ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ
My Blog List
Thursday, May 2, 2019
Ownership
ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
ခင်လျက်
ကိုညီညီ (တောင်ကြီး)
05-02-2019
Unicode Version:
"Ownership"
  "ဘယ်အရာတွေကိုလုပ်သင့်ပြီး တူညီတဲ့အမှားတွေထပ်မလုပ်မိစေဖို့ဘယ်လိုအကြံပေးမလဲ?" မယ်လင်ဒါဂိတ် က မေးလိုက်တယ်။ 
              "မင်းတို့ကမ႓ာပတ်ပြီး ဒါနရှင်လုပ်၊ သုတေသနပြု၊ လူတွေကိုကူညီတာသိပ်ကောင်းတယ်။ မယ်လင်ဒါ ရေ . . မင်းကိုအကြံတစ်ခုပေးရမယ်ဆိုရင် "ဒေသခံတွေကို ပိုင်ဆိုင်ခွင့်-Ownership ပေးရမယ်"
              "အဲဒီ Ownership ထဲမှာ တာဝန်ယူတတ်ခြင်း၊ ပြုပြင်မွမ်းမံတတ်ခြင်း နဲ့ ရေရှည်တည်တံ့အောင် ဆက်လက်လုပ်ဆောင်တတ်ခြင်းတို့ပါသပေါ့ကွယ်"
              "မင်းတို့ငွေနဲ့ထားခဲ့တဲ့ပရောဂျက်၊ မင်းတို့လုပ်အားနဲ့လှူခဲ့တဲ့ဝန်ဆောင်မှုတွေကို မင်းတို့ပြန်သွားတော့ အလဿဟမဖြစ်သွားစေဖို့ ဒေသခံတွေက _သူတို့ပိုင်တဲ့ပရောဂျက်-To See It As Their Project_ လို့ ခံယူထားအောင်လုပ်ပေးခဲ့လိုက်ပါ။ ဒါကို Ownership လို့ ခေါ်ပါတယ်" သမ္မတဟောင်း ဂျင်မီကာတာက ကမ႓ာပေါ်မှာ ဒုတိယအချမ်းသာဆုံးသူဌေးကြီး ဘီလ်ဂိတ်ရဲ့ဇနီး မယ်လင်ဒါဂိတ်ကို ဖောင်ဒေးရှင်းတစ်ခုမှာပြောခဲ့တဲ့မှတ်သားစရာစကားကိုဖတ်မိတော့ . .။
              ကျွန်တော်မလုပ်နိုင်တာကိုလုပ်နေတဲ့လူမှုအဖွဲ့အစည်းတွေ နဲ့ တစ်သီးပုဂ္ဂလအနုပညာရှင်တွေကိုလေးစားလွန်းလို့ အကြံတစ်ခုပေးချင်မိတယ်။ 
              #CleanYangon လှုပ်ရှားမှုအတွက်လုပ်အားပေးနေသူတွေကို တစ်ခုပြောပြချင်တယ်။ 
              "အမှိုက်ရှင်းပြီးသွားတဲ့လမ်း၊ တံတား၊ ‌မြောင်းတွေကို မူလပိုင်ရှင်ဖြစ်တဲ့ လမ်းသူလမ်းသားတွေကို ပြန်ပေးလိုက်ပါ" စည်ပင်သာယာကိုပေးရမှာ မဟုတ်ဘူးနော် . . ထပ်ပြောပါမယ်။ 
"လမ်း နဲ့ ‌မြောင်းတွေရှင်းပေးပြီးရင် အိမ်ရှင်တွေကို Ownership ပြန်ပေးလိုက်ပါ"
ခင်လျက်
ကိုညီညီ (တောင်ကြီး)
05-02-2019
Sunday, April 28, 2019
အက္ခရာစုံသူငယ်ချင်းများစွာ
ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
ကျွန်တော့မှာသူငယ်ချင်းမျိုးစုံရှိတယ်။ သူငယ်ချင်းတစ်မျိုးစီက ကျွန်တော့ကိုအတတ်ပညာတစ်ခုစီသင်ပေးတယ်။ ဒီအတွက်ကြောင့် အခွင့်အရေးတစ်ခုရတိုင်း သူငယ်ချင်းတစ်မျိုးစီကိုကျေးဇူးတင်နေပါတယ်။ ဘာအခွင့်မှမကြုံခဲ့ရင်တော့ အွန်လိုင်းပေါ်မှာစာရေးပြီးကျေးဇူးတင်လိုက်တယ်။
င သူငယ်ချင်းများ
ငယ်ငယ်တုန်းကသူငယ်ချင်းတွေ ကျွန်တော်နဲ့အဆက်အသွယ်ရှိတာသိပ်နည်းကုန်တယ်။ သူတို့အလုပ်သူတို့ရှုပ်နေရုံမက ကျွမ်းကျင်တဲ့နယ်ပယ်တွေကွာလာတော့ ငယ်ငယ်တုန်းကသူငယ်ချင်းတွေဟာ ဝေးမြဲဝေးနေခဲ့တယ်။
က သူငယ်ချင်းများ
ကျောင်းနေဘက်သူငယ်ချင်းတွေထဲက အသက်အပိုင်းအခြား (၃) ပိုင်းထဲမှာ အုပ်စု (၄) စု လောက်ကွဲပြားတယ်။ အပေါ်မှာပြောခဲ့သလို (၈) တန်းအထိပေါင်းခဲ့တဲ့ က သူငယ်ချင်းတွေနဲ့ပိုဝေးကွာကြတဲ့အပြင် (၉) တန်း (၁ဝ) တန်းက က သူငယ်ချင်းတွေနဲ့တော့အနည်းငယ်အဆက်အသွယ်ရှိသေးတယ်။ ဒါပေမဲ့ သက်တမ်းအရင့်ဆုံးနဲ့ ရင့်ကျက်မှုမရှိလာတဲ့ က သူငယ်ချင်းတွေကို ကောလိပ်မှာတွေ့ခဲ့တယ်။
သူတို့ဟာသူတို့ခေတ်ပညာတတ်တွေဖြစ်တယ် . . ပစ္စည်းဥစ္စာတွေပြည့်စုံကြတယ်ဆိုပေမဲ့ အခုလို အသက် (၅ဝ) နားကပ်လာတဲ့အထိ သားသမီးတွေရှေ့မှာအရက်သောက်ပြနေတုန်း၊ သူငယ်ချင်းတစ်ယောက်ကိုတွေ့ရင် ဝသလေး ပိန်သလေး နဲ့ ငယ်ကျိုးငယ်နာဖော်ကောင်းနေကြတုန်း။ ဒီ က သူငယ်ချင်းတွေနဲ့လည်း ကျွန်တော်ဝေးနေပါတယ်။
Friday, April 19, 2019
“The Golden Mean” Podcast
ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
                   ဒီစာကိုရေးဖို့ (၅) နှစ်စောင့်ရတယ်။ အရင် (၂ဝ၁၄) မှာရေးခဲ့တဲ့ဆောင်းပါးက “ကျွန်တော်တက်ချင်တဲ့ကျောင်း ကျွန်တော့သားတက်နေပြီ” အခုပြောချင်တဲ့ဝမ်းသာစရာကတော့ “ကျွန်တော်လုပ်ချင်တဲ့ Podcast ကျွန်တော့သားလုပ်နေပြီ” ဆိုတာပါပဲ။
          အမှန်က Podcast ဆိုတာကိုမြန်မာစာဖတ်သူတွေကိုမိတ်ဆက်ပေးဖို့အခါခါကြိုးစားခဲ့ဖူးတယ်။ ဒါပေမဲ့ အင်တာနက်ဟာ Facebook လို့မှတ်ယူထားတဲ့မြန်မာလူမျိုးကြားမှာ အသံဖိုင်ကိုပြန်ဖွင့်ပေးတဲ့ Mp3 ဖိုင်ဟာ ပြန်လည်လို့တိုးမပေါက်တာကြောင့် နောက်ပိုင်းမှာ Facebook LIVE ကိုသုံးပြီး ကျွန်တော်လုပ်ချင်တဲ့အသိပညာဖြန့်ဝေခြင်းတွေကိုဆက်လက်လုပ်ဆောင်နိုင်ခဲ့တယ်။
          အခု သားရဲ့ခေတ်ကိုရောက်တဲ့အခါ တင်မိုသီဆိုတဲ့သူ့သူငယ်ချင်းနဲ့တွဲပြီး (ယူနစ် ၂ဝ နီးပါးစီလောက်ယူထားတဲ့စာဖတ်ချိန်တွေမအားတဲ့ကြားက) Podcast လုပ်တယ်ဆိုတာသိရတော့ အားရဝမ်းသာဖြစ်လိုက်တာဗျာ။
          Swan နဲ့ Timothy တို့က “The Golden Mean” လို့နာမည်ပေးထားတဲ့ ဆွေးနွေးခန်း Podcast မှာ
သူတို့ရဲ့ကျောင်းသားဘဝအခြေအနေ
လက်ရှိဖြစ်ပျက်နေတဲ့အမေရိကန်နိုင်ငံရေးအကြောင်းတွေ
မိဘဘိုးဘွားတွေလာခဲ့တဲ့နိုင်ငံတွေရဲ့ဘာသာစကား (မြန်မာ၊ ဂျာမဏီ) တို့ရဲ့ရှုတ်ထွေးပုံတွေ
လူငယ်ထုစိတ်ဝင်စားတဲ့အားစကားသတင်းတွေ
လူမှုဆက်ဆံရေးနဲ့စိတ်ပညာအကြောင်းတွေ နဲ့
လူငယ်တို့ရဲ့စိတ်ဓါတ်နဲ့ပညာအပေါ်ထားသင့်တဲ့စိတ်ဓါတ်တွေအကြောင်းကို သူငယ်ချင်း (၂) ယောက် မတူတဲ့အမြင်တွေရဲ့အပြန်အလှန်ပြောဆိုကြတာ ခန့်မှန်းခြေ (၄၅) မိနစ်စီလောက်ကြာပါတယ်။
           ဒီလို Podcast တစ်ခုဖြစ်လာဖို့ အွန်လိုင်းစာမျက်နှာတစ်ခုလိုပါတယ်။ ဒါကို သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ ပက်ထရစ်ဖောင်း နဲ့ အင်ဆန်လီ တို့က ကုဒ်ရေးပေးတယ်။ စာမျက်နှာအတွက်အပြင်အဆင်ကို ဗင်နီယာကာရစ်ဆာ ဆိုတဲ့သူငယ်ချင်းကဆွဲပေးပါတယ်။
Sunday, April 7, 2019
နည်းလမ်းကျအောင် စကားကိုဆောင်
          လူသားတွေဟာ ပေါင်းသင်းဆက်ဆံတတ်တဲ့စကားပြောသတ္တဝါ-Social Animal လို့ လူသားအရင်းအမြစ်လေ့လာတဲ့ပညာရှင်တွေပြောတာ တမျိုးမမြင်လိုက်ပါနဲ့။ သတ္တလောကကြီးတစ်ခုလုံးမှာ လူသားလောက်ထက်မြက်တာ၊ လူသားလောက်တွေးခေါ်ကြံဆနိုင်တာ၊ လူသားတွေလောက် အမှားလုပ်နိုင်တာ ဘယ်သတ္တဝါမှ မရှိပါဘူး။ ကောင်းကောင်းဆိုးဆိုး အကြောင်းအကျိုးကိုလည်း ဒီလူသားတွေထဲကပဲ အမှားရှာလို့ အမှန်ပြန်တွေ့တဲ့သံသရာထဲမှာ ဆယ်ယူရရှိတဲ့သင်ခန်းစာက လူ့လောကကိုကောင်းကျိုးပေးဖို့အကြောင်းရင်းတွေ တဖန်ပြန်ဖြစ်လာပါတယ်။
          ကျွန်တော်တို့ဟာ မိမိတို့လိုချင်တဲ့အဖြေ နဲ့ ရလဒ်ကိုမျှော်လင့်ရင်း အကျိုးသက်ရောက်မယ့်စကားတွေကိုရွေးပြောကြတယ်။ ဒီအထဲမှာ မိမိကိုလေးစားလာစေဖို့အကြောင်းရင်းတွေပါမယ်၊ မိမိအလုပ်လုပ်နေတဲ့ပတ်ဝန်းကျင်မှာ အပြုသဘောဆောင်တဲ့အလုပ်ခွင်လေးတစ်ခုဖြစ်လာအောင် ပြုပြင်ပြောင်းလဲစေမယ့် စည်းရုံးလုပ်ဆောင်ရတဲ့စကားတွေလည်းထည့်ပြောကြပါတယ်။
          လူအုပ်စုကြီးနဲ့အလုပ်လုပ်တဲ့နေရာမှာ ခေါင်းဆောင်ဟာအရေးကြီးလှသလို သူ/သူမ ရဲ့ ခေါင်းဆောင်မှုအရည်အသွေးနောက်မှာ ဘယ်အခြေအနေမှာ ဘယ်လိုစကားပြောပြီး လူတွေကိုဘယ်လိုဦးဆောင်သလဲဆိုတာက ပဓာနကျနေပြန်တယ်။ ဒါကြောင့် ဒူးနေရာဒူး တော်နေရာတော်၊ ရင်လောက်မှန်းမှ ဒူးလောက်ကျ၊ ကျွဲကူးရေပါ ဆိုတဲ့ မြန်မာ့နည်း မြန်မာ့ဟန်စကားပြောနည်းတွေထက် မြန်မာနိုင်ငံအပြင်ရောက်မှသိခဲ့ရတဲ့စကားပြောနည်းတစ်ချို့ကိုပြောပြချင်ပါတယ်။
1.. Authoritarian-အာဏာရှင်ဆန်သော(စကားပြောနည်း)
          ခေါင်းဆောင်တစ်ယောက်က ဘယ်လောက်ပမာဏထွက်ကုန်ကို ဘယ်အချိန်မှာလိုချင်တယ်ဆိုတာ အမိန့်ပေးသလိုညွှန်ကြားနေပြီဆိုရင် အာဏာရှင်ဆန်တဲ့စကားပြောနည်းသုံးနေတယ်ဆိုတာ သိလိုက်ပါ။ ဒီလိုစကားပြောဖို့က လုပ်ဆောင်ပေးမယ့်သူတွေဆီမှာ အနည်းဆုံးတော့ ဒီခေါင်းဆောင်ကို လေးစားမှု၊ ချစ်ခင်မှု နဲ့ ယုံကြည်မှုတို့ စုပြုံတိုးဝှေ့နေဖို့လိုတာတော့ သတိထားကြပါ။
          “ရေဗူးပေါက်တာမလိုချင်ဘူး ရေပါတာပဲလိုချင်တယ်” ဆိုတာမျိုးက နောက်ဆုံးပေါ် Authoritarian Speech လို့တောင်ပြောရမလိုပါပဲ။ ဒီစကားပြောနည်းကိုသုံးတဲ့ခေါင်းဆောင်မှာ အာဏာတည်နေသ၍တော့ အလုပ်ဖြစ်နေပေမယ့် ဘေးထွက်ဆိုးကျိုးအနေနဲ့ ယုံကြည်မှုကျဆင်းနေတဲ့အသင်းအဖွဲ့တွေမှာဆိုရင် စည်းကမ်းဖောက်ပြီးလုပ်မယ့်သူတစ်ယောက်ထက်မကရှိနေမယ်ဆိုတာကို ကြိုသိထားရင်ရပါပြီ။  
Sunday, March 31, 2019
ကျွန်တော် Green Card သက်တမ်းတိုးခဲ့စဉ်က
          တစ်လောကမြန်မာ့ရုပ်ရှင်အကယ်ဒမီပေးပွဲကြောင့် အကယ်ဒမီသက်တမ်းမှာ အတိုဆုံးကျေးဇူးတင်စကားပြောခဲ့သူတစ်ယောက်ကို ပြန်သတိရမိတယ်။ “(၇) နှစ်ရှိပြီ” ဆိုတဲ့တစ်ခွန်းထဲပြောပြီးဆင်းသွားတဲ့ ဒါရိုက်တာအောင်ကိုလတ်ရဲ့ရင်တွင်းခံစားချက်ကို ဘယ်သူမှမရှင်းပြဘဲနဲ့ ကျွန်တော်ရလိုက်တယ်။ သူ့အချိန်တွေကို ဒီအကယ်ဒမီထဲနစ်ထားတာ (၇) နှစ်ကြာတယ်။ ဒါ သူ့ရဲ့ဘဝပဲ။ ဒီကြိုးစားမှုဟာ သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုဆိုတာ သိပ်သေချာပါတယ်။
          အခုကြည့်တော့သာ ဆောင်းပါးတို (၂) ပုဒ်ရေးတင်ရုံလေးတင် . . ဒီလိုရေးနိုင်ဖို့ အချိန် (၁ဝ) နှစ်ကြာပါတယ်။ ဒါဟာ ကျွန်တော့ဘဝဖြစ်ခဲ့တယ်။ ဒီစကားလုံးတွေဟာကျွန်တော့ရဲ့ရင်းနှီးမြှုပ်နှံမှုအစိတ်အပိုင်းတစ်ခုပါပဲ။
          မြန်မာတွေနိုင်ငံခြားထွက်ပြီး ဘဝရပ်တည်ကြတယ်။ တစ်ချို့ဆိုရင် လပိုင်းလောက်ကြိုးစားပြီး လက်ပန်းကျတယ်လို့ညည်းညူနေပေမဲ့ တစ်ချို့ကျတော့ ဆယ်စုနှစ်ချီပြီးကြာသော်မှ အားမလျှော့သေး၊ ဇွဲမကျသေး၊ အာရုံတွေရနေသေးတဲ့ အကောင်းမြင်စိတ်ဓါတ်ပိုင်ရှင်တွေရဲ့စိတ်ဓါတ်ခိုင်ခန့်မှုဟာသူတို့ရဲ့ဘဝပါပဲ။
          ကျွန်တော်ဟာ ကျောင်းတက်ရင်းတန်းလန်း မိဘလက်ငုတ်ရင်းဖြစ်တဲ့ကုန်သည်အလုပ်ကို တစ်ဖက်တစ်လမ်းကသင်ယူခဲ့သူပါ။ ဒီလိုရင်းနှီးမြှုပ်နှံမှုကနေ တစ်နေရာကနေတစ်နေရာပြောင်းဖို့ဖြစ်လာတော့အရာရာကိုတစ်ကနေပြန်စရတဲ့အခါတွေမှာ စိတ်သိပ်ပင်ပန်းရတယ်။ အဲဒီလိုနောက်တစ်နေရာမှာအခြေကျပြီလည်းဆိုရော ထပ်ပြောင်းလဲဖို့ဖြစ်လာ၊ ဒါနဲ့ နေသားကျနေတဲ့ ဒုတိယနေရာကနေ တတိယနေရာ၊ အခု စတုတ္ထနေရာအထိ ဆင့်ကာဆင့်ကာပြောင်းရွှေ့လာလိုက်တာ တစ်ခါတစ်လေ “ကျွန်တော့အိမ်” ဟာ ဘယ်တစ်ခုလဲလို့ပြန်မေးရလောက်အောင် ထင်ယောင်မြင်မှားဖြစ်ရတယ်။ ဒါဟာ ကျွန်တော့ဘဝပါပဲ။
          လူတစ်ချို့က သူတို့လက်လှမ်းမှီရာအိမ်နီးချင်းတိုင်းပြည်တွေမှာ ကိုယ်အား ဥာဏ်အားတတ်စွမ်းသ၍ ကိုယ်ကျိုးစွန့်အသက်မွေးဝမ်းကျောင်းကြတယ်။ တစ်ချို့ကျပြန်တော့ ပညာအထွဋ်အထိပ်ရောက်အောင် ငွေလမ်းခင်းပြီးလျှောက်ကြတယ်။ ဒီကနေ နောက်ထပ်တတိယနိုင်ငံကိုခုန်ကူးရင်း လမ်းစသစ်တွေဖောက်ထွက်ကြတယ်။ ဒီထဲမှာ ဘာအတတ်ပညာမှမပါလာပေမယ့် ခေါ်ယူခွင့်-Petition ရှိသူရဲ့ကူညီမှုတွေကြောင့် အမေရိကားရောက်လာသူတွေလည်းပါဝင်ကြပါတယ်။
          အကြောင်းအမျိုးမျိုးကြောင့်အမေရိကားရောက်လာသူတွေမှာ အရင်းခံအားဖြင့် လူ (၂) မျိုးခွဲလို့ရတယ်။ နိုင်ငံသားခံယူခွင့်-Neutralization ကိုစောင့်နေသူတွေကို ပထမအမျိုးအစား နဲ့ အမြဲတမ်းနေထိုင်ခွင့်-Alien Registration Number/Green Card ကိုသာကိုင်ထားပြီး နိုင်ငံသားခံယူခွင့်မလျှောက်သူတွေကို ဒုတိယအမျိုးအစားထဲမှာထည့်သွင်းပြီးဆွေးနွေးပြပါမယ်။
Wednesday, March 27, 2019
Super Bloom (သို့မဟုတ်) အမြန်လမ်း_(I-5) ပေါ်မှ ရောင်စုံပန်းရိုင်းရဂုံ
ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
          ဆန်ဖရန်စစ္စကိုပင်လယ်အော်ဒေသ-Bay Area ကနေ လော့အိမ့်ဂျလိစ်မြို့-L.A ကို သွားရာလမ်းမှာ အမြန်လမ်းတစ်ရာ့တစ်_US-101 နဲ့ အမှတ်(၅) အမြန်လမ်း_(I-5) ဆိုတဲ့ (၂) လမ်းထဲက (I-5) က လူအသွားအများဆုံးပါ။ အရှေ့ခရီးသွားဆောင်းပါးတွေမှာရေးခဲ့သလို (I-5) အလယ်မှာခြားထားတဲ့မြက်ခင်းတစ်ချို့နဲ့တစ်ဖက်တစ်ချက်မှာ ကား (၂) စီးမောင်းစာလမ်းလေးနဲ့ဖြစ်နေလို့ (၂ဝဝ၈) ခုနှစ်လောက်က မိတ္ထီလာ-မန္တလေးအမြန်လမ်းနဲ့ဆင်တူတယ်ဆိုတာ ကျွန်တော့မှတ်ဥာဏ်ကပြောပြနေတယ်။
          မတူတာက ကားလမ်းတွေရဲ့အဝေး မျက်စိတစ်ဆုံးမှာ ဘယ်လိုပင်ကြည့်လိုက်ကြည့်လိုက် လွမ်းစရာလုံးဝမရှိတဲ့တောင်ဂတုံးပုတုလေးတွေပါ။ ဒီတောင်ပုပုလေးတွေရဲ့ ဘာအပင်စိုက်စိုက်ဖြစ်ထွန်းမယ့်ပုံမပေါ်တဲ့တောတောင်အနေအထားက L.A ကိုမောင်းတိုင်း ရှမ်းပြည်သားကျွန်တော့အမြင်အာရုံကိုဆွဲဆောင်မထားနိုင်ပါဘူး။
          ဒီကြားထဲ ကျယ်ပြောလှတဲ့ကယ်လီဖိုးနီးယားပြည်နယ်တစ်ဝိုက်မှာ မီးက ခဏခဏလန့်တယ်။ တကယ်လောင်လိုက်ရင် အကြီးအကျယ် . .။ မြေဧကပေါင်းထောင်သောင်းချီဟာ ရက်ပိုင်းအတွင်း တောမီးရဲ့ဝါးမြိုခြင်းကိုခံရလေတယ်။ ဒီမြေတွေကြိုက်သလောက် လောင်၊ အရင်ကလည်း လောင်၊ မရှေးမနှောင်းလည်း လောင်၊ အခုလည်း လောင် . . ဒီလောက်မီးလောင်နေပေမဲ့ လူနေအိမ်ခြေတွေမထိသ၍ လူသားတွေကသိပ်အရေးလုပ်ပုံမရကြဘူး။
          ဟိုတစ်လောက ကမ္ဘာ့နာမည်ကြီးရုပ်ရှင်လောကသားတို့ငွေပုံအောဝယ်ယူထားကြတဲ့ မာလီဗူး-Malibu မြို့ တောင်ပတ်လည်တစ်ခြမ်းလောက်လောင်တော့မှ အူယားဖားယားဖြစ်လာပြီး သဘာဝအလှဟာ သဘာဝဘေးအန္တရာယ်အပြင် လူသားတွေပြုလုပ်တဲ့ပေါ့ဆမီးနဲ့ဆက်နွယ်ပေါင်းယှက်ကာ အကောင်းနဲ့အဆိုးကို ကြောင်းကျိုးဆက်နွယ်ယူဆောင်လာတတ်ကြတယ်ဆိုတာသတိထားမိလာကြတယ်။
          ဒီလို ကမ္ဘာမြေကအခမဲ့ပေးနေတဲ့မြေပေါ်မှာဘာမှစိုက်လို့မရမယ့်အတူတူ ဘဘာဝတရားက အပေါ်ယံမြေမှုန်ဆွေးတွေကို တောမီးနဲ့လောင်မြိုက်လိုက်တော့ အပေါ်ယံကျောက်သားလွှာမှာကပ်ငြိနေတဲ့အမြစ်တွယ်လို့မရတဲ့အပင်တွေအတွက် တောမီးက တောင်တွေကို အစစ်အမှန်စိုက်ပျိုးနည်းပညာနဲ့ဂတုံးတုံးပေးလိုက်ကြလေတယ်။ ဒီနှစ်မှာတော့ ဘယ်သူမှမကြေငြာရပဲ ကယ်လီဖိုးနီးယားပြည်နယ်တစ်ချို့မှာ ရောင်စုံပန်းခင်းလေးတွေနဲ့ ပန်းရိုင်းတွေပွင့်တဲ့တောရဂုံတောင်တန်းတွေ ပွင့်လန်းရင်းမျက်နှာပန်းလှလာကြတယ်။
             အလားတူအဖြစ်အပျက်မျိုးကို (၁၉၉၉) ၊ (၂ဝဝ၉) နဲ့ အနီးကပ်ဆုံး ပြီးခဲ့တဲ့ (၂ဝ၁၇) ခုနှစ်မှာ ဘဘာဝကသက်သေပြခဲ့တာကတော့ ကယ်လီဖိုးနီးယားရဲ့ခြောက်ကပ်တဲ့သဲကန္တာရဆန်ဆန်မြေဆီလွှာတွေကို ပေါက်ပြားနဲ့တူး၊ ချွန်းနဲ့ပေါက်လိုက်သလို မြေလှန်မိလျက်သားဖြစ်နေတဲ့အကြောင်းရင်းခံကတော့ မီးလောင်ပြီးစ ကမ္ဘာ့မြေအသစ်ပေါ်မှာ အကြီးအကျယ်မိုးရွာသွန်းမှုတွေရဲ့ဘုရားပေးတဲ့အကျိုးသက်ရောက်မှုဖြစ်ပါတယ်။
Friday, March 22, 2019
အမေရိကားက လှည့်စားတယ်
ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
          အမှန်ပါပဲ . . အမေရိကားက လှည့်စားတယ်။ အမေရိကားကိုရောက်လာတဲ့သူမှန်သမျှအလှည့်စားခံရတယ်။ လာရောက်သူတို့မူလနိုင်ငံရဲ့ပညာရေးကို သူတို့နိုင်ငံသင်နေကျအတိုင်းသင်မပေးဘူး . . သူတို့သင်ချင်သလိုသင်တယ်။ ဘယ်စာကိုမှအလွတ်မကျက်ခိုင်းတာ အဲဒါ လှည့်စားတာ။
          လာရောက်သူတို့မူလနိုင်ငံရဲ့စီးပွားရေးကို သူတို့နိုင်ငံအတိုင်းပေးမလုပ်ဘူး။ သူတို့ထင်ရင်ထင်သလို (၁) နာရီဘယ်နှစ်ဒေါ်လာဆိုပြီး ဈေးနှုန်းပိုပေးပစ်လိုက်တယ်။ တစ်ခြားနိုင်ငံတွေနဲ့စာရင် သူ့ဆီကိုလာကြပြီပေါ့ . . အစုလိုက်အပြုံလိုက်ကြီးရောက်လာကြတော့ အလှည့်စားခံရသူတွေများသထက်များပြီပေါ့။
          နောက်ရှိသေးတယ်။ အမေရိကားဟာ လာရောက်သူတို့ရဲ့ကိုးကွယ်ရာဘာသာအတိုင်း မကိုးကွယ်ခိုင်းဘူး။ သူ့မြေပေါ်လည်းရောက်ရော ကိုးကွယ်ချင်တာကိုးကွယ်၊ ဘာယုံကြည်သလဲ ကိုးကွယ်၊ ဘာမှမကိုးကွယ်လဲရတယ်လို့ပြောပြမထားဘူး။ ပြီးတော့ အမေရိကားရောက်လာတဲ့သူတိုင်း ဘယ်ဘာသာတရားကိုကိုးကွယ်ရမယ်လို့မသတ်မှတ်ပေးထားဘူး . . ဒါလှည့်စားတာမဟုတ်ရင် ဘာလဲ . .။
          ပြောရဦးမယ်။ လာရောက်သူတို့နိုင်ငံက ဘာသတင်းမှရေးမရတာကို အမေရိကားက ပေးရေးတယ်။ ဘာမှပြောလို့မရတာကို ပေးပြောတယ်။ ဘယ်လိုမှလူသိအောင်လုပ်ခွင့်မရှိတာကို ပုံနှိပ်ဖော်ပြလို့ရတယ်ဆိုတာကို ကြိုပြောမထားဘူး။ ဒီမြေပေါ်ရောက်မှ လုပ်ချင်ရာလုပ်ခွင့်ပေးလိုက်တာ ဒါ လှည့်စားတာပဲပေါ့။
Sunday, March 17, 2019
တွန်းသူမေ့ လဲသူသတိရဆဲ
ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
"တွန်းသူမေ့ လဲသူသတိရဆဲ (၁)"            
          လူမှုကွန်ယက်ပေါ်လာတဲ့နောက် အရင်က ခင်မင်ခဲ့၊ သိကျွမ်းခဲ့၊ ရင်းနှီးခဲ့သူတွေကိုပြန်တွေ့ရလို့ပျော်နေသူတွေကမ္ဘာမှာအများကြီးပါ။ သုံးစွဲနေသူတွေကိုမေးကြည့်လိုက်ရင် ပြန်ဆုံတွေ့ရလို့ပျော်တယ်လို့ပြောမယ့်သူတွေက ခန့်မှန်းခြေ (၉၁%) ကျော်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်ရည်ညွှန်းတဲ့လူတစ်ချို့အတွက် ကျန်တဲ့ (၉%) ဘက်ကနေပြီး ကျွန်တော့ဘဝမှတ်တိုင်အတွက် ဒီဆောင်းပါးကိုဆက်ရေးချင်ပါတယ်။
           ကျွန်တော်လူတစ်ချို့ကိုမတွေ့ချင်ပါဘူး . . တွေ့ဖို့မလိုလို့ပါ။ ဒီလိုဆိုတော့ ကျွန်တော်ကမမှတ်မိဘူးလားဆိုတော့ မဟုတ်ပါ . . မှတ်ဥာဏ်ထဲမှာမေ့လို့မရလို့တွေ့ဖို့မလိုတာပါ။ တိုက်ဆိုင်မှုရှိလာတိုင်း သူတို့အကြောင်းကိုမစဉ်းစားပဲနဲ့ခေါင်းထဲရောက်ရောက်လာတတ်တယ်။ မဖိတ်ခေါ်ပဲ ငယ်ဘဝကနာကျင်ခဲ့ရတဲ့ ချောင်ပိတ်နေတဲ့အခန်းငယ်လေးထဲ ကျွန်တော့ကိုမကြာခဏခေါ်သွားတတ်တယ်။ တကယ်တော့ ကလေးတစ်ယောက်ဘဝရဲ့ငရဲခန်းလို့လည်းပြောလို့ရပါတယ်။
            အခု အသက်ကြီးမှအမေရိကားရောက်လာသူတစ်ယောက်က ကျွန်တော့ကိုငယ်ငယ်တုန်းကစက်ဘီးနဲ့ကျောင်းလိုက်ပို့ပေးဖူးတယ်လို့ပြောပါတယ်။ အဖေ့ရဲ့လူလတ်ပိုင်းဘဝတုန်းက သူငယ်ချင်းတစ်ယောက်ပါ။ သူမှတ်မိနေတာက ကျွန်တော့ကလေးဘဝကိုကူညီပေးခဲ့ပုံ၊ ကျွန်တော်သူ့ကိုမှတ်မိနေတာက သူ့ကြောင့် ကလေးဘဝက ကျွန်တော်စိတ်ဒဏ်ရာရခဲ့ပုံ . . ဒီလိုယူဆပုံမတူတာကြောင့် တွေ့ဖို့မလိုအပ်သူတွေစာရင်းထဲမှာ သူ့ကို အနှစ် (၄ဝ) လောက်ကျွန်တော်ထားခဲ့လိုက်နိုင်ပါတယ်။
Saturday, March 16, 2019
(၂)
ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
လူ့ဘဝမှာ အချိန် (၂) မျိုးရှိပါတယ်။
သုံးမိတဲ့အချိန် နဲ့ မသုံးမိတဲ့အချိန်တို့ပါ။
သုံးမိတဲ့အချိန်မှာ အကျိုး (၂) မျိုှးရှိပြန်ပါတယ်။
မကောင်းတဲ့အလုပ်အတွက်သုံးမိတဲ့အကျိုး နဲ့
‌ကောင်းတဲ့အလုပ်အတွက်သုံးမိတဲ့အကျိုးတို့ပါပဲ။
မသုံးမိတဲ့အချိန်မှာ ရလဒ် (၂) မျိုးထပ်ခွဲလို့ရပါဦးမယ်။ မကောင်းတဲ့အလုပ်ကိုမလုပ်မိတဲ့ရလဒ် နဲ့
‌ကောင်းတဲ့အလုပ်ကိုမလုပ်မိတဲ့ရလဒ်တို့ဖြစ်ကြတယ်။
တိုးတက်တဲ့နိုင်ငံတွေမှာ
သူတို့ဘဝရဲ့အချိန်တွေကို
‌ကောင်းတဲ့နေရာမှာအသုံးချနိုင်သူတွေက
‌ကောင်းတဲ့အလုပ်ကိုလုပ်မိသူတွေရဲ့ရလဒ်တွေ
ပိုင်ဆိုင်ကြတော့ နိုင်ငံကတိုးတက်တယ်။
ဆင်းရဲတဲ့နိုင်ငံတွေမှာကျတော့
သူတို့ဘဝရဲ့အချိန်တွေကို
မကောင်းတဲ့နေရာမှာသုံးစွဲမိလိုက်မိကြတော့
မကောင်းတဲ့ရလဒ်ကိုရင်ဝယ်ပိုက်ရင်း
နိုင်ငံက ဆဲရင်း ဆဲရင်း နဲ့ ဆင်းရဲတွင်းနက်ကြတယ်။
ဒီ "(၂)" "ဂဏန်းကောင်" ဟာ
ပျားအုံမျိုးကို တုတ်နဲ့ထိုး
ပြည်တွင်းစစ်အိုးကိုမီးမွှေးတယ်။
ပါတီကြီး (၂) ခုဟာ မီးခိုးမွှန်‌လောက်အာင်
ပြည်သူကိုသိပ်ချစ်ဟန်ဆောင်တယ်။
မြန်မာဖောင့် (၂) မျိုးကို
‌ဇောက်ထိုးကြီးဖြစ်အောင်
လုံးထွေးညည်းတွားစေတယ်။
Tuesday, March 12, 2019
ဇော်ဂျီနှင့်တွေ့သွားသော Gboard-the Google Keyboard (Beta)
          (၂ဝ၁၈) ခုနှစ် စက်တင်ဘာလလောက်တုန်းက အမေရိကန်အနောက်ဘက်ခြမ်း ဆန်ဖရန်စစ္စကိုပင်လယ်အော်ဒေသ မြန်မာကွန်မြူနတီစင်တာက ကိုကျော်ကျော်စိုးရဲ့ဖိတ်ခေါ်မှုကြောင့် Google နဲ့တွေ့ဆုံခွင့်ရခဲ့တယ်။
           အစပထမတော့ Google Hangouts ကနေ အွန်လိုင်းအုပ်စု-Group Video Call စကားပြောရင်း သိချင်တာတွေမေးသမျှ ကိုယ်တို့ကလည်း သိသမျှကိုပြန်ဖြေခဲ့တယ်။ အဓိက Google ကသိချင်တာက မြန်မာတွေဘာကြောင့် ကမ္ဘာကလက်ခံနေတဲ့ယူနီကုဒ်ဖောင့်ကိုအသုံးမများလာပဲ ဇော်ဂျီဖောင့်နဲ့ဇော်ဂျီစာရိုက်လက်ကွက်ကို သုံးစွဲသူရာခိုင်နှုန်းဘယ်လောက်များသလဲဆိုတာလည်းပါသပေါ့ဗျာ။
         နောက်ပိုင်းမှာ လူချင်းတွေ့ဖို့ကျွန်တော်တို့အားတဲ့အချိန်ကိုချိန်းတဲ့အခါ San Francisco Bay Area မှာ မြန်မာအများစုအားထားရတဲ့ One Myanmar Community Center မှာတွေ့ဖို့ ကိုကျော်ကျော်စိုးကစီစဉ်တယ်။ ချိန်းဆိုတဲ့အချိန်ထက်စောရောက်တဲ့ကျွန်တော့နောက်မှာ Google က အင်ဂျင်နီယာတစ်ယောက်နဲ့မားကက်တင်းမန်နေဂျာတစ်ယောက်တို့ရောက်လာတယ်။
            နောက်တော့လိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်ပြီးသူတို့စမ်းသပ်နေတဲ့ဇော်ဂျီစာရိုက်လက်ကွက်ပါပြီးသား အင်းဒရိုက်ဖုန်း (၂) လုံးထုတ်ပေးပြီး သူတို့သိတဲ့စာကြောင်းတိုလေးတစ်ချို့ကိုစမ်းသပ်ရိုက်ခိုင်းတယ်။ လုပ်အားပေးလာရောက်သူတွေတစ်ယောက်ပြီးတစ်ယောက်ရိုက်သမျှကို သူတို့က ရုပ်သံရိုက်ဖို့နဲ့အသံသွင်းဖို့ ကျွန်တော်တို့ကိုခွင့်တောင်းတယ်။
Friday, March 8, 2019
ပိုင်းဝေနဲ့ပိုင်းခြေတို့ရဲ့ချစ်ခြင်း (π)
ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
          "π Day" ဆိုတာ သင်္ချာသင်္ကေတ "π" ကို မမေ့လျော့ရလေအောင် ကမ္ဘာအရပ်ရပ်မှာကျင်းပတဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ တိတိကျကျပြောရရင်တော့ သင်္ချာတို့ရဲ့ရှေးရိုးတီထွင်နိုင်ခဲ့မှုတွေထဲကတစ်ခုဖြစ်တဲ့ စက်ဝိုင်းတစ်ခုရဲ့ပတ်လည်အနားနဲ့အချင်းဝက်တို့ရဲ့အချိုးဖြစ်ပါတယ်။
          ဒါကို ထိပ်ဆုံးတွက်ချက်ပြီး ကိန်းသေတစ်ခုအဖြစ်သတ်မှတ်နိုင်ခဲ့သူက သင်္ချာ နဲ့အတွေးအခေါ်ပညာရှင် အာခိမိဒီးစ်-Archimedes ဖြစ်ပါတယ်။ ဒီကိန်းဂဏန်းရဲ့ထူးခြားချက်က Rounding-အနားမလုံးသမျှအဆုံးမသတ်နိုင်တဲ့ဆက်တန်းရှည်ကိန်းတစ်ခုဖြစ်နေတာပါ။
          ဒါကို အတိုကောက်လိုက်တော့ အနီးစပ်ဆုံးကိန်းပြည့်နဲ့ဒဿမ (၂) လုံးကိုယူလိုက်ရင် "3.14" ရတာကြောင့် အင်္ဂလိပ်လို မတ်လ (၁၄) ရက်နေ့ကို "ပိုင်နေ့-π Day (ဖိုင်ဒေး)" ဆိုပြီး ကျင်းပနေကြတာဖြစ်ပါတယ်။
         ဆန်ဖရန်စစ္စကိုပြတိုက်တစ်ခုရဲ့မှတ်တမ်းအရ ဒီလိုသင်္ချာအမှတ်တရနေ့ " π Day" ကို (၁၉၈၈) ခုနှစ်မှာ အမေရိကန်ရူပဗေဒပညာရှင် လောရင့်အင်ရှောက စာလုံးထွင်းမှတ်တမ်းတင်ထားခဲ့တယ်လို့သိရပါတယ်။
Sunday, March 3, 2019
တောင်ကြီးနှင့်ဆုံတွေ့သွားသောလူများ
ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
          အင်္ဂလိပ်ကဗျာဆရာကြီး ဝီလျံဘလိတ် - William Blake ရေးတဲ့ "Great things are done when men and mountains meet." ဆိုတဲ့စာသားလေးဟာတိုပေမယ့် ကျွန်တော့ရဲ့အတွေးရေယဉ်မှာရှည်ကြာစွာမျှောနေပါတယ်။ ကဗျာရဲ့ လို-တို-ရှင်း ဆိုလိုရင်းက "တောင်ကြီးနဲ့လူ တွေ့တဲ့အခါမှာ အလုပ်ပြီးတယ်" ဆိုပေမယ့် ကမ္ဘာကျော်ကဗျာဆရာက ဒီလောက်လေးကိုရည်ညွန်းဟန်မတူပါဘူး။
          လူတွေဟာပြေလည်မှု နဲ့ ချောင်လည်မှုတို့နဲ့အသားကျလွယ်တဲ့သတ္တဝါမျိုးပါ။ ပြေလည်နေသ၍ အခက်အခဲနဲ့မကြုံချင်ဘူး။ ချောင်လည်နေသ၍အနာဂါတ်အတွက်ရင်းနှီးမြှုပ်နှံပြီးအလုပ်မလုပ်ချင်ဘူး။ ဒါဆိုရင် တောင်မြင့်၊ တောင်ကုန်း၊ တောင်တန်း၊ တောင်ကမူတွေနဲ့ဆုံတွေ့သွားတဲ့သူတွေက ဘယ်လိုလူတွေပါလဲ?
          သေချာတာတစ်ခုကတော့ ဒီလူတွေဟာ အခက်အခဲတွေကို စိတ်ဓါတ်ခိုင်ခိုင်မာမာနဲ့ဖြတ်သန်းခဲ့ကြသူတွေပါ။ ဒီထဲမှာ ဒဏ်ရာအနာတရထိခိုက်မိသူတွေပါမယ်၊ သွေးထွက်သံယိုဖြစ်ခဲ့သူတွေပါမယ်၊ မတော်တဆခြေချော်လဲခဲ့သူတွေပါမယ်၊ ဒီလိုနဲ့သူတို့လက်လျှော့သွားရောလား? လက်လျှော့ပြီးလမ်းတစ်ဝက်ကလှည့်ပြန်ဆင်းလာသူမှန်သမျှ တောင်ထိပ်ကိုမရောက်နိုင်ပါ။ ခရီးအဆုံးကိုမတက်လှမ်းနိုင်ပါ။ အောင်မြင်မှုကိုရလာမယ် မဟုတ်ကြပါ။
          ဒါကြောင့် ဒီကဗျာဆရာက အခက်အခဲကိုကြုံဖူးမှ လူသားပီသတယ်လို့ဆိုလိုဟန်တူပါတယ်။ ကဗျာဖြစ်တာကြောင့် စာတစ်ပုဒ်လုံးရေးပြမှသဘောပေါက်မယ့်စာစုကို စာတစ်ကြောင်းထဲပါအောင်ရေးနိုင်တယ်။ ဒီလိုပါပဲ အောင်မြင်အောင်လုပ်ပြတတ်တဲ့လူသားတွေဟာလည်း ဒီလိုအခက်အခဲတောင်ကုန်းကိုဘယ်လိုတက်လှမ်းဖြတ်သန်းရမယ်ဆိုတာကိုသိတာသေချာလှပါတယ်။
ခင်လျက်
ကိုညီညီ (တောင်ကြီး)
03-03-2019