး “စွမ်း” ကို လော့စ်အိမ့်ဂျလိစ်အဆောင်ကိုပြန်ဝင်ဖို့သွားရတာကတော့ အမှတ်ရစရာတွေအများကြီးထဲကတစ်ခုအနေနဲ့ကျန်ရစ်ခဲ့ပါတယ်။

ဘယ်အချိန်အိပ်ယာထ၊ အဆင်သင့်လုပ်၊ ဘယ်အချိန်ထွက်ဆိုတဲ့ခရီးစဉ်ဟာကြုံနေကျဖြစ်လို့အထူးအဆန်းမဟုတ်တော့ပါဘူး။ ငှားထားတဲ့ကားကိုမကြိုက်လို့နောက်တစ်စီးသွားလဲရတာ၊ ကားမလဲခင်တင်ပြီးသားပစ္စည်းတွေကိုပြန်ချ၊ ကြိုက်တဲ့ကားရောက်လာတော့ပြန်တင် ဒါတွေကမထူးဆန်းပေမဲ့ ပင်ပန်းဇာတာပါတဲ့၊ နောက်တစ်နေ့ကားမောင်းရမယ့်ကျွန်တော့အတွက် နောက်ကျမှအိပ်ယာဝင်ရတဲ့အခက်အခဲလိုမျိုးမကြုံရလေအောင်ရေးပြတာဖြစ်ပါတယ်။




လမ်းခရီးမှာအားလုံးသာသာယာယာရှိပြီးရာသီဥတုမျှတပါတယ်။ မိုးမရွာတော့ မောင်းရတာစိတ်လက်ပေါ့ပါးတယ်။ လမ်းဘေး ၂ နေရာလောက်မှာတောမီးနှိပ်စက်လို့လောင်ကျွမ်းကျန်ရစ်ခဲ့တဲ့ မြက်ခင်းမည်းအကွက်ကြီးတစ်ချို့သာနည်းနည်းပါးပါး‌တွေ့ရပါတယ်။ ရှူရတဲ့လေဟာ အရင်ကထက်သန့်စင်တဲ့အနေအထားရှိကြပြီး နေရောင်ဟာမပူမပြင်းဘဲ ခပ်တင်းတင်းလေး အပူစွမ်းအင်လေးဆောင်ကျဉ်းပေးပါတယ်။


လမ်းပေါ်မှာခရီးသွားသူတွေပြန်တိုးလာတာနဲ့အချိန်ကိုက် စားသောက်ဆိုင်မှာ To Go တွေက အရင်ပုံမှန်အချိန်တွေလိုပဲရောင်းနေရဆဲ၊ အိမ်သာတွေကတော့ညစ်ပတ်မြဲ၊ ကားပါကင်တွေမှာယင်ကောင်တွေရှိနေဆဲ ဒါတွေကအရင်တုန်းကအတိုင်း မပြောင်းမလဲ။ ပြောင်းလဲလာတာက ဓာတ်အားသွင်းမောင်းရတဲ့ EV-Electric Vehicle တွေ ခရီးတစ်ထောက်နားတုန်းအားသွင်းဖို့နေရာတွေတွေ့ရတယ်။ အထူးသဖြင့် Tesla Charging Station တွေပေါ့။

ကဲ သတင်းတိုလေးပြောပြီးသွားပြီဆိုတော့ ခေါင်းစဉ်အကြောင်းပြောရအောင်။



ဒီတစ်ခေါက်မှာ စွမ်းက သူဖြတ်သွားဖူးပြီးအကျွမ်းတဝင်မရောက်ဖူးသေးတဲ့တစ်နေရာကိုသွားဖို့အကြံပြုတယ်။ တည်းတဲ့ဟော်တယ်နဲ့ ၁၉ မိနစ်ပဲမောင်းရမှာဆိုတော့သွားကြည့်ရအောင်ဆိုပြီးအားလုံးသဘောတူကြတယ်။ လော့စ်အိမ့်ဂျလိစ်မြို့က တစ်နေရာနဲ့တစ်နေရာတော်တော်ဝေးတာဆိုတော့ ၁၉ မိနစ်က တော်တော်နီးတာလို့ပြောရမှာပါ။ သေချာတာတစ်ခုကတော့ အဲဒီနေရာဟာ ကျွန်တော်ဒီဘက်မြေရောက်တဲ့ ၁ဝ နှစ်ကျော်အတွင်းမကြားမိသလို မိသားစုဝင် ၄ ယောက်လုံးမရောက်ဖူးသေးတဲ့နေရာဖြစ်နေတာပါ။

၁၉ဝ၅ ခုနှစ်မှာ မြို့ပြတည်ထောင်သူ အဘော့ကင်နီ-Abbot Kinney က လော့စ်အိမ့်ဂျလိစ်မြို့အနောက်ဘက်ကမ်းခြေမှာ ဗင်းနစ်မြို့-Venice of America ကိုတည်ဆောက်ရင်း ဒေသခံတွေဟာခရီးသွားဆွဲဆောင်မှုပြယုဂ်တစ်ခုကိုလက်ဆောင်ရလိုက်တယ်။ အဲဒါကတော့ အီတလီနိုင်ငံ ဗင်းနစ်လှေလှော်မြို့လိုပုံစံတူတူးမြောင်း-Venice Canal Historic District သမိုင်းဝင်ရပ်ကွက်ဖြစ်ပါတယ်။

သဘာဝအတိုင်း မြို့တွေရဲ့လမ်းသွယ်ထဲကိုရေဝင်နေတာမဟုတ်ဘဲ လူသားတွေလုပ်ဆောင်ထားတဲ့ ဗင်းနစ်ပုံစံတူတူးမြောင်းမှာ လမ်းပတ်ပတ်လည်ရဲ့အိမ်တွေကြားရောက်သွားတော့ လူလျှောက်လမ်းတွေကို အင်္ဂတေခင်းထားတာသပ်သပ်ရပ်ရပ်ရှိလှတယ်။ ရေငြိမ်ဖြစ်ပေမဲ့ အထဲမှာကျင်လည်ကျက်စားနေကြတဲ့ ဘဲခေါင်းစိမ်းတွေက ငြိမ်ငြိမ်မနေကြဘူး။ အိမ်ရှင်တွေထားပေးထားတဲ့ ပေပါ ၄ လုံးထမ်းဘော့ခုံလေးမှာ အစာတွေနဲ့ဘဲချေးတွေရောလို့ သဘာဝကပေးထားတဲ့ တူး‌မြောင်းရေနောက်ကျိကျိရေစီးလမ်းကလေးမှာ အမောအပန်းဖြေနေကြတယ်။

အဘော့ကင်နီတည်ခဲ့တဲ့ ဗင်းနစ်မြို့ကလေးဟာဆွဲဆောင်မှုရှိတာနဲ့အညီ အနှစ် ၂ဝ လောက် သီးသန့်မြို့လေးအနေနဲ့ရပ်တည်ခဲ့တယ်။ ၁၉၂၆ ခုနှစ်ကျမှ လော့စ်အိမ့်ဂျလိစ်မြို့နဲ့ပေါင်းစပ်လိုက်တဲ့အခါ တိုးချဲ့လာတဲ့မြို့လူဦးရေနဲ့အညီ ၁၉၂၉၊ ၁၉၄ဝ ခုနှစ်တွေမှာ ဖောက်ထားတဲ့တူးမြောင်းအခြောက်ကြီးတွေကိုမြေပြန်ဖို့၊ လူနေအိမ်တွေဆောက်လိုက်ကြပြီးကျန်နေတဲ့တူးမြောင်းလိုင်းတွေကိုပစ်ထားလိုက်ကြတယ်။


   နောက်ပိုင်းမြို့လူထုရဲ့တောင်းဆိုမှုနဲ့ထောက်ခံချက်တွေကြောင့် ရံပုံငွေပြန်ရှာပြီး ညစ်ထေးနေတဲ့ရေဆိုးတွေကိုစုတ်ထုတ်၊ လူနေအိမ်ရှေ့မှာလမ်းလျှောက်‌နိုင်ဖို့လူလျှောက်လမ်းတွေပြန်လည်ထည့်သွင်းတည်ဆောက်ပြီး နှစ်ပေါင်း ၄ဝ ကျော်အကြာ ၁၉၉၂ ခုနှစ်ရောက်မှပြန်လည်ပြုပြင်နိုင်တဲ့အခါ ခရီးသွားဆွဲဆောင်မှုသမိုင်းဝင်နေရာအဖြစ် ၁၉၉၃ ခုနှစ်မှာ ဖွင့်လှစ်နိုင်ခဲ့တယ်။


Venice Canal မှာ အဓိကတူးမြောင်း ၄ မြောင်းရှိပြီး ထိပ်ပိတ် နောက်ပိတ်တူးမြောင်းတွေပါပေါင်းလိုက်ရင် စုစုပေါင်း တူးမြောင်း ၆ မြောင်းပါဝင်တယ်။ တူးမြောင်းထဲကိုရေက အနီးက Marina Del Rey ကမ်းခြေကရရှိပါတယ်။ ရေမျက်နှာပြင်အနည်းငယ်နိမ့်တဲ့ ‌ဝေါ်ရှင်တန်လမ်းအနီးမှာရေထိန်းတံခါးထားရှိပါတယ်။

အခုတွေ့ရတဲ့ Venice Canal ဟာ ၁၉ဝ၅ ခုနှစ်စတည်ခဲ့တုန်းက ၁၃ မြောင်းရှိရာကနေ ‌၇ မြောင်းကိုမြေဖို့၊ အိမ်ဆောက်၊ လမ်းဖောက်ခဲ့တာကြောင့် အခုကျန်တဲ့ ၆ ‌မြောင်းဟာ ဥရောပကိုခရီးထွက်ပြီး အီတလီဗင်းနစ်မြို့ရဲ့အလှကိုကိုယ်တိုင်ကိုယ်ကျသွားမကြည့်နိုင်သေးတဲ့ ခရီးသွားတွေကိုအဆွဲဆောင်ကြီးဆွဲဆောင်နေပါတယ်။

တူးမြောင်းကိုကားနဲ့ဖြတ်မောင်းသွားလို့ရအောင် တံတားခုံးလေးတွေခိုင်ခိုင်ခန့်ခန့်တည်ဆောက်ထားတယ်။ အဲဒီအနီးအနားကအိမ်တွေရဲ့ဗိသုကာအဆောက်အဦတွေက အံ့မခန်းချီးကျူးရလောက်အောင်လက်ရာမြောက်တာကိုသတိထားမိတယ်။ ကားပါကင်ရှားသလောက် အိမ်နောက်ဖေးထွက်ပေါက်ကိုမဖြစ်မနေထားရှိကြပြီး နားနားနေနေ ဝိုင်ထွက်သောက်ပြီးစကားပြောနေသူတွေကိုပါတွေ့ခဲ့တယ်။

မိတ်ဆွေတို့ လော့စ်အိမ်ဂျလိစ်မြို့ကိုရောက်လို့သွားလည်ချင်ရင်တော့ Venice Canal က ဝင်ကြေးမပေးရပေမဲ့ စီးလာတဲ့ကားရပ်ဖို့ ကားပါကင်ခက်ခဲတာကိုသတိထားလိုက်ရင် ပျော်စရာအချိန်လေးတွေကြားမှာ စိတ်ရှုတ်စရာတွေကိုအထူးရှောင်ကျဉ်နိုင်မှာဖြစ်ပါကြာင်းတင်ပြလိုက်ပါတယ်။

ခင်လျက် 

ကိုညီညီ (တောင်ကြီး) 

10-21-2020