ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Wednesday, December 31, 2014

တိုနီ နှင့် ခရီးသွား ( ၅ ) ဖော် ( ဘလစ်ဇ် )

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
ဒီနိုင်ငံရောက်ပြီး ( ၄ ) ရက်မြောက်နေ့မှာ ဗီဆာသွားလျှောက်တယ်။ ကျွန်တော်တို့အားလုံးက ခေါင်းဆောင်တင်ထားသူက ဝဝဖိုင့်ဖိုင့် ခပ်တောင့်တောင့် သံရုံးဝန်ထမ်းလူမည်း ကို ပါ့စပို့တွေ စုပေးလိုက်တယ်။ သံရုံးလို့သာဆိုတယ် အစောင့်က ( ၁ ) ယောက်ပဲရှိတယ်။ သံတိုင်လေးပါတဲ့ အပေါက်သေးလေးကနေ ရန်ကုန်က ဓါတ်ဆီဆိုင်မှ စာအုပ်ထပ်ရသလောက် အုတ်နံရံလေးတစ်ချပ်သာခြားတဲ့ ဒီနေရာလေးဟာ ဘလစ်ဇ်နိုင်ငံက မက္ကဆီကိုသံရုံးပါပဲ။ စာအုပ်တွေကို ဟိုလှန်ဒီလှန်ကြည့်လိုက်၊ ပါ့စပို့ထဲက ဓါတ်ပုံနဲ့ ကျွန်တော်တို့မျက်နှာတွေကို တိုက်ကြည့်လိုက် လုပ်နေရင်း တစ်ဖြည်းဖြည်းချင်းပြန်ပြောတယ် .. “ မင်းတို့ကို ဗီဆာ မပေးနိုင်ဘူး ” တဲ့။
.
ခေါင်းဆောင်က  “ ဘာဖြစ်လို့လဲဗျာ ” လို့ ပြန်မေးတော့ သူက “ မင်းတို့ပါ့စပို့တွေကို ငါကြည့်ကြည့်တယ်။ တစ်ကယ့် ကမ္ဘာ့လှည့်ခရီးသွားတွေပဲ။ ဒါပေမယ့် မင်းတို့ ဒီနိုင်ငံကိုလာတာ ဘားမား ကနေ စင်္ကာပူမှာ တစ်ပတ်လောက်နေတယ် .. ပြီးတော့ နယ်သာလန်ရောက်တယ်။ နောက်ထပ် မက္ကဆီကို မှာ တစ်ထောက်ဝင်နားပြန်တယ်။ နောက်တစ်ရက်ပြန်ထွက်တယ်။ နေဦး .. မင်းတို့ မက္ကဆီကိုထဲ မဝင်ခဲ့ဘူးနော်။ နောက်တစ်နိုင်ငံက အယ်ဆာဗေးဒိုး .. အဲဒီမှာလဲ Transit နဲ့ အခု ငါတို့နိုင်ငံကိုရောက်လာပြီးခါမှ မက္ကဆီကိုဗီဆာ လိုချင်တယ်ဆိုတော့ တစ်ခုခုတော့ တစ်ခုခုပဲ။ မင်းတို့ကမ္ဘာလှည့်တာ သိပ်မရှင်းဘူး။ အခုတော့ ခဏနေဦး။ စာအုပ်တွေပြန်ယူသွားလိုက်။ ဗီဆာ မပေးနိုင်သေးဘူး ” လို့ ပြန်ပြောလိုက်တဲ့အခါ ကျွန်တော်တို့အားလုံး သက်ပြင်းကိုယ်စီချပြီး တည်းခိုရာ ဟော်တယ်ကို ပြန်ခဲ့ရပါတယ်။

Monday, December 29, 2014

ကျွန်တော်တို့ရန်ကုန်မှာဆိုရင်

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
ဒီနေ့ “ စွမ်း ” ကို သွားဆေးခန်းပြပြီးတော့ သူ့ကျောင်းက လုပ်အားပေးအဖွဲ့ကပေးတဲ့ ဈေးဝယ်ကြော်ငြာ - Flyer ကို ကိုင်ပြီး လိပ်စာအတိုင်းသွားခဲ့တယ်။ ဆိုင်နာမည်ကတော့ အဓိကမကျလို့ မပြောတော့ပါဘူး။ လိပ်စာအတိုင်း ဖုန်းထဲက GPS နဲ့ သွားလိုက်တော့ အရင်က ဒ်ီလက်ကိုင်ဖုန်းဝယ်တဲ့ဆိုင်ရှေ့က မြေကွက်ပေါ်မှာ ဆောက်ထားတဲ့ အဆောက်အဦကြားက ဟမ်ဘာဂါဆိုင်သစ်တစ်ခုကို ရောက်လာတယ်။
.
ပြီးခဲ့တဲ့ ( ၂ ) လ လောက်က ဒီရှေ့ကဖြတ်သွားတော့ မြေကွက်ကြီးကို ဘာမှမဆောက်ရသေးဘူး။ ကားပါကင်ဟောင်းကြီးကို မြို့တော် - City က အကွက်ချပြီး ဆိုင် ( ၆ ) ဆိုင်လောက်ကို ခွဲခြမ်းပေးလိုက်ပုံပဲ။ တစ်ကယ်ဆို ဒီလောက်ရုပ် ဒီလောက်ထည် ဆိုင်ခန်းတွေကို ရန်ကုန်မှာ ( ၁၈ ) လ ဆောက်ခဲ့တာမဟုတ်လား။ အထဲမှာ ကားအစီး ( ၃ဝ ) လောက်ရပ်လို့ရတဲ့ ကွေ့ကွေ့ကောက်ကောက် ကားပါကင်လေးကို မဖြစ်မနေထည့်သွင်းဆောက်ထားတာ သတိထားမိတယ်။ ကျွန်တော်တို့ရန်ကုန်မှာ ကားရပ်လို့မရလို့ ( ၁၉ ) လမ်းထိပ် လမ်းလယ်စည်းဖြူတည့်တည့်မှာ ကားရပ်ပြီး အစားအသောက်ဆင်းဝယ်တဲ့ ရွှေညီအစ်ကိုများကို မဆီမဆိုင် သတိရမိပါရဲ့။
.
.
အဆောက်အဦသစ်ကိုလှမ်းမြင်နေရာကနေ လမ်းကူးမယ်လို့လုပ်တုန်းမှာ ဆိုင်ကလေးရှေ့ ကြက်လျှာစွန်းလေးမှာ ဂေါက်သီးထီးပုံစံ လေဟာပြင်ထီးတွေအောက်မှာ ခပ်ကြပ်ကြပ်ချထားတဲ့ စားသောက်ခုံလေးတွေ တွေ့လိုက်တယ်။ ဆန်ဖရန်စစ္စကိုပင်လယ်အော်ဒေသမှာ လေတဟူးဟူးတိုက်နေလည်း ဟင်းလင်းပြင်မှာ ဟမ်ဘာဂါထိုင်စားရင်း ကိုကာကိုလာထိုင်သောက်နေကြသူတွေ ရှိနေသေးတာကိုး။ သူတို့ထိုင်နေတာ ကွေ့သွားတဲ့ကားတွေနဲ့ ပေအနည်းငယ်သာကွာမယ် .. ကျဉ်းကျဉ်းလေးနဲ့ နေရာရအောင်လုပ်ထားတာ ချီးကျူးမိတယ်။

Thursday, December 25, 2014

The Interview ကို အင်တာဗျူးကြည့်ခြင်း

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
ဒေ့ဗ်စကိုင်းလာ့ခ် -  Dave Skylark နဲ့ သူရဲ့ထုတ်လုပ်သူ အက်ရွန်ရက်ပါပို့ - Aaron Rapoport တို့ ( ၂ ) ဦး ဟာ “ Skylark Tonight ” ဆိုတဲ့ TV အစီအစဉ်ကို မောင်းနှင်ပါတယ်။ အောင်မြင်တဲ့ ဒီ TV Interview အစီအစဉ်ကို အဝေးကနေကြိုက်နှစ်သက်တဲ့ မြောက်ကိုးရီးယားသမ္မတ ကင်ဂျုံအန်းဟာ တစ်နေ့မှာ အင်တာဗျူးပေးဖို့ ဆက်သွယ်လာရာကနေ သူတို့ ( ၂ ) ဦးဟာ မြောက်ကိုးရီးယားကို အထူးဖိတ်ကြားခံရတဲ့ အမေရိကန်ဂျာနယ်လစ်တွေ ဖြစ်လာခဲ့တယ်။ ခရီးစဉ် မစ,ခင်လေးမှာ CIA ရဲ့ လျှို့ဝှက်ညွှန်ကြားမှုကြောင့် အသားကပ်ပလာစတာအဆိပ်တစ်မျိုးနဲ့ လုပ်ကြံဖို့အစီအစဉ်ကိုလက်ခံခဲ့မိတယ်။
.
အတေ့အလွဲလေးတွေဖြတ်သန်းရင်း နောက်ဆုံးမှာ သမ္မတကင် နဲ့ စကိုင်းလာ့ခ် တို့ အင်တာဗျူးဖြစ်မြောက်ခဲ့တယ်။ ဒါပေမယ့်ထင်ထားသလို ကြိုတင်မေးခွန်းကိုကျော်ဖြတ်ပြီး လျှာသွက်/အာသွက်တဲ့ Interviewer ဒေ့ဗ် ရဲ့ ချောင်ပိတ်တဲ့မေးခွန်းလှိုင်းတွေအောက်မှာ သမ္မတကင် စိတ်လှုပ်ရှားပြီး အမှားတစ်ခုကို ကျူးလွန်မိတော့တယ်။ ဒါကတော့ စိတ်မထိန်းနိုင်ပဲ အင်တာဗျူးသူကို သေနတ်နဲ့ပစ်သတ်လိုက်တာပါပဲ။ ကျည်ကာအကျီင်္ဝတ်ထားတဲ့ ဒေ့ဗ် ဟာ လွတ်မြောက်သွားရုံမက အက်ရွန် နဲ့ အတူ ကွန်မြူနစ်နိုင်ငံက လွတ်မြောက်ဖို့ ပြေးကြ လွှားကြရင်း နောက်ဆုံးမှာ သမ္မတကင်ကိုယ်တိုင်ပါတဲ့ ရဟတ်ယာဉ်ကို ဖျက်ဆီးပစ်လိုက်နိုင်တဲ့ဇာတ်ကွက်နဲ့ ရုပ်ရှင်ကို အဆုံးသတ်ထားပါတယ်။

Monday, December 22, 2014

နားထောင်ရင်းလေ့လာ လေ့လာရင်းစကားသင်ဖို့ TED App

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
လူသားတို့နေ့စဉ်သင်ယူမှုကို အခြေခံပြုလုပ်မှု - Basic Gesture တွေဖြစ်တဲ့ အရင်နားထောင်ပါ - Listen ။ ပြီးရင် လိုက်ပြောပါ - Speak ။ ရသလောက်ဖတ်ပါ - Read ။ နောက်ဆုံးမှာ ရေးပါ - Write စသဖြင့် အရည်အချင်း ( ၄ ) ချက်ကို အားလုံးသိကြမှာပါ။ ဒါကတော့ ဘာသာစကားတစ်ခုကို အခြေကျကျချည်းကပ်ပုံ ချည်းကပ်နည်းတွေထဲက သိတတ်နားလည်သူတွေကိုယ်တိုင် ပိုင်းခြားပြလိုက်တဲ့အဆင့်တွေလို့ နားလည်မိပါတယ်။
.
အရေးပေါ်ဒါမှမဟုတ် ဖြတ်လမ်းနည်းအနေနဲ့ ဗဟုသုတလည်းရ၊ နားထောင်နိုင်မှုစွမ်းရည်လည်းတိုး၊ စကားလည်းတတ်၊ စာလည်းဖတ် .. အားလုံးအဆင်ပြေနိုင်မယ့် ကမ္ဘာ့အဆင့်ကွန်ဖရင့်စင်မြင့်ဟောပြောမှုတွေကို ကျွန်တော်ရှာဖွေတွေ့လာတယ်။ အစပိုင်းက YouTube မှာကြည့်ခဲ့ပေမယ့် ကွန်ပျူတာရှေ့မှာ အမြဲမပြတ်မထိုင်နိုင်တော့ အချိန်အတိုင်းအတာတစ်ခုအထိ အဆက်ပြတ်သွားပြန်တယ်။
.
ဒီအစီအစဉ်ရဲ့တင်ပြမှုတွေကို လေ့လာ-ကြည့်ရှု-နားထောင်နိုင်မယ်ဆိုရင် အင်္ဂလိပ်စာလေ့လာမှုကို ပိုမိုအရှိန်မြင့်တင်နိုင်လိမ့်မယ်လို့ ယုံကြည်မိတဲ့အချိန် လက်ကိုင်ဆဲလ်ဖုန်းပေါ်မှာအလုပ်လုပ်နိုင်မယ့် App ကိုပါ ထပ်မံတွေ့ရှိလာတဲ့အခါ ကျွန်တော့်ရဲ့ လက်တွေ့စမ်းသပ်သုံးစွဲမှု - Hands On တွေကို ဒီဆောင်းပါးမှာ တင်ပြလိုက်ပါတယ်။ ( မှတ်ချက်။    ။ ဒီအစီအစဉ်ကိုကြည့်ရန် အင်တာနက်ဆက်သွယ်မှု လိုအပ်ပါသည် )

Sunday, December 21, 2014

အမေရိကားကို အသစ်ပြောင်းရွှေ့နေထိုင်သူ အကြောင်းတွေ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )

.
.
အမေရိကားကို အသစ်ပြောင်းရွှေ့နေထိုင်သူ - New Immigrant  အကြောင်းကိုသိချင်လို့ ကိုယ်ပိုင်မက်ဆေ့ကနေမေးလာတဲ့ မလင်းနန္ဒာကျော်ကို ဒီလိုဖြေပေးချင်ပါတယ်။
.
မိသားစုအကြောင်းပြု - Family Based ပြောင်းရွှေ့နေထိုင်ခွင့်ရှိသူအားလုံးကို အမေရိကားက New Immigrant  လို့ သတ်မှတ်ပါတယ်။ လာရောက်ခွင့်ရှိသူတွေကိုခေါ်ဖို့ ဒီနိုင်ငံကနေ “ ခေါ်နိုင်သူ - Petitioner ”  အတန်းအစား ( ၂ ) မျိုးခွဲထားပြန်တယ်။
.
ပထမ အမေရိကန်နိုင်ငံသားခံယူပြီးသား U.S. Citizen ကနေ
1.. အိမ်ထောင်ဖက် - Spouse
.
2.. သား သို့မဟုတ် သမီး
.
3.. မိဘ
.
4.. မောင်နှမသားချင်း တို့ဖြစ်ပြီး
.
.
ဒုတိယ Green Card ကိုင်ဆောင်သူ - A U.S Lawful Permanent Resident က
.
1.. အိမ်ထောင်ဖက်
.
2.. အိမ်ထောင်မကျသေးတဲ့ သား သို့မဟုတ် သမီး .. စတာတွေကို ခေါ်ဖို့ အမှုတွဲလျှောက်ခွင့်ရှိတယ်။
.
.
“ လာရောက်ခွင့်ရှိသူ ” တွေကိုလည်း ( ၂ ) အုပ်စု သတ်မှတ်ထားပြန်တယ်။ ( IR ) အုပ်စု နဲ့ ( F ) အုပ်စုလို့ ယေဘုယျ မှတ်ထားနိုင်ပါတယ်။ ( IR ) အရှည်ကောက်က Immediate Relative ကို ခေါ်တာဖြစ်ပြီး ( F ) က မိသားစု - Family First Preference စာသားကို ကိုယ်စားပြုတယ်။

Sunday, December 14, 2014

ဆက်ပြီးတွေးပေးကြပါ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
အလုပ်ကို အသစ်ဝင်လာသူတွေထဲမှာ မြန်မာပါတယ်ဆိုလို့ လေ့လာကြည့်မိတယ်။
.
တစ်နေ့မှာ သူနဲ့စကားပြောနေတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က မျက်နှာပျက်သွားလို့ နောက်ပိုင်းကျမှ “ စောနက စကားပြောနေတဲ့သူက မြန်မာမဟုတ်လား .. အလုပ်အသစ်ဝင်လာတာလေ။ စကားပြောနေရင်းနဲ့ ဘာလို့ မျက်နှာက တစ်မျိုးကြီးဖြစ်သွားရတာလဲ ? “ လို့ တိုးတိုးလေး .. မေးကြည့်လိုက်တယ်။
.
“ လူတွေက သူ့အကြောင်းမသိကြလို့၊ ကျွန်မက သူမှန်းသိကတည်းက မျက်နှာချင်းမဆိုင်ချင်တာကို တည့်တည့်ကြီးတိုးလို့ စကားလက်ခံပြောနေရတာ “ လို့ပြန်ပြောပါတယ်။ ဒါနဲ့ ကျွန်တော်စဉ်းစားတယ်။ လူလူချင်းပဲကွာ ပြီးတော့ မြန်မာတွေ ဆုံတွေ့ရတာပဲ ဘာလို့ စကားကောင်းကောင်းမပြောတာလဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးခွန်းတွေ မေးနေမိပါတော့တယ်။

ဘယ်နည်းလမ်းအမှန်လဲ ? ( ကား )

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
တစ်နေ့က အလုပ်မှာ မြန်မာအမျိုးသမီး ( ၂ ) ယောက်ပြောနေကြတာက ဒီလိုပါ။
.
အစ်မကြီး တစ်ယောက်ရဲ့ကားကို တစ်ခြားလူက ဝင်တိုက်ပါတယ်။ ဖြစ်ဖြစ်ချင်း အမေရိကန်မှာလုပ်နေကျအတိုင်း တိုက်သူရဲ့ Insurance ၊ ကားလိုင်စင်နံပါတ်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ် အကုန်လုံးတောင်းပါတယ်။ ပြီးတော့ အခင်းဖြစ်တဲ့နေရာမှာ တိုက်သူက ကောင်းကောင်းမွန်မွန်နဲ့ သူအားလုံးလျော်ပေးမယ့်အကြောင်း ပြောတယ်။
.
ဒီအခါမှာ အတိုက်ခံရသူ အစ်မကြီးက သူ့ကား ဘယ်မှာပြင်မယ်၊ ဘယ်တော့ပြင်မယ်ဆိုပြီး ချိန်းတော့ တစ်ဖက်က “ အေးအေးဆေးဆေး စိတ်တိုင်းကျလုပ်ပါ သူလာပြီးငွေရှင်းပေးပါ့မယ် “ ဆိုပြီး ပြောပါသတဲ့။
.
ကားပိန်နေတာကို မစောင့်လိုတဲ့ အဲဒီအစ်မကြီးက ကားဘော်ဒီရုံကိုရောက်တဲ့အခါ ဘယ်လောက်ကုန်ကျမယ်ဆိုတဲ့ Appraisal တောင်းပြီးတဲ့အခါ ကားတိုက်သွားသူကို ဖုန်းဆက်ပါတယ်။ တစ်ဖက်ကလူက “ ဘယ်လောက်ကျကျ ပြင်ထားလိုက်ပါ .. သူငွေလာရှင်းပေးမယ် “ လို့ပြောတော့ အစ်မကြီးက ကားဘော်ဒီရုံကို အလုပ်စလုပ်ဖို့ ပြောလိုက်ပါတယ်။

Saturday, December 13, 2014

12-13-14 နဲ့ GDP

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
( ၁၂ ) လပိုင်း၊ ( ၁၃ ) ရက်နေ့၊ နှစ်ထောင့် ( ၁၄ ) ခုနှစ်အတွက် အမှတ်တရအနေနဲ့ GDP အကြောင်း ရှင်းပြချင်ပါတယ်။ အမေရိကန်ဟာ တစ်ခုခုဆိုရင် ရေးကြီးခွင်ကျယ်လုပ်လွန်းတယ်လို့ လူပြောများကြတယ်မဟုတ်လား? နိုင်ငံတကာမှာပဲကြည့်ကြည့်၊ စီးပွားရေးမှာပဲကြည့်ကြည့် အပေါ်စီးကချည်းပဲလေ။ သူနဲ့ပြိုင်ဖက်ဆိုရင် သူကဦးဆောင်နိုင်ရင်ဦးဆောင်မယ်၊ မယှဉ်နိုင်တဲ့အခါမှာ စည်းရုံးသိမ်းသွင်းပြီး သူနဲ့ပူးပေါင်းဆောင်ရွက်စေတယ်။ ပြီးတော့ နေရာတကာ စံနှုန်း - Standard ဆိုတာကို ဦးစားပေးလွန်းတယ်။ အခုပဲကြည့်လေ မြန်မာလိုရေးရင် 13-12-14 ပေါ့။ ဒါပေမယ့် အမေရိကန်မှာ “ လ ” ကို ရှေ့ကရေးတယ်။ ဒါကြောင့် ဒီနေ့ 12-13-14 ဟာ စီနီယာရက်လှရက်စွဲ - Sequential Dates များစွာထဲက တစ်ရက်ဖြစ်ပါတယ်။
.
မြန်မာနိုင်ငံက သတင်းဖတ်သူအများစုဟာ တိုင်းပြည်တစ်ခုရဲ့ ဂျီဒီပီ ဆိုရင် အသားတင်ကုန်ထုတ်နိုင်မှုစွမ်းအား - GDP ကိုပြောမှန်းသိကြပါလိမ့်မယ်။ ဒါက စီးပွားရေးတိုးတက်နှုန်းကို လူတစ်ဦးချင်းပေါ်မှာတွက်တဲ့ စံနှုန်းတစ်ခုဖြစ်ပါတယ်။ သို့သော်လည်း နိုင်ငံချင်းကုန်သွယ်ဆက်ဆံတဲ့အခါ အဆင့်မှီတဲ့အရေးအသွင်းပါဝင်တဲ့ ရုံးသုံးအင်္ဂလိပ်စာကို သုံးစွဲပါမှ မိမိဖော်ပြလိုတာကို နိုင်ငံတကာက အလွယ်တကူ နားလည်နိုင်ပါလိမ့်မယ်။ ပြီးတော့ မိမိစီးပွားရေးက ဘယ်နိုင်ငံနဲ့ ချိတ်ဆက်အလုပ်လုပ်တယ်ဆိုတာပေါ်လည်း မူတည်ပြန်ပါတယ်။ ဒါတွေအားလုံးကို GDP – Good Documentation Practices နဲ့ ထိန်းထားပါတယ်။
.
.
ဥပမာ - အမေရိကားကိုရေးတဲ့အီးမေးမှာ ဒီနေ့လို တခုတ်တရရက်စွဲလှလေးကို 13-12-14 လို့ရေးရင် သူတို့ဘက်က နားလည်မှာမဟုတ်ပါဘူး။ ရက်စွဲကို ထိပ်ပိုင်းကစရေးချင်ရင် 13 December 2014 ( သို့မဟုတ် ) 13 Dec, 14 ( နောက်တစ်မျိုး ) 13 Dec, 2014 စသဖြင့်ရေးနိုင်ပါတယ်။

Wednesday, December 10, 2014

အရေးကြီးသတင်း

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
မကြာမီ နာရီအနည်းငယ်အတွင်းမှာ အင်အားအလွန်ကြီးမားတဲ့ မုန်တိုင်းဟာ ဆန်ဖရန်စစ္စကို Bay Area ရဲ့ မြောက်ဘက် - South Bay ကနေဝင်ရောက်တိုက်ခတ်ပါတော့မယ်။ ( ၁ဝ ) နှစ်အတွင်းမှာ အဆိုးဆုံးဖြစ်ရုံမက မြေပြိုခြင်း၊ ရေးကြီးခြင်းတို့အပြင် အပျက်အစီးကြီးမားမယ်လို့ ကြေငြာထားပါတယ်။
.
ပင်လယ်အော်ဒေသမှာရှိတဲ့ ကျောင်းအုပ်ချုပ်ရေးရုံးတွေအားလုံးက ကလေးများဘေးကင်းလုံခြုံရေးအတွက် မနက်ဖြန် ကြာသပတေးနေ့ ( 12-11-2014 ) အတွက် ကျောင်းအားလုံးကို ပိတ်လိုက်တယ်။ အခုညနေ ( ၇ ) နာရီ ဒီစာကို မရေးခင်လေးမှာပဲ ကျောင်းရုံးက မိဘတွေကို ဖုန်းဆက်ပါတယ်။ ကျွန်တော့ဖုန်းကို အသံသွင်းဖုန်းခေါ်ဆိုမှုကနေ ကလေးတွေ ကျောင်းပိတ်တဲ့အကြောင်း၊ အင်အားကြီးမုန်တိုင်းရှိတာကြောင့် နောက်တစ်ရက် သောကြာနေ့ကိုလည်း ကျောင်းဖွင့်ဖို့ မသေချာတဲ့အကြောင်း နဲ့ ပိတ်ဖြစ်ရင် ထပ်မံကြေငြာမှာဖြစ်တဲ့အကြောင်း ပြောဆိုသွားပါတယ်။
.
.
သားရဲ့ကျောင်းက ကျောင်းသားကို မှာလိုက်တဲ့စာရင်းက ဒီလိုပါ။

Saturday, December 6, 2014

ဆဲလ်ဖုန်းပေါ်မှာ အမေရိကန်ရေဒီယိုနားဆင်နိုင်ပါပြီ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
အင်္ဂလိပ်စာလေ့လာရင် ရေဒီယိုနားထောင်သင့်တယ်လို့ ကျွန်တော်မကြာခဏ အကြံပေးမိခဲ့တယ်။ တစ်နေ့ကို အနည်းဆုံး ( ၁ ) နာရီ ကားမောင်းရတဲ့ ကျွန်တော့်အဖို့ ကားထဲက ရေဒီယိုဟာ လက်လှမ်းမှီတဲ့ Instrument တစ်ခုပါပဲ။ တစ်နည်းအားဖြင့် ရေဒီယိုကလာတာကို လိုက်ဆို၊ လိုက်ပြောလုပ်နိုင်လို့ ကားဟာ ကျွန်တော့အတွက် စတူဒီယိုတစ်ခုပါပဲ။ မိသားစုနဲ့ ကလေးတွေ ပညာရေးကြောင့် အားလုံးကိုလက်လွှဲခဲ့ပြီး ရန်ကုန်ကို ပြန်ပြေးဖို့ဆိုတာကလည်း ချက်ချင်းမဖြစ်နိုင်ပါ။ အလုပ်နဲ့အိမ်၊ အိမ်နဲ့အလုပ်ဖြစ်နေတဲ့ဘဝမှာ ဘာကိုအကျိုးရှိအောင်လုပ်နိုင်ပါသလဲဆိုတာ ကျွန်တော်အကြိမ်ပေါင်းများစွာ စဉ်းစားမိတယ်။ ဒါကြောင့် ရောက်နေတဲ့နေရာမှာ အင်္ဂလိပ်စာ နဲ့ စကား အမြတ်ထုတ်ရမယ်လို့တွေးမိတယ်။
.
ကျွန်တော့်လိုအလုပ်လုပ်သူတွေကိုလေ့လာကြည့်တော့ သူတို့ရဲ့အင်္ဂလိပ်စာဟာ ရပ်တန့်နေတယ်။ တတ်မြောက်ပြီးသူတွေက ဆက်လေ့လာတာ မတွေ့ရသလို သိပ်မတတ်သေးသူတွေကလည်း ထမင်းစားအင်္ဂလိပ်စာရရင် အမေရိကားမှာ ရပ်တည်နိုင်ပြီထင်ကြတယ်။ ကျွန်တော်တစ်ယောက်တော့ ဒီလိုမတွေးဘူး။ စာဖတ်နိုင်အောင် အချိန်တွေရှာကြံတယ်။ အလုပ်က ကွန်ပျူတာမှာ သတင်းတွေဖတ်ကြည့်တယ်။ အင်တာနက်သုံးခွင့်မရှိတော့ သတင်းနားထောင်တယ်။ ဒီလိုနဲ့ သူများပြောတဲ့ အင်္ဂလိပ်စကားဟာ အမိမြန်မာနိုင်ငံက သင်ယူခဲ့တာနဲ့ ဒီမှာထမင်းရှာစားရခက်တယ်ဆိုတာ ကျွန်ေ်တ်ာသိမြင်လာပါတယ်။
.
တစ်ခြားသူတွေက ကားမောင်းရင်း သီချင်းအကျယ်ကြီးဖွင့်ကြတယ်။ နောက်ကားက ဟွန်းတီးတာ၊ ဘေးလူက စကားပြောတာ၊ နောက်ကရဲကားလိုက်လာလို့ လိုက်လာမှန်းမသိအောင် အကျယ်ကြီးကို ဖွင့်ကြတယ်။ အများနဲ့မတူ ကျွန်တော် အင်္ဂလိပ်ရေဒီယိုသတင်း စနားထောင်ကြည့်ကြည့်တယ်။

သင်သိထားသမျှ အားဆေးအကြောင်းနောက်ကွယ်က

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
ယခုနှစ်သစ် အပိုင်းအခြားရောက်လာတဲ့အခါ လူတွေဟာ ကျန်းမာရင်ပြီးရော ဘာမဆိုလုပ်မယ် ဆိုတဲ့ လူနေမှုပုံစံကို တွေ့လာရတယ်လို့ Business Insider ရဲ့ ယခုဆောင်းပါးကို အစချီထားပါတယ်။ လူနေမှုစတိုင်သစ်အတွက် အသုံးဝင်တဲ့နည်းလမ်း မြောက်များစွာထဲက အားဆေးနေ့စဉ်စားတာ ( Take A Daily Vitamin ) ဟာ အခုဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးပေးလာတဲ့အကြောင်းကို တင်ပြထားပါတယ်။
.
အားဆေးတစ်လုံးဟာ လူ့ခန္ဓာကိုယ်က လိုအပ်တာမှန်သမျှကို ဖြည့်စွမ်းပေးနေတယ်ဆိုတဲ့ အိုင်ဒီယာဟာ ဟုတ်သလိုလို ထင်စရာပါ။ ဆယ်စုနှစ်ပေါင်းများစွာ သုတေသနလုပ်ခဲ့တဲ့ တွေ့ရှိချက်များအရ အထွေထွေအားဆေး Multi-Vitamin ရဲ့ ဆောင်ရွက်နိုင်မှုအမူအကျင့်တွေကို ကောင်းကောင်းကြီး မျှတမှန်ကန်အောင် မဝေခွဲနိုင်ခဲ့ကြပါဘူး။ တစ်ချို့အားဆေးများဆိုရင် စွဲစွဲမြဲမြဲ သုံးစွဲသူရဲ့ ကျန်းမာရေးကို ကင်ဆာပေါင်းစုံ ဖြစ်နိုင်ခြေများတဲ့ ဇီဝခန္ဓာအဖြစ်သို့ မသိမသာတွန်းပို့ပေးနေတာကို စိတ်မကောင်းစွာ တွေ့ရှိလာရပါတယ်။
.
အမှန်က သင့်ခန္ဓာကိုယ်ဟာ ဗိုက်တာမင် A ၊ C ၊ E တို့ကို မလိုအပ်တော့တာ မဟုတ်ပါ။ အဆိုပါဓါတ်တွေသာမရှိရင် မိမိခန္ဓာကိုယ်ဟာ စားသောက်လိုက်တဲ့ အစားအစာတွေကို စွမ်းအင်အဖြစ်ပြောင်းလဲရာမှာ အခက်အခဲရှိရုံမက သွားတွေတောင့်တင်းဖို့ ကြွေသွားဖရိုရိုက် နဲ့ အဆစ်အမြစ်တွေကြားမှာ ချောဆီထိုးပေးတဲ့ အရွတ်အဆီတွေ မထုတ်လုပ်နိုင်တော့ပါဘူး။

Thursday, December 4, 2014

ခေတ်ကျောင်းသားတွေကို ယုံကြည်ဖို့အချိန်ရောက်ပြီ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
တစ်ကယ်လို့ အခုစာဖတ်နေသူဟာ ဆယ်ကျော်သက်အရွယ်ဆိုရင် လူငယ်လေးတွေမှာ အိမ်စာကို ကိုယ့်စမတ်ဖုန်းပေါ်မှာ ပြီးအောင်လုပ်ဖို့အခွင့်အရေးရှိနေပါပြီ။ နယူးယောက်လူငယ်တွေထဲက ( ၁၁ ) တန်း နဲ့ ( ၁၂ ) တန်းကျောင်းသားများဟာ “ သွားလေရာ အင်တာနက်လိုက်လို့ပါ  ” ဖြစ်နေတာမို့  စာသင်ခန်းမှာ သင်ခဲ့သမျှကို ဆဲလ်ဖုန်းပေါ်ကနေ အိမ်စာလုပ်ချင်ကြတယ်လို့ Business Insider ရဲ့ ကွန်ဖရင့်တစ်ခုမှာ ပြောပြကြပါတယ်။
.
သူတို့ဖုန်းတွေပေါ်မှာ အဓိကသုံးနေတာ ဘယ်လို App အမျိုးအစားတွေလဲ ဟု BI သတင်းစာကြီးက မေးကြည့်တဲ့အခါ ( စိတ်မရှိပါနဲ့ မိုက်ခရိုဆော့ဖ် ရေ .. ) Google Drive  ဟူ၍သာ အများစုက ဖြေကြပါတယ်။
.
“ ကျွန်တော်တို့ကျောင်းအတွက်တော့ ဒါဟာ အတော်ကြီးမားတဲ့ကိစ္စကြီးတစ်ခုပါ။ တော်တော်များများက Google Drive ပေါ်မှာ မှီခိုကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဘာသာရပ်တွေ နဲ့ အိမ်စာတွေကို လက်တွေ့အချိန်နဲ့အညီ အင်တာနက်မှာ တစ်ပြိုင်နက်တည်း လုပ်လို့ရတယ်လေ “ ဟု ကျောင်းသားတစ်ယောက်က ပြောပါတယ်။